backup og meta

3 ပတ်သားကလေး

ဖွံ့ဖြိုးလာမှုနဲ့ အပြုအမူလေးတွေ

ဘယ်လိုဖွံ့ဖြိုးလာလဲ

ခုဆိုရင်သင့်ရင်သွေးလေးဟာ ၃ပတ်သားလေးဖြစ်လာပါပြီ၊ ဒီအချိန်မှာဆိုရင်တော့ ကလေးလေးတွေဟာ ၂၀ မှ ၃၅ စင်တီမီတာအကွာမှာရှိတဲ့ အရာဝတ္ထုတွေကို မြင်နိုင်၊ တွေ့နိုင်နေပါပြီ။ ပြီးတော့ ဒီအကွာအဝေးဟာ သင်နို့တိုက်တဲ့အချိန် သူ့မျက်လုံးနဲ့သင်နဲ့ကြားထဲက အကွာအဝေးဖြစ်ပါတယ်။ ဒီအရွယ်ကလေးလေးတွေဟာ မျက်နှာတွေကိုစိတ်ဝင်စားတတ်လာပါပြီ။ နို့တိုက်နေစဉ်မှာ သူတို့ကိုတည့်တည့်ကြည့်နေခြင်းဖြင့် အာရုံစိုက်ကြည့်တတ်ဖို့ လေ့ကျင့်ပေးနိုင်ပါလိမ့်မယ်။ တစ်ချိန်ထဲမှာပဲ သင့်ခေါင်းကိုဟိုဘက်ဒီဘက် လှုပ်ယမ်းပေးခြင်းဖြင့် သူ့မျက်လုံးက သင့်ကိုလိုက်ကြည့်နေလား စမ်းနိုင်ပါတယ်။ ဒါဟာ ကလေးတွေရဲ့မျက်လုံးကြွက်သားနဲ့ အာရုံစိုက်ကြည့်နိုင်စွမ်း ကိုလေ့ကျင့်ပေးပါတယ်။ မျက်လုံးအကြည့်ဖြင့် တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ခြင်းဟာ မိခင်နဲ့သံယောဇဉ်လည်းပိုတွယ်စေပါတယ်။ ခုသုံးပတ်မှာဆိုရင် သင့်ကလေးလေးဟာ ခြေတွေလက်တွေကို လွတ်လပ်စွာ လှုပ်ရှားနိုင်နေပါပြီ။

သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ

ခုအချိန်ကလေးလေးတွေအတွက် အခြားလူတွေနဲ့ ဆက်သွယ်နိုင်မယ့် နည်းလမ်းကတော့ ငိုတာပါပဲ။ ဒီလိုဆိုရင် သင့်အသံနဲ့ သင့်အထိအတွေ့တွေကို သူတို့ဆက်သွယ်နိုင်မှာဖြစ်တယ်လေ။ သူတို့ကသင့်အသံကိုသိနေပြီး တခြားလူတွေနဲ့ ခွဲခြားတတ်နေပါပြီ။ သင့်ရင်သွေးလေးဟာ ထွေးပွေ့ခံရတာ၊ ယုယုယယပွတ်သပ်ခံရတာ၊ အသာအယာနှိပ်နယ်ခံရတာ၊ အနမ်းခံရတာ၊ အချီအပိုးခံရတာလေးတွေကို နှစ်သက်လာပါပြီ။ သင့်အသံကိုကြားရင် ဒါမှမဟုတ် သင့်မျက်နှာကိုတွေ့ရင် ‘အာ’ လို့အသံပြုရတောင် ပြုနိုင်နေလောက်ပါပြီ။ ပြီးတော့ လူအားလုံးကြားထဲကမှ သင့်ကိုပဲတွေ့ဖို့စိတ်အားထက်သန်နေပါလိမ့်မယ်။

ကျန်းမာဖို့၊ လုံခြုံဖို့

ဆရာဝန်နဲ့ ဘာတွေဆွေးနွေးသင့်လဲ

ကလေးတွေ သာမန်အတိုင်းပဲ ဖွံ့ဖြိုးလာတယ်ဆိုရင်တော့ ဆရာဝန်သွားပြစရာမလိုတော့ပါဘူး။

ဒါပေမယ့် ပြဿနာရှိနေမလား အမြဲကြည့်နေသင့်တယ်။

• ကျန်းမာရေးပြဿနာရှိနေမလား သိရအောင် ဆီးပမာဏ ၊ဝမ်းပမာဏ ကိုအမြဲစောင့်ကြပ်ကြည့်ရှုနေရပါမယ်၊

• တကယ်လို့သွေးမခဲနိုင်တဲ့ပြဿနာရှိရင်တော့ ဆရာဝန်က ဗီတာမင်ကေ ညွှန်းပါလိမ့်မယ်

ဘာသိသင့်လဲ

အမေတစ်ယောက်အနေနဲ့ SIDS လို့ခေါ်တဲ့ တစ်နှစ်အောက်ကလေးရုတ်တရတ်သေဆုံးခြင်း ရဲ့လက္ခဏာတွေကို သိထားဖို့ကအရမ်းအရေးကြီးပါတယ်။ မွေးကင်းစကလေးရုတ်တရက်သေဆုံးခြင်းဟာ မွေးကင်းစကလေးငယ်လေးတွေ အိပ်နေရင်းနဲ့ ရုတ်တရက်သေဆုံးခြင်းပါ။ တစ်နှစ်အောက် ကလေးငယ်လေးတွေမှာ ပိုအဖြစ်များတတ်ပါတယ်။ တော်သေးတာက ထိုရောဂါဟာ တစ်လနဲ့တစ်နှစ်ကြားအရွယ်မှာ သေဆုံးခြင်းထိဖြစ်စေနိုင်တဲ့ ရောဂါဖြစ်သော်လည်း ရှားပါးသေးတာပါပဲ။ ဘာကြောင့်ဖြစ်စေလဲ အတိအကျမရှိပေမယ့် ဒီအချက်တွေကိုသိထားခြင်းဖြင့် ကာကွယ်နိုင်ပါလိမ့်မယ်

• မိဘတစ်ဦး သို့မဟုတ် ကလေးထိန်းက ဆေးလိပ်သောက်ခြင်း

• ကလေးမျက်နှာကြမ်းပြင်နှင့်အပ်ပြီး အိပ်ပျော်နေခြင်း

• နေ့မစေ့လမစေ့မွေးသော ကလေးဖြစ်ခြင်း

• မွေးစက ပေါင်မပြည့်ခြင်း

• အလွန်အမင်းနူးညံ့ပျော့ပျောင်းသော မွေ့ရာ၊ အိပ်ရာ မျက်နှာပြင် ပေါ်အိပ်ခြင်း

• အိပ်နေစဉ်အရမ်းပူခြင်း

ကာကွယ်နိုင်ရန် ဒါတွေကိုလိုက်နာဖို့လိုပါတယ်။

• ကလေးကို ပက်လက်လှန်ပြီးသာ အိပ်ပါစေ။ လေ့လာမှုတွေအရ ကလေးငယ်လေးတွေ ပက်လက်လှန်အိပ်ခြင်းဖြင့် ထိုရောဂါကို ၅၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်တာတေ့ွရပါတယ်။ ဘေးတစောင်းတောင်မအိပ်စေသင့်ပါဘူး။ ပုခက်ထဲမှာ ခေါင်းအုံးတွေ၊ ဖက်လုံးတွေ၊ အရုပ်တွေပြည့်မနေစေပါနဲ့ ဒါတွေဟာ ကလေးငယ်အိပ်နေစဉ်မှာ အသက်ရှူလမ်းကြောင်းကိုပိတ်သွားစေနိုင်ပါတယ်။ ကလေးခေါင်းကိုဘာနဲ့မှအုပ်မနေစေပါနဲ့၊ အခန်းအပူချိန်ကိုလည်း ၂၄ဒီဂရီဆဲလ်စီးယပ်စ်လောက်သာ ရှိပါစေ။

• အိပ်ချိန်မှာ အဝတ်တွေအများကြီးဝတ်ပေးမထားပါနဲ့။ တချို့ပညာရှင်တွေက မွေးကင်းစကလေးကို အစောပိုင်းလတွေမှာ အိပ်ရာပျော့ပျော့ပေါ်မှာသိပ်တာဟာ အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်။ တချို့ကတော့ မိဘတွေနဲ့တူတူသိပ်တာဟာ ကလေးငယ်အသက်ရှူခြင်း တစ်ခုခုဖြစ်သွားပါက အလျင်အမြန်ဆောင်ရွက်လို့ရတာကြောင့် ကောင်းတယ်လို့ဆိုပါတယ်။ သင်နဲ့တူတူသိပ်သည်ဆိုစေကာမူ သင့်အိပ်ရာကတောင့်တင်းသောအခင်းဖြစ်ပြီး၊ ကလေးကိုလည်း ပက်လက်ဖြင့်သာအိပ်ပါစေ။

ရင်သွေးလေးနားမှာ ဘယ်တော့မှဆေးလိပ်မသောက်ပါနှင့်၊ ဆေးလိပ်သောက်သူများကိုလည်း ဝေးဝေးနေပါစေ။ ကလေးများကိုအိပ်နေစဉ် ချိုလိမ်လေးပေးထားခြင်းဟာ ထိုရောဂါဖြစ်နိုင်ချေလျော့တယ်လို့ဆိုကြသော်လည်း တိကျတဲ့လေ့လာမှုတော့မရှိသေးပါဘူး။

စိတ်ပူတာတွေ

ဘာတွေစိတ်ပူလဲ

ဒီပထမရက်သတ္တပတ်တွေမှာ ရင်သွေးလေးအမြဲငိုနေလို့ သင်မကြာခဏစိတ်ညစ်ရလောက်ပါတယ်။ ဒါပေမယ့် သူတို့ငိုကြွေးခြင်းဟာ အခုအချိန်မှာ သင်နဲ့ဆက်သွယ်လို့ရတဲ့ တစ်ခုထဲသောနည်းလမ်းပါ။ စိတ်ပျက်နေမယ့်အစား ကလေးငယ်ဘာကြောင့်ငိုတာလဲကို ရှာဖွေပြီး ဖြေရှင်းသင့်ပါတယ်။ ဒါပေမယ့် သုံးနာရီထက်ကြာအောင် ငိုနေပြီး ဒီလိုမျိုး သုံးပတ်နဲ့အထက်ငိုကြွေးနေတယ်ဆိုရင်တော့ လေထိုးလေအောင့်ဖြစ်နေတာဖြစ်နိုင်ပါတယ်။ လေထိုးခြင်းကြောင့် တခြားရောဂါမရှိ၊ကျန်းမာနေပြီး နို့ဝနေတဲ့ကလေးတွေဟာလည်း အဆက်မပြတ်ငိုကြွေးနေတတ်ပါတယ်။

ထိုအခါကလေးလေးတွေဟာ ချော့လို့မရဘဲ လက်သီးလေးတွေဆုပ်ကာ ခြေထောက်တွေမြှောက်ကာ ငိုကြွေးတတ်ပါတယ်။ သူတို့လေလည်တာလည်းရှိနိုင်ပြီး ထိုလေထိုးလေအောင့်ဟာ နေ့တစ်နေ့မှာ အချိန်မရွေးဖြစ်နိုင်သလို တစ်ခါတလေဆိုရင် ညနေဘက်မှ ရုတ်တရက်ကြီးလည်းထဖြစ်တတ်ပါတယ်။

တော်သေးတာက ထိုလေထိုးလေအောင့်ဟာ အကြာကြီးမခံပါဘူး။ ၆၀ ရာခိုင်နှုန်းလောက်သော ကလေးတွေဟာ သုံးလအတွင်းကောင်းသွားလေ့ရှိပါတယ်။ ၉၀ ရာခိုင်နှုန်းလောက်က လေးလအတွင်း ကောင်းတတ်ပါတယ်။ တခြားမူမမှန်လက္ခဏာများရှိလျှင် ဒါမှမဟုတ် မေးခွန်းတွေရှိရင် ဆရာဝန်တွေကိုမေးမြန်းနိုင်ပါတယ်။ ဆရာဝန်တွေက သင့်ရင်သွေးလေးအတွက် အကောင်းဆုံးစောင့်ရှောက်မှုကို လမ်းညွှန်ပေးနိုင်မှာပါ။

တတိယမြောက်ရက်သတ္တပတ်ကို ဖြတ်သန်းလာခဲ့ပြီးပြီဆိုရင်တော့ ဂုဏ်ယူပါတယ်။ ၄ ပတ်မြောက်မှာရော သင့်ရင်သွေးလေးက ဘယ်လိုတွေဖွံ့ဖြိုးလာသလဲ ကြည့်လိုက်ရအောင်ပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

American Academy Of Pediatrics.American Academy of Pediatrics Caring for Your Baby and Young Child, Birth to Age 5 6th Edition. New York: Bantam, 2014. Print version. page 157-200.

Murkoff, Heidi.What to Expect, The First Year.New York: Workman Publishing Company, 2009. Print version. Page 99-133.

ယခုပုံစံ

02/06/2022

Dr.Aye Myat Myat Noe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအသားအရေ ချွေးမစားစေဖို့ ဘယ်လိုကူညီပေးနိုင်သလဲ              

ကလေးလေးတွေမှာ baby oilသုံးပေးခြင်း ရဲ့ ကောင်းကျိုးများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 02/06/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement