brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘယ်လိုကုသမလဲ

မွေးကင်းစကလေးတွေရဲ့ ဦးရေပြားမှာ အဆီပြန်ပြီး အရေခွံကွာတဲ့ ပြဿနာရှိတတ်ပါတယ်။ ဒါဟာ cradle cap လို့ ခေါ်တဲ့ အန္တရာယ်မရှိတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။ အန္တရာယ်မရှိဘူးဆိုပေမဲ့ မိဘတွေအတွက် စိတ်ညစ်စရာ ဖြစ်တာကြောင့် ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘယ်လိုကုသမလဲ ဆိုတာကို မျှဝေပေးချင်ပါတယ်။

ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘယ်လိုကုသမလဲ

ဆရာဝန်ကို ဘယ်အချိန်မှာ ပြသသင့်သလဲ။

များသောအားဖြင့် cradle cap ဟာ ဆေးကုသဖို့မလိုဘဲ သူ့အလိုလို ပျောက်ကင်းတတ်ပါတယ်။ ဒါပေမယ့် သူ့ကို အခြားအရေပြားရောဂါတွေနဲ့ (ဥပမာ atopic dermatitis) ခွဲခြားဖို့တော့ အရေးကြီးပါတယ်။ ဆရာဝန်ကို ပြသသင့်တဲ့ အခြေအနေတွေကတော့

  • ဆေးတွေ လိမ်းပေး၊ အိမ်တွင်းနည်းလမ်းတွေနဲ့ ကုသပေးနေတာတောင် ၂ပတ်ကြာတဲ့အထိ မသက်သာရင်
  • ဦးရေပြားက နီရဲရောင်ရမ်းလာရင်
  • ဦးရေပြားအပြင် တခြားနေရာတွေမှာ အလားတူ အနီကွက်တွေ ထွက်လာရင်
  • ကလေးက ခေါင်းယားပြီး ကုတ်တဲ့ပုံစံ၊ နေလို့ မကောင်းတဲ့ ပုံစံဖြစ်နေရင်
  • သင့်အနေနဲ့ ရိုးရိုးဦးရေပြား အဖက်လန်တဲ့ cradle cap ဟုတ် မဟုတ် မသေချာဘူး ဒါမှမဟုတ် ကလေးက ဖျားပြီး ‌နို့မဝင်တော့ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

ကလေးဦးရေပြား အဆီအထွက်များ၊ အဖတ်လန်သော cradle cap ကို ဘယ်လိုကုသမလဲ

များသောအားဖြင့် cradle cap ဟာ ကုသဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် မိဘတွေဟာ ကလေးငယ်ရဲ့ ဦးရေပြားပေါ်က အဖက်လေး‌တွေကို လျော့ပါးစေလိုကြပါတယ်။ ကုသနည်းအနေနဲ့ကတော့ အိမ်တွင်းနည်းလမ်းတွေနဲ့ ဆေးဝါးတွေဆိုပြီး နှစ်ပိုင်း ရှိပါတယ်။

အိမ်တွင်းနည်းလမ်းများ

  • ကလေးငယ်ရဲ့ ဦးရေပြားကို မိမိလက်ချောင်း (သို့) အဝတ်နုနုလေးနဲ့ ညင်သာစွာ ပွတ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်းပွတ်တာ၊ လက်သည်းနဲ့ ကုတ်တာကို မလုပ်ရပါ။
  • ကလေးသုံး ခေါင်းလျှော်ရည်အပျော့စားကို သုံးပြီး နေ့စဉ် ခေါင်းလျှော်ပေးပါ။ ‌ခေါင်းလျှော်ရည်ကို ဆေးမချခင်မှာ ပျော့ပျောင်းတဲ့ဘီးနဲ့ ဖြီးချပါ။
  • အဖက်လေးတွေ ခြောက်ပြီး ကပ်နေရင်တော့ petroleum jelly ဒါမှမဟုတ် သံလွင်ဆီလို အဆီတစ်မျိုးမျိုးကို ခေါင်းမှာ လိမ်းထားပေးပါ။ ပြီးမှ ဘီးနဲ့ဖြီးပြီး ခေါင်းလျှော်ပေးပါ။ ဆီတွေကို ပြောင်အောင် လျှော်ပေးပါ။ ကျန်နေရင် cradle cap ကို ပိုဆိုးစေနိုင်ပါတယ်။
  • အဖက်လေးတွေ မရှိတော့ဘူးဆိုရင် ၂ရက်-၃ရက်ခြား တစ်ခါ လျှော်ပေးပါ။ လုံးဝမလျှော်ဘဲ ထားလိုက်ရင် အဖက်လေးတွေ ပြန်စုလာနိုင်ပါတယ်။

ဆေးဝါးများ

တကယ်လို့ အထက်ပါ နည်းလမ်းတွေနဲ့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး အားသိပ်မပြင်းတဲ့ hydrocortisone cream ဒါမှမဟုတ် 2% ketoconazole ခေါင်းလျှော်ရည်ကို အသုံးပြုရနိုင်ပါတယ်။ ခေါင်းလျှော်တဲ့အခါ ကလေးမျက်လုံးထဲ မဝင်အောင်လို့ ဂရုစိုက်ပါ။

ဆရာဝန်ညွှန်ကြားချက်မရှိဘဲ တခြားဘယ်ဆေးကိုမှ အသုံးမပြုဖို့ သတိပေးလိုပါတယ်။ တချို့သော ဆေးတွေ၊ ခေါင်းလျှော်ရည်တွေက ကလေးရဲ့ အရေပြားထဲကို စုပ်ယူပြီး ဒုက္ခဖြစ်စေတတ်လို့ပါ။

အလိုလိုပဲဖြစ်ဖြစ်၊ ဆေးကုလိုက်လို့ပဲဖြစ်ဖြစ် အဆီဖက်လေးတွေ ဖြစ်တာ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ ပျောက်သွားပြီးရင်လည်း ပြန်ဖြစ်တတ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဦးရေပြားရဲ့ အဆီဂလင်းက အဆီပိုတွေ ဆက်ထုတ်နေလို့ပါ။ အပြီးပျောက်ဖို့ဆိုရင် ကလေးအသက် ၆လ၊ ၁နှစ်လောက်ထိ ကြာနိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Kaung Thar မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 26/06/2023 ဖြစ်ပါသည်။