backup og meta

“ပရုတ်အေး၊ တောင်ကြီးပဲလှော် စတာတွေနဲ့ မတည့်တဲ့ရောဂါ (သို့) G6PD အင်ဇိုင်း ချို့တဲ့ခြင်း"

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Kaung Thar မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    “ပရုတ်အေး၊ တောင်ကြီးပဲလှော် စတာတွေနဲ့ မတည့်တဲ့ရောဂါ (သို့) G6PD အင်ဇိုင်း ချို့တဲ့ခြင်း"

    G6PD ချို့တဲ့ခြင်းဆိုတာ ဘာလဲ။

    G6PD ဆိုတာ Glucose 6 Phosphate Dehydrogenase ဆိုတဲ့ အင်ဇိုင်းကို အတိုကောက်ခေါ်တာဖြစ်ပြီး ဒီအင်ဇိုင်းက သွေးထဲမှာရှိတဲ့ သွေးနီဥတွေ ကောင်းကောင်းအလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

    G6PD ချို့တဲ့တဲ့ရောဂါက ရှားပါးတဲ့ရောဂါတစ်ခုမဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ G6PD အင်ဇိုင်းချို့တဲ့မှုကို ခံစားနေရတဲ့ လူပေါင်း သန်း ၄၀၀ ခန့်တောင်ရှိပြီး မြန်မာနိုင်ငံမှာလည်း အများအပြားရှိပါတယ်။

    G6PD ချို့တဲ့မှုဟာ မျိုးရိုးလိုက်တဲ့ အဖြစ်အများဆုံးသော သွေးနီဥအင်ဇိုင်းချို့တဲ့ရောဂါတစ်ခုဖြစ်ပြီး အမျိုးသားတွေမှာ ပိုပြီးအဖြစ်များပါတယ်။

    G6PD က ဘယ်လောက်အရေးပါလဲ။

    ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ကောင်းကောင်း အလုပ်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးနီဥလေးတွေက သယ်ဆောင်ပြီး ခန္ဓာကိုယ်အနှံ့ကို ပို့ပေးရပါတယ်။ ဒီလိုပို့ဆောင်ပေးတဲ့အလုပ်ကို ကောင်းကောင်းလုပ်နိုင်ဖို့ သွေးနီဥလေးတွေအတွက် G6PD အင်ဇိုင်းက အကူအညီပေးသလို အကာအကွယ်လည်းပေးပါတယ်။

    G6PD အင်ဇိုင်းချို့တဲ့ချိန်မှာတော့ သွေးနီဥလေးတွေ ဖျက်ဆီးခံရပြီး အသစ်ပြန်မထုတ်နိုင်တာကြောင့် သွေးအားနည်းရောဂါဖြစ်လာနိုင်ပါတယ်။

    G6PD ချို့တဲ့ခြင်းကို ဘာတွေက ဖြစ်စေတာလဲ။

    G6PD ချို့တဲ့တာဟာ မိဘတွေဆီက မျိုးရိုးဗီဇ လက်ဆင့်ကမ်းပြီး ရရှိလာတာဖြစ်ပါတယ်။ မိဘ တစ်ပါး ဒါမှမဟုတ် နှစ်ပါးလုံးဆီကလည်း ဖြစ်နိုင်ပါတယ်။ အဲ့လိုမျိုး လက်ဆင့်ကမ်းခြင်းအတွက် အဓိကတာဝန်ရှိတာကတော့ X ခရိုမိုဇုန်းဖြစ်ပါတယ်။

    ရောဂါလက္ခဏာဘယ်လိုပြလဲ။

    G6PD အင်ဇိုင်းချို့တဲ့နေတဲ့ ကလေးတွေမှာ ပုံမှန်အားဖြင့်တော့ လက္ခဏာပြနေတာမျိုးမရှိပါဘူး။ သူတို့ရဲ့ သွေးနီဥလေးတွေနဲ့ တခြားလှုံ့ဆော်ပေးတဲ့အရာတွေ ထိတွေ့မိမှသာ လက္ခဏာတွေ ပြလာနိုင်ပါတယ်။

    ဘယ်လိုမျိုးလှုံ့ဆော်တဲ့အရာတွေလဲဆိုရင် _

    • ဖျားနာခြင်း ( ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးဝင်ခြင်း )
    • တချို့ အကိုက်အခဲပျောက်ဆေးများ၊ ဒါမှမဟုတ် အဖျားကျဆေးများ
    • တချို့ ပဋိဇီဝဆေးများ ( အထူးသဖြင့် နာမည်မှာ “sulf” လို့ပါတဲ့ဆေးများ )
    • တချို့ ငှက်ဖျားဆေးများ ( အထူးသဖြင့် နာမည်မှာ “quine” လို့ပါတဲ့ဆေးများ )

    တချို့ကလေးတွေမှာ ဒီဆေးအမျိုးအစားတွေကို အတိုင်းအတာအနည်းငယ်လောက်ထိ ခံနိုင်ရည်ရှိနိုင်ပေမယ့် တချို့မှာတော့ လုံးဝမခံနိုင်တာမျိုးတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် နားလည်တတ်ကျွမ်းတဲ့ ဆေးဝါးပညာရှင်၊ ဒါမှမဟုတ် ဆရာဝန်နှင့် အရင်ဆုံးတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ဆေးဝါးတွေအပြင် တခြားအရာတွေကလည်း G6PD အင်ဇိုင်းချို့တဲ့မှုရှိနေတဲ့ ကလေးတွေအတွက် အန္တရာယ်များပါတယ်။ ဥပမာ တောင်ကြီးပဲလှော်၊ ပဲကြား နှင့် တချို့သွားတိုက်ဆေး၊ပရုတ်လုံးတွေမှာ သုံးတဲ့ ပရုတ်အေးအမျိုးအစားတွေကို မတော်တဆ စားမိရင်ပဲဖြစ်ဖြစ်၊ ထိမိကိုင်မိရင်ပဲ ဖြစ်ဖြစ် ရောဂါလက္ခဏာတွေ ပြလာနိုင်ပါတယ်။

    လက္ခဏာလုံးဝမပြတာလည်း ဖြစ်နိုင်သလို အရမ်းဆိုးဝါးလာတဲ့အခါမှာ အခုလို သွေးအားနည်းရောဂါရဲ့ လက္ခဏာမျိုးပြလာနိုင်ပါတယ်။

    • အသားအရောင် ဖျော့တော့နေခြင်း ( အသားအရောင်ညိုတဲ့ကလေးတွေမှာဆိုရင်တော့ နှုတ်ခမ်းတို့၊ လျှာတို့မှာ ပိုသိသာနိုင်ပါတယ်)
    • ပင်ပန်းနွမ်းနယ်ခြင်း
    • နှလုံးခုန်မြန်ခြင်း
    • အသက်ရှူမြန်ခြင်း
    • အသားဝါခြင်း၊ အထူးသဖြင့် မွေးကင်းစကလေးများ
    • သရက်ရွက်ကြီးခြင်း
    • ဆီးအရောင်ရင့်ခြင်း

    လှုံဆော်ပေးတဲ့အရာတွေမရှိတော့ရင်တော့ လက္ခဏာတွေက ရက်သတ္တပတ်အတွင်း သူ့ဘာသာ တဖြည်းဖြည်း ပြန်လည်သက်သာသွားနိုင်ပါတယ်။ ခန္ဓာကိုယ်ကလည်း သွေးနီဥအသစ်တွေဆက်ထုတ်နိုင်သေးတယ်ဆိုရင် သွေးအားနည်းလက္ခဏာတွေကလည်း ပြန်ကောင်းသွားမှာပါ။

    လက္ခဏာတွေက သိပ်မဆိုးဘူးဆိုရင် ဆေးကုသမှုလိုလေ့မရှိပါဘူး။ တကယ်လို့ လက္ခဏာတွေ သိပ်ကိုဆိုးရွားနေရင် ဆေးရုံတင်ပြီး ဆေးကုသမှုခံယူဖို့လိုအပ်ပါလိမ့်မယ်။

    ရောဂါရှာဖွေခြင်း နှင့် ဆေးကုသခြင်း

    များသောအားဖြင့် ကလေးတွေမှာ လက္ခဏာမပြမချင်း G6PD ချို့တဲ့နေကြကြောင်း မသိရှိကြပါဘူး။ ဆရာဝန်က သံသယရှိလို့ သွေးစစ်ကြည့်မှ G6PD အင်ဇိုင်းချို့တဲ့နေကြောင်း သိရတာများပါတယ်။

    တကယ်လို့ မိသားစုထဲမှာ G6PD အင်ဇိုင်းချို့တဲ့တာ မျိုးရိုးရှိတယ်ဆိုရင် သင့်ကလေးကို သွေးစစ်ကြည့်လိုက်တာ စိတ်ချရပါတယ်။

    လက္ခဏာတွေကို ကုသရာမှာတော့ လက္ခဏာတွေပေါ်လာစေတဲ့ လှုံ့ဆော်ပေးတဲ့အရာတွေကို ဖယ်ရှားရတာပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုရင် ဖျားရင် ဒါမှမဟုတ် ရောဂါပိုးဝင်ရင် ဒီအဖျားကို ပျောက်အောင်ကုပါ။ ဒါမှမဟုတ် ဆေးကြောင့်ဖြစ်နေတယ်ဆိုရင် အဲ့ဆေးကို ရပ်လိုက်ပါ။ ဒါပေမယ့် သွေးအားနည်းရောဂါအရမ်းဆိုးရွားနေတဲ့ကလေးကိုတော့ ဆေးရုံမှာ အောက်ဆီဂျင်ပေးတာ၊ သွေးသွင်းတာတို့နဲ့ သေချာကုသရပါမယ်။ တော်တော်ကံဆိုးတဲ့အခါမှသာ တခြားပိုပြီး အန္တရာယ်များတဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    G6PD အင်ဇိုင်းချို့တဲ့နေတဲ့ ကလေးကို ဘယ်လိုပြုစုပျိုးထောင်မလဲ။

    အကောင်းဆုံးကတော့ ကလေးကို အပေါ်မှာ ပြောခဲ့တဲ့ မတည့်တဲ့ အရာတွေ ဒါမှမဟုတ် ဆေးတွေနဲ့ မထိတွေ့အောင် ကာကွယ်ရပါမယ်။ သေချာ သတိထားပြီး ကာကွယ်ပေးမယ်ဆိုရင် G6PD အင်ဇိုင်းချို့တဲ့နေတဲ့ ကလေးတစ်ယောက်ဟာ သာမန်ကလေးတစ်ယောက်လိုပဲ တစ်ဘဝလုံးကျန်းကျန်းမာမာနဲ့ နေသွားနိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Kaung Thar မှ ရေးသားသည်။ · 16/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement