backup og meta

သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးနိုင်မယ့် အချက်(၇)ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးနိုင်မယ့် အချက်(၇)ချက်

    မိမိရင်သွေးလေးတွေကို ထူးချွန်ထက်မြက်တဲ့ ကလေးငယ်လေးတွေအဖြစ် ကြီးပြင်းလာစေချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိကြမှာပါ။ ကလေးတစ်ယောက် ဉာဏ်ရည်ဉာဏ်သွေးကောင်းဖို့ဆိုတဲ့နေရာမှာ မျိုးဗီဇကတော်တော်လေးကို သက်ရောက်မှုရှိတယ်ဆိုပေမယ့် အာဟာရပြည့်ဝအောင်ကျွေးမွေးပေးတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ မထိတွေ့မိအောင်ကာကွယ်ပေးတာ၊ ကလေးကို ကစားချိန်များများပေးတာ၊ မှတ်ဉာဏ်တိုးတက်စေမယ့်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးတာကလည်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုတော်တော်လေးအထောက်အကူပြုနိုင်ပါတယ်။

    ကလေးငယ်ရဲ့ ဦးနှောက်ကဘယ်လိုဖွံ့ဖြိုးတာလဲ

    ကလေးငယ်ဟာ အသက် ၄ နှစ်မပြည့်ခင်မှာကို ဦးနှောက်ကတော်တော့်ကို ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ တကယ်တော့ ကလေးဟာ မူကြိုမတက်ခင်မှာတင် ကလေးဦးနှောက်က ၉၀ ရာခိုင်နှုန်းအထိဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ ဒီအချိန်က ကလေးငယ်ကိုတစ်ခုခုသင်ကြားပေးနိုင်ဖို့အကောင်းဆုံးအချိန်လို့လည်းဆိုရပါမယ်။

    ဒါပေမယ့်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အသက် ၄ နှစ်မှာရပ်တန့်သွားတာတော့မဟုတ်ပါဘူး။ ကလေးငယ်လေးတွေရဲ့ဦးနှောက်က ကလေးဘဝတစ်လျှောက်လုံးကနေ အရွယ်ရောက်တဲ့အချိန်အထိ အဆက်မပြတ်ဖွံ့ဖြိုးနေတာဖြစ်ပါတယ်။

    ကလေးဦးနှောက်ကို ကျန်းကျန်းမာမာနဲ့ဖွံ့ဖြိုးတိုးတက်စေမယ့်နည်းလမ်းများ

    (၁) ကလေးနဲ့ မျက်လုံးချင်း ဆက်သွယ်ပေးပါ

    ကလေးနဲ့ အကြည့်ချင်းဆိုင်ပြီး မျက်လုံးချင်းဆက်သွယ်ပေးတာက ကလေးမျက်လုံးကြွက်သားတွေကိုဖွံ့ဖြိုးအောင် အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင်ကလေးကို အနာဂတ်မှာ မျက်လုံးပြဿနာတွေခံစားရနိုင်ခြေကနေ ကင်းဝေးစေနိုင်ပြီး မျက်နှာတွေကို မှတ်မိစေအောင်လည်း အထောက်အပံ့ပေးပါတယ်။ မိဘနဲ့သားသမီးကြား ခံစားချက်တွေနွေးထွေးစေပါတယ်။ ကလေးနဲ့ မျက်လုံးချင်းဆုံပြီး စကားစမြည်ပြောပေးတာက ကလေးငယ်ကိုပြဿနာတွေဖြေရှင်းစေနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုလည်းတိုးစေပြီးခေါင်းဆောင်နိုင်စွမ်းရည်ကိုလည်းရရှိစေနိုင်မှာပါ။

    (၂) ကလေးကိုကြင်ကြင်နာနာထွေးပွေ့ပေးပါ

    ကလေးတစ်ယောက် ဂျီကျနေတဲ့အခါမျိုးမှာဖြစ်ဖြစ် ဗိုက်ဆာလို့ငိုနေတဲ့အခါမျိုးမှာဖြစ်ဖြစ် ကလေးကိုကိုယ်လက်သန့်စင်ပေးပြီး ကလေးကို ညင်ညင်သာသာအသံလေးနဲ့ချော့မြူရင်း ကြင်ကြင်နာနာလေးထွေးပွေ့ပေးပါ။ ကလေးကိုကြင်ကြင်နာနာဆက်ဆံပေးတာက မိဘနဲ့သားသမီးကြား ဆက်သွယ်မှုနဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် ထိရောက်မှုရှိစေပါတယ်။

    (၃) မိခင်နို့ပဲတိုက်ပါ

    မိခင်နို့တိုက်ကျွေးတဲ့ ကလေးငယ်တွေက ဉာဏ်ပိုကောင်းတတ်ပါတယ်။ ဓါတ်မတည့်မှုဖြစ်နိုင်ခြေနည်းသလို ဖျားနာတာမျိုးလည်း သိပ်မရှိပါဘူး။ သင်ယူမှုပိုင်းမှာ ပိုအားကောင်းလာစေပါတယ်။ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် မြင့်မားတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်းကောင်းကောင်းထိန်းသိမ်းနိုင်စွမ်းရှိကြပါတယ်။ ကလေးတွေကို အသက် ၃ နှစ်ထိ နို့တိုက်သင့်တယ်လို့ ဆရာဝန်နဲ့ တတ်သိနားလည်သူတွေက အကြံပြုထားကြပါတယ်။

    (၄)သီချင်းနားထောင်ခိုင်းပါ

    ကလေးတွေကို သီချင်းမြူးမြူးလေးတွေနားထောင်ခိုင်းတာကကျောင်းစာသင်ယူမှုကိုပိုမိုကောင်းမွန်စေနိုင်သလို အသက်ကြီးလာတဲ့အခါ အနုပညာခံစားနိုင်စွမ်းကိုလည်း ပိုတိုးစေနိုင်တယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ ဒါပေမယ့်လည်း အရမ်းနားဆူတဲ့သီချင်းတွေကတော့ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးကိုကျဆင်းစေနိုင်ပါတယ်။ ကလေးကိုသီချင်းဖွင့်ပေးထားပြီး ကစားစေတာက မှတ်ဉာဏ်တိုးတက်စေနိုင်ပြီး သင်ယူမှုကိုလည်းပိုမိုအားကောင်းစေမှာဖြစ်ပါတယ်။

    (၅) ကလေးတွေရဲ့ တီဗွီကြည့်ချိန်ကိုလျှော့ချပါ။

    ကလေးတွေရဲ့ တီဗွီကြည့်ချိန်နည်းနိုင်သမျှနည်းအောင်စီစဉ်ပါ။ တီဗွီမကြည့်ဖြစ်လေလေ ကလေးတွေရဲ့ ကျောင်းစာပိုင်းမှာ လုပ်ဆောင်မှုကောင်းလေလေပါ။ အပြုအမူပိုင်းဆိုင်ရာပြဿနာတွေနည်းလေလေပါ။ တီဗွီကြည့်ချိန်များတာက ကလေးနဲ့ မိဘကြားမှာထိတွေ့မှုနည်းစေပြီး ကလေးတွေကို အကျင့်ဆိုးတွေဖြစ်စေနိုင်ပါတယ်။ တီဗွီအပြင် ငြိမ်အောင်ဆိုပြီး ကွန်ပျူတာတွေ၊ tabletsတွေ၊ ဖုန်းတွေပေးသုံးတာမျိုးလည်း ပါပါတယ်။

    (၆) အစားအသောက်တွေနဲ့ ကစားခွင့်ပေးလိုက်ပါ

    ကလေးတွေကိုလက်နဲ့စားခွင့်ပေးလိုက်ပါ။ လက်ကိုတော့ သန့်စင်နေအောင်ဆေးပေးထားဖို့လိုပါတယ်။ အသက် ၄ နှစ် နဲ့ ၆ နှစ်အရွယ် ကလေးတွေကကောင်းကောင်းမဖွံ့ဖြိုးသေးတာကြောင့် ဇွန်းနဲ့ခရင်းနဲ့စားဖို့ဆိုတာက ကလေးတွေအတွက်သိပ်မလွယ်ကူလှပါဘူး။ အစားအသောက်တွေကို လက်နဲ့ပေးကိုင်ခြင်းဖြင့် ကလေးတွေအနေနဲ့ အစားအသောက်တွေရဲ့ သဘောသဘာဝကိုနားလည်သွားပြီး ဘယ်လိုစားရမလဲဆိုတာကိုလည်းသိသွားမှာဖြစ်သလို မျက်လုံးနဲ့လက်ကိုလည်းဟန်ချက်ညီအောင်လှုပ်ရှားနိုင်သွားမှာဖြစ်ပါတယ်။ အစားစားနေတဲ့အချိန်မှာ ကလေးကိုပျော်ရွှင်စေမယ့် အပြုအမူတွေနဲ့ပြောဆိုမှုလေးတွေလုပ်ပေးဖို့လည်းမမေ့ပါနဲ့။

    (၇) ကလေးကို အကျိုးသင့်အကြောင်းသင့်ရှင်းပြပေးပါ

    ကလေးတွေက ငယ်သေးရင်တောင်မှာပြောပြနေတဲ့ စကားတွေကိုနားလည်နိုင်စွမ်းရှိနေတတ်ပါတယ်။ ကလေးတွေကို ကိစ္စတစ်ခုချင်းစီရဲ့ အကြောင်းအကျိုးကိုသေသေချာချာနားလည်အောင်ရှင်းပြပေးတာကလည်း ကလေးတွေကိုကြောင်းကျိုးဆင်ခြင်နိုင်စေပါတယ်။ ကလေးကို ဘယ်အပြုအမူတွေကတော့ကောင်းတယ်၊ ဘာတွေကတော့မကောင်းဘူး။ စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုတာမျိုးကိုသေသေချာချာရှင်းပြပေးဖို့လိုပါမယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ကလေးဆိုးလေးတွေမဖြစ်လာအောင် ပျိုးထောင်ပေးပြီးသားဖြစ်သွားပါလိမ့်မယ်။

    အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေအတိုင်း ဖေဖေမေမေတို့ လိုက်လုပ်ကြည့်ပြီး ရင်သွေးတွေကို ဦးနှောက်ဖွံ့ဖြိုးပြီး ဉာဏ်ထက်မြက်တဲ့ ကလေးတွေအဖြစ်ပျိုးထောင်နိုင်ကြပါစေနော်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement