ကလေး တစ်ယောက် ပြုစုပျိုးထောင်ရတာမှာ နို့စို့အရွယ်က သိပ်ပြဿနာမရှိပေမယ့် တခြားအစားအစာတွေ စားတတ်လာပြီဆိုတာနဲ့ အလုပ်က စပါပြီ။ ဘာလေးကျွေးရမလဲ၊ ဘာလေးတွေက ကလေး အတွက်ကောင်းမလဲ၊ ဒါက ကလေးနဲ့ တည့်ပါ့မလား၊ ကလေးကို မကျွေးသင့်တာတွေ ဘာတွေဖြစ်မလဲ ကလေးတို့အတွက် အဆိုးဆုံးသရေစာ ဘာတွေဖြစ်မလဲ မေးခွန်းပေါင်းများစွာနဲ့ မေမေတို့ခေါင်းစားရပါတော့တယ်။
လမ်းလျှောက်တတ်စအရွယ်ရောက်တဲ့အထိ ဒီလိုဂရုစိုက်လာခဲ့ပေမယ့် သရေစာတွေ စစားတတ်တဲ့ ဒီအရွယ်မှာ လူကြီးစားသမျှအကုန်မိတ်ဆက်ကျွေးလိုက်လို့တော့ မဖြစ်သေးဘူးနော်။ နောက်တစ်ချက်က စျေးကွက်မှာရှိသမျှ အစားအသောက်တွေ ကလေးကို အကုန်မကျွေးလိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ မေမေတို့ သိပ်သတိမထားမိကြတဲ့ အန္တရာယ်တွေရှိနေနိုင်လို့ပါပဲ။
ကလေးတို့အတွက် အဆိုးဆုံးသရေစာ ဘာတွေဖြစ်မလဲ
ကလေးတို့ရဲ့ ကျန်းမာတဲ့ဖွံ့ဖြိုးမှုအတွက် အားပေးမယ့် အစားအသောက်ဖြစ်စေဖို့က ထမင်းအပြင် သရေစာတွေကလည်း သက်ရောက်မှုများပါတယ်။ ကလေးကို ကျွေးတဲ့သရေစာမုန့်နဲ့ သောက်စရာတွေက ဘေးကင်းစိတ်ချရမှုမရှိဘူးဆိုရင် ဖွံ့ဖြိုးမှုမှာ အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အပြင် ကလေး အဝလွန်၊ ကလေးဆီးချို စတဲ့ ကြောက်စရာရောဂါတွေအထိ ဖြစ်လာနိုင်ပါတယ်။
- အသင့်သောက် ဘူးလေးတွေ
အားရှိတယ်၊ ဉာဏ်ကောင်းတယ်၊ သွက်လက်ထက်မြက်စေတယ်လို့ အာဟာရဖြည့်စွက်ထားတဲ့ သောက်စရာတွေ မှန်သမျှမှာ အရသာရှိစေဖို့ အချိုဓာတ်လုံလုံလောက်လောက်ပါတယ်ဆိုတာ မေ့မနေစေချင်ပါဘူး။ အာဟာရ ဖြစ်စေချင်ဇောနဲ့ အချိန်တိုင်းပုံမှန်တိုက်နေမယ်ဆို အဝလွန်ခြင်းအန္တရာယ်က ကြောက်ဖို့ကောင်းပါတယ်နော်။ အချိုဓာတ်က လိုတာထက်လွန်ကဲရင် ကလေးအတွက် ဘေးဖြစ်နိုင်ပါတယ်။
- အချိုရည်၊ ဖျော်ရည်
တိုက်လို့မရတာတော့ မဟုတ်ပေမယ့် မကြာခဏ သို့မဟုတ် များများတိုက်ကျွေးလို့မသင့်ပါဘူး။ သကြားဓာတ်ကများရတဲ့အထဲ အချိုရည်တချို့မှာပါတဲ့ အရောင်ဆိုးဆေးတွေ၊ အနံ့အတု၊ အရသာအတုတွေကြောင့် ဘေးဖြစ်စေနိုင်ပါသေးတယ်။ အသီးဖျော်ရည်ဆိုလည်း ပမာဏကို မလွန်ကဲပါစေနဲ့။ ကိုယ်တိုင်ဖျော်တိုက်ချင်တယ်ဆို သကြားအချိုထပ်မထည့်ဘဲ ကလေးနှစ်သက်တဲ့ အသီးအနှံတွေကို ထိုက်သင့်တဲ့ပမာဏ ချင့်ချိန်တိုက်ပါ။
- အသင့်စားခေါက်ဆွဲ
အသင့်စားခေါက်ဆွဲတွေမှာ ဓာတုပစ္စည်းတွေ၊ တာရှည်ခံပစ္စည်းတွေ ပါဝင်နေတာ မမေ့ပါနဲ့။ တာရှည်ခံအောင်ပြုပြင်စီမံထားတဲ့ အစားအသောက်တွေနဲ့ အသင့်စား အစားအစာတွေလည်း ရှောင်သင့်တဲ့အထဲမှာပါပါတယ်။
- အချိုကဲတဲ့ မုန့်တွေ
သကြားလုံး၊ အချိုရည်၊ အချိုများတဲ့မုန့်တွေက အများကြီးစားလို့မသင့်တော်ပါဘူး။ သွားပိုးစားမယ်၊ အဝလွန်မယ့်အန္တရာယ်တွေ ရှိသလို ချောင်းဆိုးရင်ကျပ်ဝေဒနာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါ့အပြင် ပိုဆိုးတာက အဝလွန်ရာကနေ အမျိုးအစား ၂ ဆီးချိုသွေးချိုဖြစ်နိုင်တဲ့အန္တရာယ်လည်း များစေပါလိမ့်မယ်။
- အကင်
ယိုးဒယားအသားကင်တွေ၊ ရယ်ဒီမိတ်အသားလုံးတွေမှာ နိုက်ထရိတ်ပါဝင်မှုမြင့်မားလို့ ကင်ဆာအန္တရာယ် စိုးရိမ်ရပါတယ်။ အသားချောင်း၊ ဟော့ဒေါ့တို့မှာ ဆိုဒီယမ်နဲ့တိရစ္ဆာန်အဆီတွေ ပါဝင်မှုလည်းများတာကြောင့် ကလေးအတွက် အာဟာရကောင်းကျိုးထက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။
- အချဉ်ရည်တွေ
ကြက်ကြော်စားမယ်ဆို လူကြီးတွေစားသလို ဆော့စ်လေးနဲ့ တို့ရမှကျေနပ်တာလား။ တစ်ခါတလေးစားတာထက်ကျော်လွန်ပြီး မကြာခဏစားခွင့်ပေးထားတယ်ဆိုရင် အချဉ်ရည်တွေမှာပါတဲ့ အရောင်ဆိုးဆေးတွေ၊ တာရှည်ခံပစ္စည်းတွေလို ပါဝင်ပစ္စည်းတချို့က ကလေးတွေအတွက် မသင့်တော်ပါဘူး။
- ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာ
ကလေးတွေအတွက် ဓာတ်မတည့်မှုဖြစ်နိုင်တဲ့ စားစရာတွေအများကြီးရှိပါတယ်။ ဥပမာ- ကြက်ဥ၊မြေပဲ၊ ဂျုံ၊ အချဉ်သီးတချို့၊ ပင်လယ်စာ၊ စတော်ဘယ်ရီ၊ ခရမ်းချဉ်သီး။ ကလေးကို အစားအစာတွေ မိတ်ဆက်ကျွေးပြီဆိုရင် သူ့မှာဓါတ်မတည့်တဲ့စားစရာတွေရှိနေသလားဆိုတာ သတိထားမှတ်သားပါ။ပြီးရင် ကလေးနဲ့ဓါတ်မတည့်တဲ့စားစရာတွေကို မပါအောင် သတိထားကျွေးပါ။ ကလေးရဲ့သရေစာမုန့်က ဓာတ်မတည့်တဲ့အရာဖြစ်နေခဲ့ရင် အန္တရာယ်ရှိပါတယ်။
- ဂက်စ်ပါတဲ့အချိုရည်
ဂက်စ်ပါတဲ့အချိုရည်တွေ၊ အချိုပြင်းတဲ့အချိုရည်တွေက အဝလွန်ခြင်း၊ အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေများစေနိုင်ပါတယ်။ ကယ်လိုရီနဲ့ အာဟာရဓာတ်ကင်းမဲ့တဲ့ ဒီအချိုရည်တွေက ကလေးရဲ့နုနယ်တဲ့ခန္ဓာကိုယ်အတွက်ဘေးဖြစ်စေတာပဲရှိပါလိမ့်မယ်။ ဒီလိုအချိုရည် တစ်ပုလင်းလောက်မှာ သကြား ၆၀ ဂရမ်လောက်ပါဝင်တတ်တာမို့ ကလေးရဲ့တစ်နေ့တာမှာ ရရှိသင့်တဲ့ပမာဏထက် လေးဆကျော် ပိုများနေနိုင်ပါတယ်။
အကောင်းဆုံးအကြံပေးချင်တာက ကလေးကို လူကြီးစားသမျှတွေ မကျွေးဖို့ပါပဲ။ ကလေးရဲ့ အစာခြေစနစ်က အပြည့်အဝမဖွံ့ဖြိုးသေးတာကြောင့် ဒီလိုသရေစာတွေကို လက်မခံနိုင်သေးသလို ဘေးဖြစ်စေနိုင်တဲ့ပါဝင်ပစ္စည်းတွေကြောင့် ကြီးထွားဖွံ့ဖြိုးမှုမှာလည်း ထိခိုက်နိုင်ပါသေးတယ်။ သရေစာမုန့်တွေကိုလည်း အသင့်စားတွေ ဝယ်ကျွေးမယ့်အစား တတ်နိုင်သလောက် အိမ်မှာကိုယ်တိုင်လုပ်ကျွေးတာ ပိုကောင်းပါတယ်။
[embed-health-tool-child-growth-chart]