backup og meta

သင့်ကလေးကို ဘယ်အစာတွေ စကျွေးမလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို ဘယ်အစာတွေ စကျွေးမလဲ

    ကလေးလေးတွေကို အစာ စတင်ပြီးကျွေးရတဲ့ အချိန်ဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချိန်ဖြစ်သလို မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်လည်းပဲ ဖြစ်ပါတယ် (အထူးသဖြင့် သားဦး၊သမီးဦး မွေးထားသူတွေမှာပေါ့)။

    ကလေးငယ်အများစုကို အသက် ၆လဝန်းနောက်ပိုင်းမှာ ဖြည့်စွက်အစာစတင်ပြီး ကျွေးလေ့ရှိပါတယ် (ကလေးတယောက်နဲ့ တယောက်တော့ မတူဖူးပေါ့)။ ဒါကြောင့် သင့်ကလေးကို အစာစတင်ပြီး ကျွေးသင့်မကျွေးသင့် သေချာစွာ သိရှိနိုင်စေဖို့အတွက် ကလေးအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာ ဖြစ်ပါတယ်။

    ဒီစိတ်လှုပ်ရှားစရာ အချိန်လေးမှာ သင့်အနေနဲ့ ပိုပြီးမိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက် အချို့သော အရပ်စကားတွေကို ချေဖျက်ကြည့်ကြရအောင်။

    အရပ်စကား

    တကယ်လို့ ကလေးဟာ အဖေ၊အမေရဲ့ ထမင်းပန်းကန်တွေကို ဆွဲရင် ဒါမှမဟုတ် အစားအစာတွေကို လိုက်ကိုင်ရင် သူလေးအနေနဲ့ အစာ စပြီး စားဖို့ အဆင်သင့်ဖြစ်နေပြီ။

    အမှန်

    အစားအသောက်အပေါ် စိတ်ဝင်စားခြင်းဟာ အစာ စကျွေးသင့်ပြီဆိုတဲ့ အချက်နဲ့ ဆိုင်ချင်မှဆိုင်ပါလိမ့်မယ်။ ပိုကောင်းတဲ့ နည်းလမ်းက ကလေးရဲ့ ဖွံ့ဖြိုးမှုကို လေ့လာစောင့်ကြည့်တာဖြစ်ပြီး ယုံကြည်ရလောက်တဲ့ အောက်ဖော်ပြပါ လက္ခဏာတွေကို ရှာဖွေရပါမယ်။

    • ဘေးကထိန်းပေးစရာမလိုတော့ဘဲ သားသားလေး/မီးမီးလေးဟာ မတ်မတ်ထိုင်နိုင်ခြင်း။
    • အစာခွံ့တဲ့အခါ ပါးစပ်ဟပေးခြင်း။
    • မိဘတွေ စားသောက်နေရင် သတိထားမိပြီး စိတ်ဝင်စားမှု ပြသခြင်း။
    • ဗိုက်ဝသွားပြီဆိုရင် ထပ်မစားချင်တော့ကြောင်းကို ဖော်ပြဖို့အတွက် တဖက်လှည့်သွားခြင်း ဒါမှမဟုတ် နောက်ဆုတ်သွားခြင်း။
    • ကလေးလေးအနေနဲ့ သူလိုချင်တဲ့ ပစ္စည်းဆီကို ရောက်အောင်သွားနိုင်ပြီး လက်နဲ့ရအောင် ယူကာ ပါးစပ်ထဲထည့်နိုင်ခြင်း။

    အရပ်စကား : အသီးအရွက်တွေမကျွေးခင် သစ်သီးတွေ ကျွေးခြင်းကြောင့် ကလေးအနေနဲ့ အချိုအရမ်းကြိုက်သွားနိုင်တယ်။

    အမှန် : အသီးအရွက်နဲ့ သစ်သီးတွေဟာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစွာ ပါဝင်တာမို့ သင့်ကလေး ကျန်းမာသန်စွမ်းဖွံ့ဖြိုးဖို့အတွက် ဦးစားပေးရွေးချယ်သင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

    ပိုပြီးအရေးကြီးတဲ့အချက်ကတော့ အနံ့အရသာပုံစံအမျိုးမျိုးရှိပြီး အာဟာရဓါတ်ကြွယ်ဝပြည့်စုံတဲ့ အစားအသောက်တွေနဲ့ ကလေးကို မိတ်ဆက်ပေးဖို့ပဲ ဖြစ်ပါတယ်။

    အသက် ၆လနဲ့ ၉လကြားမှာ ကလေးရဲ့ သံဓါတ်သိုလှောင်မှုဟာ (သဘာဝအလျောက်) ကျဆင်းလာတာမို့သံဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ဦးစွာကျွေးမယ်ဆိုရင်လည်း ဒါဟာ မှန်ကန်သင့်တော်တဲ့ ရွေးချယ်မှုတခုပဲ ဖြစ်ပါတယ်။

    သံဓါတ်ကြွယ်ဝတဲ့ အနှံတွေဖြစ်တဲ့ ဆန်၊ကွေကာအုတ် စတာတွေဟာ ကလေးနဲ့ သင့်တော်တဲ့ အစားအစာတွေပါ။ ကယ်လ်ဆီယမ်နဲ့ ပရိုတင်းဓါတ်တွေ ပေါများစွာ ပါဝင်တဲ့ ဒိန်ချဉ်ဟာလည်း ကလေးနဲ့ စတင်မိတ်ဆက်ပေးသင့်တဲ့ အစားအစာတခုဆို မမှားပါဘူး။

    တကြိမ်မှာ အစားအစာအသစ်တမျိုးပဲ စမ်းကျွေးသင့်ပြီး ဓါတ်မတည့်တာမျိုးရှိမရှိ ရက်အနည်းငယ်စောင့်ကြည့်ပြီးမှ နောက်ထပ်အသစ်အဆန်းတမျိုးကို ဆက်ကျွေးရမှာဖြစ်ပါတယ်။ ကလေးကြီးထွားဖွံ့ဖြိုးချိန်မှာ အသီးအနှံတွေကို ဖြန်းတဲ့ ပိုးသတ်ဆေးဒါဏ်မခံရစေဖို့အတွက် အော်ဂဲနစ်နည်းစနစ်နဲ့ စိုက်ပျိုးထားတဲ့ အစားအစာတွေကိုပဲ စားသုံးစေရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။

    အရပ်စကား : ဓါတ်မတည့်တာအဖြစ်များတဲ့ အစားအစာတွေကို ရှောင်တာအကောင်းဆုံးပဲ။

    အမှန် : ဓါတ်မတည့်တာအဖြစ်များတဲ့ အစားအစာတွေ (ဥပမာ မြေပဲ၊နို့၊ဥ၊ဂျုံ၊ပဲပိစပ်၊ငါး၊အခွံမာပါတဲ့ ရေသတ္တဝါ စသည်)ကို အသက် ၆လနောက်ပိုင်း ကျန်းမာရေးကောင်းတဲ့ ကလေးတွေကို စိတ်ချလက်ချကျွေးနိုင်ပါတယ် (နွားနို့ကိုတော့ ကလေးအသက်၁နှစ်ကျော်မှ တိုက်သင့်ပါတယ်)။

    ကလေးတွေရဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဟာ ကောင်းစွာ မဖွံ့ဖြိုးသေးတဲ့အတွက် နို့မှာပါတဲ့ ပရိုတင်းကို ကောင်းစွာ ချေဖျက်နိုင်မှာ မဟုတ်ပါဘူး။ ဓါတ်မတည့်တာအဖြစ်များတဲ့ အစားအစာတွေကို အသက်နည်းနည်းကြီးမှ စပြီး ကျွေးလို့ ပိုပြီးအကျိုးရှိတယ်၊ဓါတ်မတည့်တာ မဖြစ်တော့ဘူး စတဲ့ အချက်အလက်၊သက်သေသာဓကတွေ မရှိသေးပါဘူး။

    တကယ်တမ်းပြောရရင် အဆိုပါ အစားအသောက်တွေကို အသက်ကြီးမှ စကျွေးရင် ဓါတ်မတည့်နိုင်ခြေ ပိုလို့တောင် များတာကို နောက်ပိုင်းအချက်အလက်တွေအရ သိရှိရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement