တကယ်လို့ သင်ဟာကလေးငယ်မွေးပြီးပြီးချင်းအချိန်မှာဒါမှမဟုတ် ရက်သားလေးမှာမွေးစားဖို့ စီမံခဲ့တယ်ဆိုရင် ကလေးရဲ့ မွေးကင်းစအရွယ် ဓါတ်ပုံလေးတွေ ရမှာဖြစ်တဲ့အပြင် ကလေးအမေအရင်းရဲ့ ဓါတ်ပုံကိုလည်းရရှိနိုင်ပါလိမ့်မယ်(ကလေးအဖေဓါတ်ပုံတောင် ရကောင်းရပါလိမ့်မယ်)။ ဒါပေမယ့် သင်ဟာကလေးကိုနည်းနည်းကြီးမှ မွေးစားမယ်ဆိုရင်တော့ သင့်ကလေးအနေနဲ့ သူရဲ့ ဓါတ်ပုံမှတ်တမ်းစာအုပ်ထဲမှာမွေးကင်းစအရွယ်ကပုံလေးတွေကိုတွေ့ရတော့မှာမဟုတ်ပါဖူး။(သင်ဟာ နိုင်ငံရပ်ခြားကကလေးကိုမွေးစားတယ်ဆိုရင် သင့်ဆီပို့လိုက်တဲ့ ဓါတ်ပုံတစ်ပုံနှစ်ပုံလောက်ပဲရှိမှာပါ)။ မွေးကင်းစပုံတွေအစားကလေးလေးသင့်တို့အိမ်ရောက်လာတဲ့ နေ့ကစပြီး ရိုက်ထားတဲ့ ဓါတ်ပုံတွေ နဲ့ ကလေးပြုစုရေးဂေဟာဒါမှမဟုတ် မိဘမဲ့ဂေဟာတုန်းကပုံလေးတွေပဲအများအပြားရှိနေမှာပါ။
သင့်ကလေးအတွက် အမှတ်တရ ရက်နှစ်ရက် ရှိလိမ့်မယ်။
တချို့မိသားစုတွေဟာကလေးရဲ့ မွေးနေ့ကိုသာမကမွေးစားတဲ့နေ့ကိုပါ အထိမ်းအမှတ်အဖြစ် နှစ်စဉ်ပြုလုပ်ပေးလေ့ရှိပါတယ်။ ဒီလိုလုပ်ပေးဖို့၊မလုပ်ပေးဖို့ကတော့ သင့်သဘောထားပေါ်မှာပဲရာနှုန်းပြည့် မူတည်နေပါတယ်။ တချို့မိသားစုတွေကျပြန်တော့ အိမ်မှာပဲပွဲသေးသေးလေးလုပ်ပြီးကလေးလေးကိုမွေးစားတဲ့ နေ့တုန်းကမှတ်တမ်းတင်ထားတဲ့ ဓါတ်ပုံ၊ဗီဒီယိုစတာတွေကိုအတူကြည့်ရှုကြလေ့ ရှိပါတယ်။ နိုင်ငံရပ်ခြားကကလေးတွေကိုမွေးစားဖို့ အတူတကွ သွားခဲ့ကြပြီးတူညီတဲ့ ရက်တရက်တည်းမှာပဲ မွေးစားဖြစ်ခဲ့ကြသူတွေ စုပေါင်းပြီးတော့ကလေးတွေအတွက် အထိမ်းအမှတ် ပွဲကြီးကြီးမားမား လုပ်လေ့လည်းရှိကြပါသေးတယ်။
သင်အဖြေရခက်မယ့် မေးခွန်းတွေ အမေးခံရလိမ့်မယ်။
သူငယ်ချင်းမိတ်ဆွေတွေ၊ အမျိုးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ ဒါမှမဟုတ် လမ်းမှာတွေ့တဲ့သူတွေကတောင် သင်ကလေးမွေးစားထားတဲ့အကြောင်းကို မေးမြန်းပါလိမ့်မယ်(အထူးသဖြင့် သင့်မွေးစားကလေးဟာတခြားနိုင်ငံကဖြစ်ပြီး သင်နဲ့ ရုပ်ရည်ချင်းမတူတဲ့ အခြေအနေမျိုးတွေမှာပေါ့)။ မေးခွန်းတွေဟာ များသောအားဖြင့် ဘာသဘောမှ မပါဘဲ ရိုးရိုးသားသားမေးတာတွေ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် တချို့မေးခွန်းတွေဟာ ရိုင်းသလိုခံစားရစေနိုင်တဲ့အပြင် သိတတ်တဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ မွေးစားကလေးရှေ့မှာဆိုရင်လည်းအဆင်မပြေပါဘူး(ဥပမာ “ဒီကလေးကိုမွေးစားဖို့ ဘယ်လောက်ပေးခဲ့ရသလဲ” “ဒီလောက်ချစ်ဖို့ကောင်းတဲ့ ကလေးလေးကိုဘယ်လို အမေကများပေးပစ်နိုင်ရတာလဲ” “ကလေးရဲ့ မိသားစုအရင်းအကြောင်းရောဘာသိရသေးလဲ” စတဲ့ မေးခွန်းတွေပေါ့)။
သိပ်ပြီးကိုယ်ရေးကိုယ်တာဆန်လွန်းတဲ့ မေးခွန်းမျိုးတွေ ဒါမှမဟုတ် မဖြေသင့်ဘူးလို့ ထင်တဲ့ မေးခွန်းတွေ (အထူးသဖြင့် ကလေး၊ကလေးရဲ့ မိခင် ဒါမှမဟုတ် သင်ကိုယ်တိုင်ရဲ့ ကိုယ်ရေးကိုယ်တာအတွင်းရေးတွေအကြောင်းကိုမေးလာခဲ့ရင်ပေါ့)ကိုမဖြေဘဲနေပိုင်ခွင့်ရှိပါတယ်။ ဒါဟာကိုယ့်အခွင့်အရေးပါ။ ဒါပေမယ့် သင့်မိသားစုအကျိုးကိုလိုလားတဲ့အတွက် မေးတဲ့မေးခွန်းတွေ ဒါမှမဟုတ် ကလေးမွေးစားတဲ့ ကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေကိုသိချင်လို့ မေးတဲ့ မေးခွန်းတွေ ဆိုရင်တော့ သင့်အနေနဲ့ အခြေအနေကြည့်ပြီးဖြေနိုင်ပါတယ်။ဥပမာ “ကလေးကိုမွေးစားဖို့ ဘယ်လောက်ပေးရသလဲ” ဆိုတဲ့ မေးခွန်းမျိုးကိုဖြေတဲ့အခါ ကလေးမွေးစားတာနဲ့ ပတ်သက်ပြီးအကျိုးဆောင်ပေးတဲ့ အေဂျင်စီဒါမှမဟုတ် မိဘမဲ့ ဂေဟာကိုပေးရတဲ့ အခကြေးငွေ ပိုက်ဆံတွေဟာ (သင့်အနေနဲ့ ပမာဏအတိအကျ ပြောဖို့ မလိုပါဖူး) မွေးစားဖို့လိုအပ်တဲ့ လုပ်ငန်းစဉ်တွေအတွက်နဲ့ ကလေးကိုမွေးကင်းစမှာစောင့်ရှောက်ပေးဖို့အတွက် ပေးရတာသာ ဖြစ်တယ်ဆိုတာကိုနားလည်သဘောပေါက်အောင် ရှင်းပြသင့်ပါတယ်။ တနည်းပြောရရင် သင်ဆေးရုံမှာမီးဖွားရင် ဆရာဝန်နဲ့ ဆေးရုံကိုအခကြေးငွေပေးရတဲ့ သဘောမျိုးပဲ ဖြစ်တဲ့အကြောင်းကိုပြောပြနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။