backup og meta

အော်တစ်ဇင်ကလေး ထိန်းသိမ်းစောင့်ရှောက်နည်း လမ်းညွှန်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အော်တစ်ဇင်ကလေး ထိန်းသိမ်းစောင့်ရှောက်နည်း လမ်းညွှန်

    ကလေးတယောက်ကို ပြုစုရတယ်ဆိုတာ မလွယ်ပါဖူး။ အော်တစ်ဇင်ကလေးကို ပြုစုစောင့်ရှောက်ရတာပိုလို့တောင်မှ ခက်ခဲပါသေးတယ်။ စိုးရိမ်ပူပန်ရတယ်၊ သောကများရတယ်၊ပင်ပန်းစိတ်ဖိစီးရတယ် အစုံပါပဲ။ တကယ်လို့ သင့်မှာ အော်တစ်ဇင်ရင်သွေးလေးရှိတယ်ဆိုရင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်စေဖို့ မျှော်လင့်ပါတယ်။

    (၁) အကောင်းမြင်ပါ။

    အော်တစ်ဇင်ကလေးငယ်လေးတွေဟာလည်း တခြားလူတွေလိုပဲ အကောင်းမြင်ပြီးဆက်ဆံတာကို သဘောကျပါတယ်။ ကိုယ့်ကလေးရဲ့ အခြေအနေကို အမြဲ အကောင်းဖက်ကပဲတွေးပါ။ သင်ဂရုတစိုက်ပြုစုလေ ကလေးရဲ့ အခြေအနေတိုးတက်လေဆိုတာ စိတ်ထဲမြဲမြဲမှတ်ထားပါ။ ရင်သွေးလေးရဲ့ ချစ်စဖွယ် အပြုအမူ၊အမူအရာလေးတွေကို အမြဲစောင့်ကြည့်ရှာဖွေနေပါ။ တကယ်လို့ သင့်ရင်သွေးလေးဟာ အခြေအနေတိုးတက်လာတယ်၊တခုခုကို အောင်အောင်မြင်မြင် လုပ်လိုက်နိုင်တယ်ဆိုရင် အရုပ်ကလေးပေးတာ၊တခုခု အမှတ်တရဝယ်ပေးတာ၊ချီးမွမ်းတာမျိုးကို အရေးတယူလုပ်ပေးပါ။ တကယ်လို့ ကလေးအနေနဲ့ တခုခု အမှားအယွင်းလုပ်မိတယ်ဆိုရင်လည်း အပြစ်မပေးပါနဲ့။ ဘာကူညီပေးနိုင်မလဲ၊ဘယ်လိုပြုပြင်ပေးနိုင်မလဲ ဆိုတာကိုပဲ အလေးထားပြီး စဉ်းစားပါ။ မေတ္တာသည်သာ အောင်နိုင်ရာဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။

    (၂) လူမှုပေါင်းသင်းဆက်ဆံရေးကို သင်ပေးပါ။

    သင့်ကလေးမှာ ပေါင်းသင်းဆက်ဆံရေးနဲ့ ပတ်သတ်လို့ ပြဿနာလေးတွေ ရှိနေနိုင်ပါတယ်။ဥပမာ။ သင်ပြောတာကို သူနားမလည်နိုင်တာမျိုး၊သူလေးရဲ့ စိတ်ခံစားချက် ဒါမှမဟုတ် လုပ်ချင်တာတခုခုကို ထုတ်မပြောနိုင်တဲ့ အခြေအနေမျိုးပေါ့။ ရင်သွေးလေးနဲ့ စကားပြောတဲ့အခါ တတ်နိုင်သမျှ စကားလုံးတိုတိုကိုပဲ ရွေးချယ်ပြီးပြောပါ။ တခုခု မပြောခင်တိုင်းမှာ သူလေးရဲ့ နာမည်ကို ခေါ်ခေါ်ပြီး ပြောပါ။ ရင်သွေးလေး မေးခွန်းတွေမေးတတ်လာဖို့ အားပေးပါ။ သူ့ကိုလည်း မေးခွန်းလေးတွေ မေးပြီး ပြန်ဖြေတတ်အောင် သင်ပေးရပါမယ်။ ကလေးရဲ့ တုန့်ပြန်မှုကို အမြဲတမ်း စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ပေးပါ။ စကားပြောတဲ့အခါ အကြည့်ချင်းဆုံပြီး ပြောတတ်ဖို့ နဲ့ မျက်နှာအမူအရာလေးတွေထားတတ်လာဖို့ကို ဂရုတစိုက်သင်ပေးပါ။ သင့်ကလေးရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးတိုးတက်လာစေဖို့အတွက် role play လို့ခေါ်တဲ့ ကျောင်းဆရာလုပ်တမ်း၊စစ်သားကြီးလုပ်တမ်း၊ဆရာဝန်ကြီးလုပ်တမ်း စတဲ့ ကစားနည်းလေးတွေကို လိုက်ပါ ကစားပေးပါ။

    (၃) သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေမှာ ရင်သွေးလေးကို ပါဝင်ပါစေ။

    ဆူပါမားကတ်သွားတာပဲဖြစ်ဖြစ် (ဖြစ်နိုင်ရင် အလုပ်သွားတာပဲဖြစ်ဖြစ်)၊ အိမ်နားက ဈေးဆိုင်လေးဆီ ဈေးသွားဝယ်တာ၊ပန်းခြံ စတဲ့ နေရာတွေကို ရင်သွေးလေးကို ခေါ်သွားပါ။ ဒီလို ခေါ်သွားတဲ့အခါ ပတ်ဝန်းကျင်မှာ တွေ့ရမြင်ရတဲ့ အရာတွေနဲ့ ပတ်သတ်ပြီး သင့်ကလေးဘယ်လိုတုန့်ပြန်လဲဆိုတာကို လေ့လာစောင့်ကြည့်ပေးပါ။ ဒါဆို သူလေးရဲ့ အမူအကျင့်စရိုက်လေးတွေကို အကြမ်းဖျဉ်းခန့်မှန်းနိုင်ပါပြီ။ တကယ်လို့ အလုပ်သွားတဲ့ အခါမှာလည်း သင့်လုပ်ဖော်ကိုင်ဖက်တွေကို ကလေးနဲ့ စကားပြောကြည့်ပေးဖို့ တောင်းဆိုပါ။ ချစ်ဖို့ကောင်းတဲ့ အော်တစ်ဇင်ကလေးငယ်လေးနဲ့ ဘယ်သူကများ စကားမပြောဘဲ နေနိုင်မှာလဲ။

    (၄ )စိတ်ရှည်ပါ။

    ဘယ်အရာမဆို ဒီနေ့လုပ်ဒီနေ့အကျိုးမခံစားရပါဖူး။ အော်တစ်ဇင်ကလေးလေးတွေက ပိုလို့တောင်ဆိုးပါသေးတယ်။ စိတ်ရှည်ပါ။ သင်သုံးနေတဲ့ နည်းစနစ်တွေ၊ ကုသမှုတွေဟာ သင့်ကလေးနဲ့ သင့်တော်မှုရှိမရှိသိရဖို့ အချိန်ယူရပါတယ်။ စိတ်ရှည်ထားပြီးစောင့်ပါ။ အကောင်းဖက်ကပဲ အမြဲတွေးပါ။ ကိုယ်အပင်ပန်းခံ လုပ်ပေးသမျှဟာ ရင်သွေးလေးကောင်းဖို့ချည်းပဲဆိုတာ အမြဲ နှလုံးသွင်းပါ။

    (၅) တခြားသူတွေဆီက အကူအညီကို ယူပါ။

    အော်တစ်ဇင် ကလေးတွေရဲ့ မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လေးတွေရှိပါတယ်။ ဒီအဖွဲ့လေးတွေမှာ ပါဝင်လှုပ်ရှားပါ။ ကိုယ်တိုင်အခက်အခဲ ရင်ဆိုင်နေရသူချင်းတွေမို့ သင့်အခြေအနေကို သူတို့နားလည်ပေးနိုင်ပါတယ်။ သင့်ရဲ့ စိုးရိမ်ပူပန်မှုတွေ၊မိခင်တယောက်ရဲ့ သောကတွေ၊ဖိအားတွေကို ရင်ဖွင့်မျှဝေနိုင်ပါတယ်။ သူတို့ဆီက အသုံးဝင်အရေးပါတဲ့ အကြံဉာဏ်လေးတွေလည်း ရဦးမှာပါ။ ဒါပေမယ့် တခုရှိတာက သင်ကိုယ်တိုင် ဒီလိုအဖွဲ့လေးတွေမှာ ပါဝင်ချင်စိတ်တကယ်ရှိတော့မှ ပါတာမျိုးက ပိုကောင်းပါတယ်။ ကျွမ်းကျင်သူတွေထံမှာ ဆွေးနွေးအကြံဉာဏ်တောင်းခံပါ။ သူတို့က သင့်ကို တကယ်အဖိုးတန်တဲ့ နည်းစနစ်၊အကြံဉာဏ်တွေကို ပေးပါလိမ့်မယ်။ ဒါဆို သင့်အတွက် ပိုအဆင်ပြေစေမှာပါ။

    (၆) ဘယ်တော့မှ လက်မလျှော့ပါနဲ့

    အော်တစ်ဇင်ကလေးတယောက်ကို ပြုစုစောင့်ရှောက်ရတာ ခက်ခဲမှာ မှန်ပေမယ့် သင့်ရဲ့ နွေးထွေးတဲ့ မိဘမေတ္တာနဲ့ သင့်ကလေးကို ပိုမိုကောင်းမွန်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်အောင် သင်ကြိုးစားနိုင်မှာပါ။ သင့်ကလေးဟာ အတိုင်းအတာတခုအထိ ပုံမှန်အတိုင်းကြီးပြင်းလာနိုင်ပါတယ်။ အနည်းဆုံး သူတို့အတွက် ပုံမှန်ပေါ့။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement