backup og meta

၃နှစ်သား ကလေး ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ၃နှစ်သား ကလေး ဘယ်လို ကျွေးမွေးပြုစုသင့်သလဲ

    အသက်၃နှစ်ရောက်တဲ့အခါ သင့်ကလေးရဲ့စားသောက်မှုပုံစံက ပြောင်းလဲလာပါပြီ။ သူတို့လေးတွေ ကျန်းမာရေးနဲ့သင့်တော်မျှတတဲ့ စားသောက်မှုပုံစံကို အသားကျပြီးကျန်းမာပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံကို ရရှိလာစေဖို့အတွက်သူတို့စားတဲ့အစားအသောက်တွေ၊ ဗီတာမင်တွေကို သင့်အနေနဲ့ထိန်းညှိပေးဖို့လိုလာပါတယ်။

    ကလေးကိုဘာတွေကျွေးရမလဲ။

    သင်နဲ့သင့်မိသားစုတွေစားတဲ့အတိုင်း ကလေးကိုကျွေးနိုင်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ အနံ့၊ အရသာနဲ့ ပုံစံမတူညီတဲ့ အစားအစာအုပ်စု၄ခုလုံးထဲမှာပါဝင်တဲ့ အစားအစာတွေကို ကျွေးရပါမယ်။

    ၁။ အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေ

    ၂။ အစေ့အဆံတွေ

    ၃။ နို့

    ၄။ အသား

    ကလေး အစားအသောက်စားတဲ့အခါ အန္တရာယ်ကင်းအောင် ဘယ်လိုကူညီရမလဲ။

    အသက်လေးနှစ်အောက်ကလေးတွေဟာ အသက်ကြီးတဲ့ကလေးတွေ ဒါမှမဟုတ် အရွယ်ရောက်ပြီးသားလူကြီးတွေနဲ့ယှဉ်ရင် အစာနင်တာ၊အစာသီးတာဖြစ်ဖို့အခွင့်အလမ်းပိုများပါတယ်။ ဘာလို့လဲဆိုတော့ ကလေးတွေရဲ့အသက်ရှုလမ်းကြောင်းက ပိုကျဉ်းတဲ့အပြင် အစာမြိုချတာကိုထိန်းချုပ်နိုင်စွမ်းလည်း နည်းပါးသေးတာကြောင့် ဖြစ်ပါတယ်။

    အစာနင်တာ၊ သီးတာကို ကာကွယ်ဖို့အတွက် သင့်ကလေးအစာစားတဲ့အခါ ဘေးနားကစောင့်ကြည့်ပေးပါ။ သစ်သီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကို တစ်ကိုက်စာ အဆင်ပြေအောင်လှီးပေးပါ။ ကလေးတွေ အစားကို ကျေညက်အောင်ဝါးစားတတ်ဖို့သင်ပေးပါ။ ကလေးတွေ ဂဏှာမငြိမ်လှုပ်ရှားနေတုန်း ဒါမှမဟုတ် လှဲနေတုန်း အစာကျွေးတာကိုရှောင်ရှားပါ။

    ကလေးကို မကျွေးသင့်တာတွေများ ရှိသလား။

    သုံးနှစ်အောက် ကလေးတွေအနေနဲ့ နင်တတ်၊ သီးတတ်တဲ့ အောက်ပါအစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။

    • သကြားလုံးမာမာတွေ၊ စပျစ်သီးတွေလို ခပ်ချောချောအစားအစာမျိုးတွေ၊ ကြက်သားတုံး ဒါမှမဟုတ် အသားတုံးအကြီးကြီးတွေ

    • ခွံမာသီး၊ အစေ့၊ အာလူးကြော်၊ မုန့်ကွင်းလေးတွေ၊ မုန်လာဥနီအသေးလေးတွေ၊ စပျစ်ခြောက်တွေ

    • မြေပဲထောပတ်၊ marshmallows မုန့် တွေ စတဲ့ စေးကပ်ကပ်အစာတွေစသည်တို့ ဖြစ်ကြပါတယ်။

    ကလေးတွေ အစာမနင်ဖို့၊ မသီးဖို့နဲ့ဓါတ်မတည့်တာတွေ ဖြစ်ရင်ချက်ချင်းသိနိုင်ဖို့အတွက် သူတို့တွေစားနိုင်လောက်တဲ့ အရွယ်လေးတွေ ဖြစ်အောင်လှီးဖြတ်ပေးဖို့လိုတဲ့အပြင် အစာစားချိန်မှာလည်းေ ဘးကနေစောင့်ကြည့်ပေးသင့်ပါတယ်။ ဓါတ်မတည့်မှုအဖြစ်အများဆုံးအစားအစာတွေက နွားနို့၊ ကြက်ဥဘဲဥ၊ မြေပဲနဲ့အခွံမာသီးတွေ၊ ပဲပုပ်၊ ဂျုံ၊ ငါးနဲ့အခွံမာပါတဲ့ရေသတ္တဝါတွေပဲ ဖြစ်ကြပါတယ်။ သင့်မိသားစုအရင်းအခြာတစ်ယောက်မှာ ဒါမှမဟုတ် တစ်ယောက်ထက်ပိုပြီး ဓါတ်မတည့်တတ်တဲ့အခြေအနေမျိုးရှိမယ် ဒါမှမဟုတ် ဓါတ်မတည့်တာကြောင့် ဖြစ်တတ်တဲ့ရောဂါတွေ (ပန်းနာရင်ကျပ်၊ နှင်းခူ၊ အစားအသောက်ဓါတ်မတည့်တာစသဖြင့်ပေါ့) ရှိနေမယ်ဆိုရင် သင့်ရင်သွေးလေးမှာ ဓါတ်မတည့်တာ ဖြစ်နိုင်ချေ ပိုပြီးများလိမ့်မယ်ဆိုတာ သိထားသင့်ပါတယ်။

    အစားအသောက်ရွေးတဲ့ ကလေးတွေကို ဘယ်လိုကိုင်တွယ်ရမလဲ။

    • စားနေကျ မဟုတ်တဲ့ အစားအစာအသစ်တမျိုးကို ကျွေးတဲ့အခါ စိတ်ရှည်ပါ။ သင့်ကလေးအနေနဲ့ဒီအစားအစာကို လက်ခံလာဖို့(စားဖို့) အချိန်ပေးရမယ်ဆိုတာကို နားလည်ထားပါ။

    • သင့်ကလေးကြိုက်မယ်ဆိုတာသေချာတဲ့ဟင်းတမျိုးကိုတော့ အနည်းဆုံးချက်ပါ။ ဒါပေမယ့် သူ့အနေနဲ့တခြားမိသားစုဝင်တွေစားတဲ့အစားအစာကိုလည်း စားတတ်လာအောင်သင်ပေးပါ။

    • ကလေးကိုဆွဲဆောင်နိုင်ဖို့အတွက်အစားအစာတွေကိုအရောင်အသွေးစုံစုံလင်လင် ဖြစ်အောင်ပြင်ဆင်ပါ။ ထူးထူးဆန်းဆန်းလေးတွေဖြစ်အောင် ပြင်ဆင်ပါ။

    • သူတို့မကြိုက်တာတွေကို အတင်းစားခိုင်းမယ့်အစား တခြားကြိုက်တဲ့အစားအစာတမျိုးမျိုးကို သူတို့ကိုယ်တိုင်ရွေးချယ်ပါစေ။

    ထပ်သိထားသင့်တဲ့ အချက်လေးတွေ

    • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားဖို့သင်ကိုယ်တိုင်က သင့်ကလေးတွေအတွက် စံပြဖြစ်နေပါစေ။

    • အစားအစာတွေမှာ ဗီတာမင်နဲ့သတ္တုဓါတ်တွေအပြည့်အဝပါဝင်စေဖို့အတွက် သေချာကြိုတင်ပြင်ဆင်ပါ။

    • သင့်ကလေးကို အစားအသောက်စားချိန် လုံလုံလောက်လောက်ပေးပါ။

    • တစ်ခုခုအတွက် ဆုချတဲ့အနေနဲ့အစားအသောက်မကျွေးပါနဲ့။

    • အစားအစာ ပြင်ဆင်ချက်ပြုတ်ရာမှာ သင့်ကလေးကိုလည်း ပါဝင်ဆောင်ရွက်ပါစေ။

    • ကလေးရဲ့ အသက်အရွယ်နဲ့ကိုက်ညီသင့်တော်မယ့်အရွယ်အစားရှိတဲ့ ပန်းကန်ပြား၊ ခွက်၊ ဇွန်း၊ ခက်ရင်းတွေကို အသုံးပြုပါ။

    တကယ်လို့သင့်ရဲ့အသက်၃နှစ်အရွယ် ရင်သွေးလေးကိုပြုစုစောင့်ရှောက်ရတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြဿနာတစ်ခုရှိမယ်ဆိုရင် နှောင့်နှေးတုံ့ဆိုင်းမနေဘဲ မိသားစုဆရာဝန် ဒါမှမဟုတ် ကလေးဆရာဝန်နဲ့ ပြသတိုင်ပင်ဆွေးနွေးအကြံဉာဏ်တောင်းခံရမှာပဲ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement