backup og meta

မိခင်နို့တိုက်ခြင်းနှင့်ပတ်သက်သောအမှန်တရား

မိခင်နို့တိုက်ခြင်းနှင့်ပတ်သက်သောအမှန်တရား

မိခင်နို့တိုက်ကျွေးခြင်းသည် မိခင်တစ်ဦးအတွက် စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးအကြား ဆက်နွယ်မှုကို လှုံ့ဆော်ပေးရန်နှင့် ထိန်းသိမ်းဖို့ကူညီပေးရန် နို့တိုက်ခြင်းနှင့် ပတ်သက်သော အမှန်တရားအချို့ကိုဖော်ပြပေးပါမည်။

မိခင်နို့တိုက်သောအခါတွင် နာကျင်ပါသည်။

မိခင်များစွာသည် အစောပိုင်းရက်သတ္တပတ်များတွင် နို့သီးခေါင်း၌ နာကျင်ခြင်းအနည်းငယ်ခံစားရသည်။ အကယ်၍ နို့သီးခေါင်းနာကျင်ခြင်းသည် နို့စတိုက်ချိန်ကျော်သောအချိန်အထိ ဆက်လက်နာကျင်နေလျှင်သော်လည်းကောင်း၊ နို့သီးခေါင်းထိပ်တွင် ဒဏ်ရာလက္ခဏာ အနည်းငယ်တွေ့ရှိလျှင်သော်လည်းကောင်း သင့်ကလေးသည် နို့ကောင်းကောင်းစို့မည်မဟုတ်ပါ။ အကယ်၍ သင့်နို့သီးခေါင်းသည် နို့တိုက်ပြီး အချိန်ကြာမြင့်သည်အထိ နာကျင်နေမည်ဆိုပါက သင့်နို့သီးခေါင်းတွင် ရောဂါပိုးဝင်နေခြင်းဖြစ်နိုင်ပါသည်။ အကယ်၍ မိခင်နို့တိုက်ကျွေးခြင်းသည် အချိန်ကြာရှည်စွာ နာကျင်ခြင်းကိုဖြစ်ပေါ်စေသည်ဆိုပါက မိခင်နို့တိုက်ခြင်းဆိုင်ရာ ကျွမ်းကျင်သူသို့မဟုတ် ဆရာဝန်တစ်ဦးဦး နှင့်အမြန်ဆုံးတိုင်ပင်ကာ အကြံဉာဏ်ရယူသင့်ပါသည်။

ရင်သားအရွယ်အစားသည် မိခင်နို့ထွက်ရှိသည့်ပမာဏနှင့် မဆိုင်ပါ။

ရင်သားအရွယ်အစားသည် သင့်တွင် အဆီတစ်ရှူး ဘယ်လောက်ရှိသလဲဆိုတာကိုသာ ဖော်ပြပါသည်။ အဆီတစ်ရှူးများများရှိလေလေ သင့်၏ရင်သားသည် ကြီးလေလေဖြစ်ပါသည်။ နို့ထုတ်သော ဂလင်းပါဝင်မှု ပမာဏကသာလျှင် သင့်ခန္ဓာကိုယ်နို့ရည်ဘယ်လောက်ထုတ်မလဲဆိုသည်ကို ဆုံးဖြတ်ပေးသော အကြောင်းအချက်ဖြစ်ပါသည်။ သင့်ကလေးနို့ဆာတိုင်း နို့တိုက်ခြင်းအားဖြင့် သင့်ခန္ဓာကိုယ်တွင် နို့အလုံအလောက် ထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

ညဘက်နို့တိုက်ခြင်းသည် ကလေးအတွက်ရော မိခင်အတွက်ပါအရေးကြီးသည်။

ပရိုလက်တင် ဟော်မုန်းသည် ညဘက်တွင် အများဆုံးထွက်သည်။ ထို့ကြောင့် ညဘက်တွင် နို့တိုက်ခြင်းသည် မိခင်နို့များများထွက်စေသည်။ ကလေးများ၏ အစာအိမ်သည် အလွန်သေးငယ်သောကြောင့် ညဘက်တွင်လည်း နို့ထပ်တိုက်ပေးဖို့လိုအပ်ပါသည်။ ပထမသုံးလအတောအတွင်း ညဘက်ကလေးကို နို့တိုက်သောမိခင်များသည် အခြားသူများထက်စာလျှင် မိနစ်လေးဆယ်ခန့်လောက် ပိုမိုကြာရှည်စွာ အိပ်ရသည်။ အချို့မိခင်များသည် ကလေးများကို နို့ဘူးတိုက်ခြင်းအားဖြင့် ညဘက်တွင်အချိန်ကြာရှည်စွာ အိပ်ဖို့ကြိုးစားကြသည်။ ထိုအချက်သည်မမှန်ကန်ပါ။ ပိုပြီးတောင်ဆိုးနိုင်ပါသည်။ ညဘက်နို့မတိုက်သောမိခင်များသည် နို့ထွက်နည်းသွားနိုင်ပါသည်။ နို့တိုက်နေစဉ်အတွင်း ထွက်လာသောဟော်မုန်းများသည် ကလေးရောအမေရောနှစ်ယောက်စလုံးကို သက်တောင့်သက်သာရှိစေပြီး အလွယ်တကူနှစ်ခြိုက်စွာ အိပ်စေပါသည်။ ညအချိန်နို့တိုက်ခြင်းသည် ကလေးအား ဦးနှောက်ဖွံ့ဖြိုးမှု မြန်ဆန်ပြည့်ဝစေသည့်အပြင် မိခင်နှင့်ကလေးအကြားဆက်နွယ်မှုကိုလည်း ခိုင်မာစေပါသည်။

သင်သည် သင့်ရင်သားများနို့ရည်နှင့် တင်းနေအောင် စောင့်ဖို့မလိုပါဘူး။

တကယ်တော့ သင့်ရင်သားများထဲတွင် ကိုယ်ဝန်စရှိစဉ်လောက်ကတည်းက နို့ရည်များအမြဲတမ်း ရှိပါသည်။ နို့ရည်ထွက်နှုန်းကတော့ သင့်ကလေးဘယ်လောက်စို့သလဲပေါ်တွင် မူတည်ပါသည်။ သင့်ကလေး နို့များများစို့လေလေ၊ နို့ရည်များများ ထုတ်လုပ်နိုင်လေလေပဲဖြစ်ပါသည်။ နို့စို့ပြီးသောအချိန်တွင် သင့်ကလေး ဗိုက်ဆာနေပုံပေါ်ပါက သင့်ကလေးကိုနို့ဆက်တိုက်လို့ရပါသည်။ နို့ရည်သည် သင့်ကလေး လုံလောက်အောင်စို့ဖို့အတွက် အမြဲတမ်းအဆင်သင့်ရှိနေပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.pbcexpo.com.au/baby/baby-feeding/the-truth-about-breastfeeding/accessed on 17
Nov 2016

http://www.momsmakemilk.com/truths-about-breastfeeding/accessed on 17 Nov 2016

http://www.fitpregnancy.com/baby/breastfeeding/youve-heard-myths-about-breastfeeding-heres-truth
accessed on 17 Nov 2016

http://www.who.int/features/factfiles/breastfeeding/facts/en/index2.html accessed on 17 Nov 2016

ယခုပုံစံ

03/06/2022

Dr. Kaung Thar မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးကို စကျွေးသင့်တဲ့အသီး (၅) မျိုး

ဖေဖေမေမေတို့ သိထားသင့်တဲ့ ကလေးငယ်တွေရဲ့ သွားကျန်းမာရေး



Dr. Kaung Thar မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement