backup og meta

မိခင်နို့တိုက်ကျွေးခြင်း နှင့် မှက္ခရုရောဂါ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိခင်နို့တိုက်ကျွေးခြင်း နှင့် မှက္ခရုရောဂါ

    Candida Albicans လို့ခေါ်တဲ့ မှက္ခရုတွေဟာ မိခင်နို့တိုက်ကျွေးခြင်းကို အနှောင့်အယှက်ပေးတဲ့ မှိုရောဂါပိုး တစ်မျိုး ဖြစ်ပါတယ်။ မှက္ခရုတွေဟာ အမျိုးသမီးရဲ့ နို့သီးခေါင်းနဲ့ ကလေးငယ်တွေရဲ့ ပါးစပ်အတွင်းမှာ ပေါက်ပွားနိုင်ပါတယ်။

    ဘယ်အရာတွေက မှက္ခရုတွေကို ဖြစ်စေတာလဲ။

    လူတွေရဲ့ ကိုယ်ခန္ဓါဟာ Candida Albicans မှိုကို သယ်ဆောင်နိုင်ပါတယ်။ ဒါဟာ အစာခြေလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်နဲ့ ရင်းနှီးပြီးသား ဘက်တီးရီးယားပိုး တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ သူဟာ ကြီးထွားပြန့်ပွားဖို့ အခွင့်အလမ်းရပြီး မှက္ခရုဖြစ်နိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ မှက္ခရုဖြစ်ဖို့အတွက် ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။ မှက္ခရုတွေဟာ ပူနွေး၊ စိုစွတ်ပြီး ချိုမြတဲ့ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်တာကြောင့် မိခင်နို့တိုက်ကျွေးစဉ်မှာ ကလေးငယ်ရဲ့ ပါးစပ်အတွင်းမှာ နေတတ်ကြပါတယ်။ ပြီးရင်တော့ မိခင်ရဲ့ နို့သီးခေါင်းအတွင်းကို ပြန့်ပွားသွားနိုင်ပါတယ်။ သူဟာ မွေးကင်းစကလေး အယောက် ၂၀ မှာ တစ်ယောက်ဖြစ်နိုင်ပြီး ကလေးသက် လေးလအကြာမှာ ခုနစ်ယောက်မှာ တစ်ယောက် ဖြစ်နိုင်ပါတယ်။

    မိခင်တွေမှာ မှက္ခရု ရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    မိခင်နို့တိုက်ကျွေးစဉ်မှာ မှက္ခရု ရဲ့ လက္ခဏာတွေကတော့

    • ကလေးက ကောင်းကောင်းစို့သော်လည်း ပြန်ကောင်း မလာနိုင်တဲ့ နို့သီးခေါင်း အက်ကွဲခြင်း
    • နို့သီးခေါင်းတွေ ပန်ရောင်၊ အနီရောင် ပြောင်းပြီး ပြောင်လက်လာခြင်း
    • နို့သီးခေါင်းတွေဟာ မိခင်နို့တိုက်ကျွေးစဉ်မှာ နာကျင်မှု မရှိပဲ ပြီးမှ နာလာခြင်း။ ကလေးငယ် နို့စို့စဉ်မှာ နာကျင်မှု ပိုဆိုးလာပြီး နို့စို့ပြီး တစ်နာရီလောက်အထိ နာနိုင်ခြင်း။
    • ထိမိတာနဲ့ နာကျင်ယားယံနိုင်ခြင်း။ လျော့လျဲတဲ့ ဘရာတွေ၊ အဝတ်အစားတွေ ဝတ်ဆင်ခြင်းကတောင် သက်တောင့်သက်သာ မဖြစ်စေပါဘူး။
    • ရင်သားအတွင်းမှာ ပူလောင်သော ခံစားမှု ဖြစ်ခြင်း တွေပဲ ဖြစ်ပါတယ်။

    မိခင်တွေဟာ ရောဂါပိုးဝင်တဲ့ အစောပိုင်းအဆင့်တွေမှာ ရင်သားနှစ်ဖက်လုံး ရောဂါပိုးဝင်လာမှု သတိထားမိနိုင်ပါတယ်။

    ကလေးငယ်တွေမှာ မှက္ခရုရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    ကလေးငယ်တွေမှာ မှက္ခရု ဖြစ်လာရင် နို့အဖတ်တွေ၊ မလိုင် အဖတ်တွေနဲ့ တူတဲ့ အဖြူဖတ်တွေကို လျှာ၊ အာခေါင်နဲ့ ပါးစပ်ရဲ့ အတွင်းဘက်၊ အပေါ်ဘက်တွေမှာ တွေ့ရတတ်ပါတယ်။ ဒီအဖြူဖတ်တွေကို နို့ဖတ်တွေ သုတ်နိုင်သလို အလွယ်တကူ သုတ်လိုက်လို့မရပါဘူး။ ဒီအဖတ်တွေကို သန့်စင်တဲ့ လက်နဲ့ ထိမိတယ်ဆိုရင် အောက်ခြေက အစိမ်းဖြစ်နေပြီး သွေးထွက်တာကို မြင်ရနိုင်ပါတယ်။ ကလေးငယ်တွေဟာ စိတ်ရှုပ်လာပြီး ခဏတာသာ နို့စို့နိုင်ပါတယ်။ သူတို့ ပါးစပ်ဟာနာကျင်တာကြောင့် မိခင် ရင်သားကို တွန်းထုတ်နိုင်ပါတယ်။ မှက္ခရုတွေဟာ ကလေးငယ်ရဲ့ အစာခြေစနစ်ကနေ ခန္ဓါကိုယ်အောက်ပိုင်းကို ကူးစက်နိုင်ပြီး အနီရောင်အကွက် ဖြစ်နိုင်ပါတယ်။ ဒီအနီရောင်အကွက်တွေဟာ အရေပြား ကြိုကြားတွေဆီကို ကူးစက်သွားနိုင်ပြီး အနီရောင်၊ အဖြူရောင် စိုစွတ်နာကျင်တဲ့ အကွက်တွေ အဖြစ် တွေ့ရနိုင်ပါတယ်။

    မှက္ခရု ရဲ့ ကုသမှုက ဘာလဲ။

    မှိုသတ်ဆေး ခရင်မ် (သို့) ဂျယ်ကို အသုံးပြုနိုင်ပါတယ်။ Miconazole ကို ရောဂါပိုးဝင်ခြင်းကို ကုသဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဆရာဝန်ဟာ ကလေးငယ်မှာလည်း လက္ခဏာတွေ ရှာဖွေမှာ ဖြစ်ပါတယ်။ တကယ်လို့ သူတို့ဟာ ပါးစပ်ထဲမှာ မှက္ခရုတွေနဲ့ ကိုယ်ခန္ဓါအောက်ပိုင်းမှာ ပါ ရှိနေတယ်ဆိုရင်တော့ ကုသမှုလိုအပ်နိုင်ပါတယ်။ ရောဂါပိုးဝင်တဲ့နေရာတွေကို မှိုသတ်ဆေး ဂျယ် (သို့) ခရင်မ်ကို တို့လိမ်းပေးနိုင်ပါတယ်။ မှက္ခရု ပျောက်သွားရင်တောင် ဆရာဝန်က မရပ်ခိုင်းမချင်း မရပ်သင့်ပါဘူး။

    တကယ်လို့ မိခင်ရဲ့ နို့သီးခေါင်းတွေဟာ နီရဲပြီး နာကျင်နေတယ်ဆိုရင် အမြန်ပြန်ကောင်းစေဖို့ စတီးရွိုက်ခရင်မ်အပျော့ တစ်မျိုးကို အသုံးပြုနိုင်ပါတယ်။ မှက္ခရုကြောင့်နာကျင်မှုနဲ့ အခြားလက္ခဏာတွေဟာ နှစ်ရက်လောက်နေရင် ပျောက်သွားနိုင်ပါတယ်။ မပျောက်သွားရင် ဆရာဝန်ထံ ပြန်သွားသင့်ပါတယ်။ တကယ်လို့ နို့ပြွန်မှက္ခရု ရနေတယ်ဆိုရင် မှိုသတ်ဆေး သောက်ဆေးကို သောက်နိုင်ပါတယ်။ ဆေးသောက်ခြင်းအပြင် အောက်ပါအချက်တွေကိုလည်း မှက္ခရု သက်သာစေဖို့ ပြုလုပ်နိုင်ပါတယ်။

    • ကလေးငယ်ရဲ့ ချိုလိမ်၊ ပုလင်းတွေ၊ နို့သီးခေါင်းတွေ၊ နို့ညှစ်ထုတ်သော ကိရိယာတွေကို မိခင်ရော ကလေးပါ ရောဂါပိုးဝင်ခြင်းကို ကာကွယ်ဖို့ သေချာစွာ ပိုးသတ်သင့်ပါတယ်။
    • ကလေးပါးစပ်ထဲထည့်တဲ့ အရုပ်အကုန်ကို ပိုးသတ်ခြင်း၊ ပူနွေးနဲ့ ဆပ်ပြာနဲ့ ဆေးကြောခြင်းတွေ ပြုလုပ်သင့်ပါတယ်။
    • မှိုသတ်ဆေးခရင်မ်တွေ လိမ်းအပြီး (သို့) ကလေးငယ်ရဲ့ အနှီးလဲပေးပြီးချိန်တွေမှာ လက်ကို စင်ကြယ်စွာ ဆေးကြောသင့်ပါတယ်။
    • မိသားစုအတွင်းမှာ ရှိတဲ့ တစ်ယောက်ချင်းစီအတွက် သဘက် တစ်ထည်စီထားပြီး နေ့တိုင်းလဲလှယ်သင့်ပါတယ်။
    • သင်နဲ့ ကလေးငယ်ရဲ့ အဝတ်တွေကို မှိုသေစေဖို့ အပူချိန် ၆၀ ဒီဂရီဆဲစီးရပ်စ်မှာ လျှော်သင့်ပါတယ်။

    ရင်သားနာကျင်မှုကို သက်သာစေဖို့ နာကျင်မှု မပျောက်မချင်း၊ (သို့) ဆေးအာနိသင် မပြမချင်း ပျော့တဲ့ အကိုက်အခဲပျောက်ဆေးဖြစ်တဲ့ paracetamol လိုမျိုးကို သောက်သုံးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement