သင့်အနေနဲ့ ကိုယ်အပူချိန်တက်ပြီး ဖျားတာကိုသာ တရင်းတနှီးကြားဖူးမှာဖြစ်ပြီး ကိုယ်အပူချိန်ကျဆင်းခြင်းကိုတော့ သိပ်ကြားဖူးမယ် မထင်ပါဘူး။ ဒါပေမယ့် ဒါဟာ ကလေးတွေမှာ အရေးကြီးတဲ့ ပြဿနာတခုပဲ ဖြစ်ပါတယ်။ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေရှိတဲ့ ကလေးတွေမှာ ကိုယ်အပူချိန်ကျတာမျိုး အဖြစ်များပါတယ်။
ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ဘယ်လောက်လဲ။ ဘယ်လိုတိုင်းတာမလဲ။
ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ၃၇ဒီဂရီ စင်တီဂရိတ်လောက်ရှိပြီး ကလေးရဲ့ တနေ့တာလှုပ်ရှားသွားလာမှုတွေအပေါ် မူတည်ကာ အဆိုပါ အပူချိန်ထက် အနည်းငယ်များတာ၊နည်းတာမျိုးက ပြဿနာမဟုတ်ပါဘူး။
ချိုင်းကြားမှာ တိုင်းတာတဲ့အပူချိန်ဟာ ပါးစပ်ထဲမှာ တိုင်းတာတဲ့အပူချိန်ထက် အနည်းငယ် လျော့နည်းမှာဖြစ်ပြီး အတိကျဆုံးသော ရလဒ်ကို ရရှိနိုင်ဖို့အတွက် ပြဒါးတိုင်ကို စအိုတွင်းထည့်ပြီး တိုင်းတာရမှာ ဖြစ်ပါတယ်။
ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်းဟာ အန္တရာယ်ရှိသလား။
ခန္ဓာကိုယ်အပူချိန် ပုံမှန်ထက် အနည်းငယ်ကျဆင်းခြင်းဟာ ကိုယ်အင်္ဂါတွေကို ထိခိုက်မှု မဖြစ်စေတဲ့အတွက် အန္တရာယ်မရှိပါဘူး။ ဘာကြောင့် ကိုယ်ခန္ဓာအပူချိန်ကျဆင်းရသလဲဆိုတာကသာ ပိုပြီးအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။
တချို့ကလေးတွေဟာ မွေးကတည်းက ပုံမှန်ခန္ဓာကိုယ်အပူချိန်ဟာ တခြားကလေးတွေထက် နည်းနေလေ့ရှိပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်အပူချိန် ရုတ်တရက်ကျဆင်းခြင်းဟာ (ဘက်တီးရီးယားပိုးဝင်ခြင်း သို့မဟုတ် ပြင်းထန်သောကူးစက်ရောဂါခံစားရခြင်း အစရှိတဲ့) အရေးကြီးကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ဘယ်အချိန်မှာ ဆေးဝါးကုသမှုခံယူရမလဲ။
အပူချိန်အလွန်အမင်းကျဆင်းခြင်းဟာ ကိုယ်အင်္ဂါတွေ အလုပ်မလုပ်တော့တဲ့အထိ ဖြစ်စေနိုင်တဲ့အတွက် သင့်ကလေးရဲ့ ကိုယ်အပူချိန် ၃၅ဒီဂရီစင်တီဂရိတ်ထက် လျော့နည်းလာပြီဆိုရင်တော့ အရေးပေါ်ဆေးကုသမှုကို တတ်နိုင်သမျှ အမြန်ဆုံး ခံယူသင့်ပါတယ်။
တကယ်လို့ ခန္ဓာကိုယ်အပူချိန်ဟာ ၃၃.၉ ဒီဂရီစင်တီဂရိတ်အောက် ကျဆင်းသွားရင် ပြဒါးတိုင်အများစုဟာ မှန်ကန်တဲ့တန်ဖိုးမပြနိုင်တော့ဖူးဆိုတာကိုလည်း သိထားသင့်ပါတယ်။
ကလေးတွေရဲ့ ကိုယ်အပူချိန်ကျဆင်းရင် ဘယ်လိုကုသရမလဲ။
· ကလေးရဲ့ စားသောက်မှုပုံစံကို ပြောင်းလဲပါ။ အာဟာရပြည့်ဝပြီး ညီညွတ်မျှတတဲ့ စားသောက်မှုပုံစံဟာ သိသာထင်ရှားတဲ့ ကောင်းကျိုးပေးပါလိမ့်မယ်။
တကယ်လို့ သင့်ကလေးရဲ့ ကိုယ်အပူချိန်ကျဆင်းခြင်းဟာ အာဟာရချို့တဲ့ခြင်းကြောင့် ဖြစ်မယ်ဆိုရင် စားသောက်မှုပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ ဒီပြဿနာဟာ ပြေလည်သွားမှာ ဖြစ်ပါတယ်။
· နွေးနွေးထွေးထွေးထားပါ။ အဝတ်အစား ထူထူဝတ်ပေးထားခြင်း ဒါမှမဟုတ် ပူနွေးတဲ့ အစားအသောက်တွေစားပေးခြင်းအားဖြင့် ကလေးရဲ့ ကိုယ်အပူချိန်ကျဆင်းခြင်းကို သက်သာသွားစေမှာ ဖြစ်ပါတယ်။
တကယ်လို့ ကလေးရဲ့ ကိုယ်အပူချိန်ဆက်လက်ကျဆင်းနေတယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန်နဲ့ ပြသပြီး အကြံဉာဏ်တောင်းခံရမှာ ဖြစ်ပါတယ်။ ရောဂါရဲ့ ဇစ်မြစ်ကို စောစောသိပြီးစောစောကုနိုင်လေ မြန်မြန်ပြန်ကောင်းနိုင်ချေ များမှာပဲ ဖြစ်ပါတယ်။
ကလေးအထူးကုဆရာဝန်အနေနဲ့ သင့်ကလေးရဲ့ ခန္ဓာကိုယ်အပူချိန်ကို ပုံမှန်အနေအထားပမာဏပြန်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ပါလိမ့်မယ်။ ဒီနောက်မှာ ရောဂါရဲ့ ဇစ်မြစ်ကိုသိနိုင်ဖို့အတွက် စစ်ဆေးမှုအချို့ကို ပြုလုပ်မှာဖြစ်ပြီး စစ်ဆေးမှုရလဒ်တွေကို သိရှိရတဲ့အခါ ပိုမိုသင့်တော်တဲ့နည်းလမ်းတွေနဲ့ ကုသပေးနိုင်မှာ ဖြစ်ပါတယ်။
ကလေးကို ကုသမှုပေးနေစဉ်ကာလမှာ သင့်အနေနဲ့ အကောင်းမြင်ဖို့၊ကလေးကို အားပေးဖို့အရေးကြီးပြီး အခုခံစားတွေ့ကြုံနေရတဲ့ ဝေဒနာတွေဟာ မကြာခင်သက်သာ ပျောက်ကင်းသွားမှာဖြစ်တဲ့အကြောင်း ကလေးတွေ သိပါစေ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]