backup og meta

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ

အရေပြားခြောက်သွေ့မှုက အသက်အရွယ်မရွေးကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ နူးညံ့ပြီး တုံ့ပြန်လွယ်သလို ခံနိုင်ရည်နည်းတဲ့ ကလေးငယ်လေးတွေမှာ အရေပြားခြောက်သွေ့တာက ပိုဆိုးပါတယ်။ ကလေးအရေပြားခြောက်သွေ့တဲ့အခါ အရေပြားမှာ နီရဲတာ၊ ခပ်တင်းတင်းကြီးဖြစ်နေတာ၊ ယားယံတာ၊ အရေပြားအဖတ် လန်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် အရေပြားခြောက်သွေ့တဲ့ ပြဿနာက ကလေးတွေကို  အနေရခက်စေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ မိမိရင်သွေးလေးတွေရဲ့ အရေပြားကို မခြောက်သွေ့အောင်  ကာကွယ်ပေးသင့်ပါတယ်။

ရင်သွေးလေးရဲ့ အရေပြားကို ဘာတွေက ခြောက်သွေ့စေနိုင်လဲ

ဆောင်းရာသီမှာ ပြင်ပက အေးမြခြောက်သွေ့တဲ့လေနဲ့ အိမ်တွင်းက အပူပေးထားတဲ့ လေထုတွေက အသားအရေကို ခြောက်သွေ့စေတဲ့ အဓိကအကြောင်းအရင်းတွေပါ။ ဒီလိုမျိုး အပူအအေးလွန်ကဲတဲ့ လေထုက အရေပြားပေါ်က သဘာဝအစိုဓာတ်ကို ကုန်ခမ်းစေနိုင်ပါတယ်။ နွေရာသီမှာဆိုရင်တော့ နေပူရှိန်၊ လေအေးပေးစက်ကလေ၊ ဆားငန်ရေနဲ့ ကလိုရင်းခတ်ထားတဲ့ ရေကူးကန်ထဲက ရေတွေက ကလေးအရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။

ဒါ့ပြင် ကလေးအရေပြားမှာ အသုံးပြုတဲ့ ဆပ်ပြာတွေ၊ Skincareတွေကလည်း အပြင်းစားတွေ ဖြစ်နေတဲ့အခါ ကလေးရဲ့ အရေပြားမှာကို ထိခိုက်ပြီး ခြောက်သွေ့စေပါတယ်။

အရေပြားခြောက်သွေ့တာကြောင့်ဖြစ်တဲ့ ပြဿနာတွေနဲ့ နောက်ဆက်တွဲပြဿနာတွေက ပြင်းထန်နိုင်ပါတယ်။ ပြင်းထန်တဲ့ နောက်ဆက်တွဲ အရေပြားပြဿနာတွေကတော့ –

  • နှင်းခူ (eczema)။ အရေပြား အရမ်းကို ခြောက်သွေ့တာက နှင်းခူ ဖြစ်စေနိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ အရေပြားက နီရဲတာ၊ ကွဲအက်တာနဲ့ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။
  • အရေပြားက အရမ်းခြောက်သွေ့လာတဲ့အခါ အပေါ်ယံအရေပြားလွှာက စတင်ကွဲအက်လာပြီး ဘက်တီးရီးယားတွေဝင်ရောက်ဖို့ လမ်းစရသွားမှာဖြစ်ပါတယ်။ ဒီလိုကနေတစ်ဆင့် ကိုယ်တွင်းကို ကူးစက်ရောဂါပိုးတွေ ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

ကလေးအရေပြားခြောက်သွေ့တဲ့အခါ နောက်ဆက်တွဲပြဿနာမဖြစ်စေဖို့ မိဘတွေအနေနဲ့ ဘယ်လိုလုပ်သင့်သလဲ

  • ရေချိုးချိန်ကို ကန့်သတ်ပြီး မှန်ကန်တဲ့ရေချိုးဆပ်ပြာကို ရွေးချယ်ပေးပါ

ကလေးကို အချိန်အကြာကြီး ရေချိုးပေးတာ၊ ရေပူနဲ့ ချိုးပေးတာမျိုး မလုပ်ပါနဲ့။ ရေချိုးပေးတာက ညစ်ပေတာတွေကို သန့်စင်ပေးနိုင်ပေမယ့် အရေပြားပေါ်က သဘာဝအဆီတွေကိုလည်း ဖယ်ရှားလိုက်သလိုဖြစ်တာကြောင့် ကလေးအရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။

ကလေးရေချိုးချိန်ကို မိနစ် ၃၀လောက်ချိုးပေးမယ့်အစား ခပ်သွက်သွက်နဲ့ မြန်မြန်လေး ချိုးပေးပါ။ ရေပူနဲ့ ချိုးပေးမယ့်အစား ရေခပ်နွေးနွေးလေးကိုပဲ သုံးပြီးချိုးပေးပါ။ ကလေးကို ရေချိုးကန်ထဲမှာ ဆပ်ပြာရည်ထည့်ပြီး ရေစိမ်ချိုးစေတာမျိုးကိုလည်း ရှောင်ပါ။

Body cleanser အနေနဲ့ကတော့ အမွှေးနံ့ကင်းစင်ပြီး ဆပ်ပြာမပါတာမျိုးကို သုံးပေးတာက ပိုကောင်းပါတယ်။ Body cleanserတွေက ပုံမှန်အသုံးပြုနေကျ လူကြီးသုံးဆပ်ပြာတွေထက် ပိုပြီးနူးညံ့ပါတယ်။ ကလေးတွေကို သန့်စင်ပေးဖို့အတွက် ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ Body cleanserတွေက အသင့်တော်ဆုံးလို့ ပြောချင်ပါတယ်။

  • ကလေးငယ်ကို moisturizer သုံးပေးဖို့မမေ့ပါနဲ့

ရေချိုးပေးပြီးတိုင်း ကလေးငယ်ကို တဘက်စတစ်ခုနဲ့ ဖွဖွလေးသုတ်ပေးရပါမယ်။ ပြီးရင်တော့ moisturizer တစ်ခုခုကို ချက်ချင်း လူးပေးဖို့လိုပါတယ်။ ဒါမှ ရေချိုးလိုက်တုန်းက ကုန်ခမ်းသွားတဲ့ အစိုဓာတ်ကို ပြန်ဖြည့်ပေးနိုင်မှာဖြစ်ပါတယ်။

ကလေးရဲ့အရေပြားကို တစ်နေ့နှစ်ကြိမ် အစိုဓာတ်ထိန်းခရင်မ် လူးပေးရပါမယ်။ ရေချိုးပြီးတစ်ကြိမ်နဲ့ အရေပြားပေါ်က moisturizerတွေ ကုန်သွားလောက်တဲ့အခါ တစ်ကြိမ် လူးပေးပါ။

ကလေးငယ်အတွက် moisturizer ရွေးချယ်တဲ့အခါမှာလည်း ကလေးနဲ့သင့်တော်မယ့် moisturizer ကို ရွေးချယ်ဖို့က အရေးကြီးပါတယ်။ ကလေးအရေပြားနဲ့ မသင့်တော်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက ကောင်းကျိုးထက် ဆိုးကျိုးပိုများပါစေပါလိမ့်မယ်။ အရေပြားခြောက်သွေ့တာကို မသက်သာစေမယ့်အပြင် အရေပြားကျိန်းစပ်တာကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။ နေရထိုင်ရမသက်မသာဖြစ်တာ ပိုဆိုးလာလေလေ ကလေးက ဂျီကျပြီး ကောင်းကောင်းလည်းမအိပ်တော့ပါဘူး။ ဒီလိုတွေဖြစ်တာက ကလေးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

  • နေအိမ်မှာ အစိုထိန်းစက်တပ်ဆင်ထားပါ

တကယ်လို့ အခန်းတွင်းကလေထုက ခြောက်သွေ့နေပုံပေါ်နေရင် အခန်းတွင်းမှာ အစိုထိန်းစက်တပ်ဆင်ထားရပါမယ်။

  • ကလေးကို ရေဓာတ်ပြည့်နေအောင် ထားပေးပါ

အရေပြားမှာ အစိုဓာတ်မရှိတာက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်တာရဲ့ နောက်ဆက်တွဲဖြစ်စဉ်ပါ။ ဒါကြောင့် အရေပြားက အစိုဓာတ်တွေ အငွေ့ပြန်သွားတဲ့အခါ အစိုဓာတ်ရရှိစေနိုင်ဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။ ကလေးက မွေးကင်းစအရွယ်ဆိုရင်တော့ မိခင်နို့နိုင်နိုင်တိုက်ပေးပါ။

ရေအများကြီးသောက်ပေးရုံနဲ့ အရေပြားမှာ moisturizer မလူးဘဲ နေလို့တော့မရပါဘူး။ ရေအများကြီးသောက်ပြီး moisturizer မလူးဘဲ နေတာက တွင်းပေါက်ထဲကို ရေပုံးနဲ့ရေလောင်းချနေတာနဲ့တူတူပါပဲ။

  • ကလေးကို နေဒဏ်လေဒဏ်ကနေ ကာကွယ်ပေးပါ

ရာသီဥတုအေးတဲ့အခါ အေးမြတဲ့ ရာသီဥတုအခြေအနေနဲ့ လေဒဏ်ကြောင့် လက်အရေပြားတွေခြောက်သွေ့ကွဲအက်တာကို ကာကွယ်နိုင်စေဖို့အတွက် လက်အိတ်တွေဝတ်ထားပေးပါ။ နွေးနွေးထွေးထွေးထားပေးပါ။ ဆောင်းရာသီမဟုတ်တဲ့ တခြားအချိန်တွေမှာလည်း ကလေးရဲ့ အသားအရေကို နေဒဏ်၊ လေဒဏ်တွေကနေ ကာကွယ်ပေးပါ။

  • အသားအရေကို ထိခိုက်စေနိုင်တဲ့ ပါဝင်ပစ္စည်းတွေကို ရှောင်ကြဉ်ပါ

တကယ်လို့ သင့်ကလေးငယ်ရဲ့ အသားအရေက တုံ့ပြန်လွယ်တယ်ဆိုရင် ကလေးရဲ့ အရေပြားပေါ်မှာ အမွှေးနံ့ပါတဲ့ ပစ္စည်း‌တွေမသုံးပါနဲ့။ ကလေးအဝတ်အစားတွေကို လျှော်မယ်ဆိုရင်လည်း အမွှေးနံ့မပါတဲ့ ဆပ်ပြာမှုန့်တွေကို ရွေးချယ်ပေးရပါမယ်။ ရေနယ်တဲ့အခါမှာလည်း ကလေးအဝတ်တွေမှာ ဆပ်ပြာတွေကျန်နေခဲ့တာမျိုးမဖြစ်အောင် နှစ်ကြိမ်လောက်ရေနယ်ပေးရပါမယ်။

ဒါ့အပြင် parabens and phthalates – dibutyl phthalate (DBP)၊ dimethylphthalate (DMP) နဲ့ diethylphthalate (DEP) တို့လိုမျိုး ဓာတုပစ္စည်းတွေပါဝင်နေတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက လူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သလို ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကလေးအတွက် သုံးမယ့် အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေမှာ ဒီဓာတုပစ္စည်းတွေ ပါမပါ စစ်ဆေးပါ။

ကလေးငယ်ကို ကြမ်းတမ်းပြီး တင်းကျပ်လွန်းတဲ့အဝတ်အစားတွေ မဝတ်ပေးပါနဲ့။ သိုးမွေးလိုမျိုးပိတ်စတွေက အရေပြားကို ရောင်ရမ်းနီမြန်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

ကလေးငယ်ရဲ့ လက်သည်းတွေကို သန့်သန့်ရှင်းရှင်းထားပြီး ခပ်တိုတိုညှပ်ထားပေးပါ။ ဒါမှ ကလေးငယ်က ယားယံတဲ့နေရာတွေကို ကုတ်တဲ့အခါ ကုတ်ရာခြစ်ရာတွေ မထင်ကျန်ခဲ့မှာဖြစ်ပါတယ်။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Dry Skin https://www.whattoexpect.com/first-year/baby-care/baby-skin-care/dry-skin.aspx Accessed November 30, 2017

Dry skin https://www.babycenter.com/baby-dry-skin Accessed November 30, 2017

Dry skin https://www.mayoclinic.org/diseases-conditions/dry-skin/symptoms-causes/syc-20353885 Accessed November 30, 2017

ယခုပုံစံ

01/07/2024

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာကြောင့်လိုအပ်တာလဲ

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 01/07/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement