backup og meta

အိမ်ထောင်ကွဲမိသားစုအတွင်း ကျန်းမာပျော်ရွှင်နေတဲ့ ကလေးတွေကို ပြုစုပျိုးထောင်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်ထောင်ကွဲမိသားစုအတွင်း ကျန်းမာပျော်ရွှင်နေတဲ့ ကလေးတွေကို ပြုစုပျိုးထောင်နည်း

    လက်ထပ်လိုက်ပြီးတဲ့နောက်ပိုင်းတော့ ကွဲဖို့ကွာဖို့ ဘယ်သူမှ မျှော်လင့်ထားကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘဝဆိုတာ နတ်သမီးပုံပြင်တွေလို သင့်ရဲ့ မင်းသားလေးနဲ့တွေ့ပြီး ထာဝရပျော်ရွှင်စွာ နေထိုင်သွားရလေသတည်းလို့ အဆုံးသတ်ထားတဲ့ ပုံပြင်လေးတစ်ပုဒ်မှ မဟုတ်တာ။ တကယ်လို့များ သင်က ကံဆိုးစွာနဲ့ပဲ ကွာရှင်းခြင်းကသာ နှစ်ဦးနှစ်ဘက်လုံးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်နေတယ်လို့ တွေ့ရှိခဲ့ရင်လည်း နောက်ပိုင်းမှာ သင့်ကလေး ပိုကောင်းတဲ့ ဘဝရစေဖို့အတွက် အခွင့်အရေးရလာတယ်လို့သာ နှလုံးသွင်းပါ။

    ဒီမှာတော့ ပြိုကွဲသွားတဲ့ အိမ်ထောင်စုအတွင်းမှာ ကလေးတွေကို ဘယ်လို ပျော်ရွှင်ကျန်းမာအောင် ပြုစုပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။

    အိမ်ထောင်ကွဲခြင်းရဲ့ ကလေးတွေအပေါ် လွှမ်းမိုးမှုများ

    ကျွန်တော်တို့အားလုံးသိထားကြသလို အိမ်ထောင်တွေကွဲကြပြီဆိုရင် မိဘတွေပဲ ခံစားကြရတာမဟုတ်ပါဘူး။ သူတို့ရဲ့ ကလေးတွေပါ ခံစားကြရတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုကွဲကွာမှုမျိုးက သင့်ကလေးအပေါ် ဘယ်လိုလွှမ်းမိုးထားတယ်ဆိုတာနဲ့ ဒီလို ရှုပ်ထွေးတဲ့ လွှမ်းမိုးမှုကြီးကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ကျွန်တော်တို့ တကယ်ရောသိကြပါရဲ့လား။

    Stop Screaming and The Connected Father စာအုပ်ကို ရေးသားခဲ့သူ စိတ်ရောဂါအထူးကုရာဝန်ဖြစ်တဲ့ Carl Pickhardt ကတော့ အသက်အရွယ်နဲ့ လိင်ကွဲပြားမှုကိုလိုက်ပြီး အိမ်ထောင်ကွဲမိသားစုက ကလေးတွေဟာ ဒီလိုအခြေအနေတွေနဲ့ ကြီးပျင်းလာကြတယ်ဆိုပါတယ်။

    – ဒေါသနဲ့ စိတ်ဓါတ်ကျခြင်း။ ။ ကလေးတွေမှာတော့ ကိုယ့်ကိုကိုယ်ဂရုစိုက်နိုင်မှု ယာယီပျောက်ဆုံးသွားတဲ့ထိဖြစ်နိုင်ပြီး separation anxiety disorder (တွယ်တာရတဲ့အရာကို ခွဲခွာရခြင်းကြောင့်ဖြစ်တဲ့ ပြင်းထန်တဲ့ ဒေါသ)၊ အိပ်ရာဝင်ချိန်တိုင်းငိုတာ၊ အိမ်သာအိုး(အိမ်သာဝင်တတ်ဖို့လေ့ကျင့်ခြင်း)တွေကို ဖျက်ဆီးပစ်တာနဲ့ အိပ်မက်ဆိုးတွေမက်တာမျိုးဖြစ်တတ်ပါတယ်။

    – ဒေါသတကြီးတုံ့ပြန်ခြင်း။ ။ အရွယ်ရောက်လာတဲ့ကလေးတွေကတော့ ပုန်ကန်ပြီး မိဘတွေနဲ့ ဝေးဝေးနေလာပါတယ်။ အချို့တွေဆို လက်စားချေဖို့တွေပါ ကြံစည်တတ်လာပါတယ်။ အချို့ကိစ္စတွေမှာဆိုရင် ကလေးတွေဟာ သူတို့အဖေအမေအပေါ် မကျေနပ်ချက်တွေ စုပေါင်းပြီး လူတွေအပေါ်မုန်းတီးစိတ်တွေပါဝင်လာနိုင်ပါတယ်။ (ယောက်ျားမုန်းတိးရေး၊ မိန်းမမုန်းတီးရေး စသဖြင့်)

    – သူတို့မိဘတွေဟာ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြန်လည်ပေါင်းစည်းပြီး မိသားစုဇာတ်ပေါင်းခန်းလေးရောက်လာလိမ့်မယ်လို့ စိတ်ကူးယဉ်ပြီး မျှော်လင့်ချက် အခိုင်အမာထားခြင်း

    – ချစ်ခြင်းမေတ္တာနဲ့ လက်ထပ်ခြင်းအပေါ် အယုံအကြည်ကင်းမဲ့ခြင်း

    ဒါပေမဲ့ မြောက်များလှစွာသော လေ့လာမှုတွေကလည်း အချို့ပြဿနာတွေက ကလေးတွေဟာ သူတို့မိဘတွေကွဲကွာသွားတဲ့အချိန်မှာ စိတ်သက်သာရာရပြီး ပျော်ရွှင်နေတာမျိုးတွေလည်းရှိနေတတ်တာကို တွေ့ရပြန်ပါတယ်။ သူတို့တွေဟာ ဒီအဖြစ်မျိုးဖြစ်လာဖို့ မျှော်လင့်နေပြီး ကွဲကွာသွားမှသာ သူတို့ရဲ့ ခံစားချက်တွေကို ရှာတွေ့လာတာပါ။

    ကွဲကွာပြီးနောက်ပိုင်း အုပ်ထိန်းခြင်း။ ။ ပျော်ရွှင်ကျန်းမာတဲ့ ကလေးတွေကို ပြုစုပျိုးထောင်နိုင်မယ့် နည်းလမ်း ၆မျိုး

    ၁။ အငြင်းပွားမှုတွေ၊ ဆူပူမှုတွေနဲ့ ကွဲကွာမှုတွေအတွက် ညှိနှိုင်းခြင်းတွေကို ကလေးတွေရဲ့ အဝေးမှာလုပ်ပါ။ မိဘတွေကြားက အငြင်းပွားမှုတွေဟာ ကွဲပြီးမှဖြစ်စေ၊ မကွဲခင်ဖြစ်စေ ကလေးရဲ့ မှတ်ဉာဏ်ကို နာကျင်စေပြီး ကလေးရဲ့ အတွင်းစိတ်ကို ထိခိုက်စေပါတယ်။ တကယ်လို့ ဖြေရှင်းမရတော့ရင်လည်း အတိုင်ပင်ခံတစ်ယောက်ကိုရှာဖို့ ဆုံးဖြတ်ပါ။

    ၂။ တစ်ယောက်အကြောင်းတစ်ယောက်မကောင်းပြောတာမျိုးကို ရှောင်ပါ။ သင့်ရဲ့ကိုယ်ပိုင်ခံစားချက်တွေကို သင်ကိုယ်တိုင်သိမ်းထားလိုက်ပါ။ မနေနိုင်ရင်တော့လည်း သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ မိသားစုဝင်တွေနဲ့ဖြစ်စေ အိမ်အပြင် ကလေးရဲ့ မမြင်ကွယ်ရာမှာသာ ပြောပါ။

    ၃။ ကွဲကွာပြီးနောက်မှာလည်း ရင့်ကျက်မှုနဲ့ အကောင်းမြင်စိတ်တွေပြပြီး ကလေးအတွက် စံပြဖြစ်အောင် နေပြပါ။ အခြားသောကိစ္စတွေထက် ကလေးရဲ့စိတ်ကျန်းမာရေးနဲ့ ခံစားချက်တွေကို ရှေ့တန်းတင်ပါ။ ဖြစ်နိုင်မယ်ဆိုရင် အနာဂတ်မှာကြုံလာရမယ့် စီးပွားရေးဆိုင်ရာ ပြဿနာတွေနဲ့ အုပ်ထိန်းမှုနဲ့ပတ်သက်တဲ့ ပြဿနာတွေကို မကြေငြာခင် ကလေးတွေနဲ့အရင် အစီအစဉ်ဆွဲပါ။

    ၄။ အသက်အရွယ်နဲ့လိုက်ပြီး သူတို့အပေါ်မှာ ရိုးသားပါ။ ဒီအရေးပေါ်အခြေအနေတွေကို သူ့ကိုမပြောခင် သင်ပထမဆုံးလုပ်ရမယ့်အလုပ်က ရိုးသားဖို့ပါပဲ။ ကလေးတွေဟာ သင့်ရဲ့ ကွာရှင်းပြတ်စဲခြင်းနောက်ကွယ်က အကြောင်းရင်းတွေကို အသေးစိတ်သိဖို့ မလိုပေမယ့် ဘဝမှာ တွေ့ရလာနိုင်တဲ့ အပြောင်းအလဲတွေကို ရင်ဆိုင်နိုင်ဖို့အတွက် ပြောစရာရှိတာကိုတော့ ပြောပြပါ။ ဖြစ်နိုင်မယ်ဆိုရင် သူတို့မေးတဲ့ မေးခွန်းတွေကိုလည်း ရိုးရိုးသားသား မှန်မှန်ကန်ကန်ဖြေဆိုပါ။ ပိုပြီးငယ်နေသေးတဲ့ကလေးတွေအတွက်တော့ အရိုးရှင်းဆုံးနည်းလမ်းကိုသာ အသုံးပြုပါ။ ပိုကြီးတဲ့ကလေးတွေ၊ ဆယ်ကျော်သက်တွေအတွက်တော့ သူတို့သိသင့်သိထိုက်တာလေးတွေကို ပြောပြဖို့ လိုအပ်ပါလိမ့်မယ်။ သေသေချာချာမပြောကြ မဆွေးနွေးကြခင်မှာ “ဘယ်မှာနေမှာလဲ” ဆိုတဲ့မေးခွန်းလို အခြေခံကျတဲ့မေးခွန်းတွေအပြင် “ ပိတ်ရက်တွေမှာရော တူတူနေလို့ရမှာလား” ဆိုတဲ့မေးခွန်းတွေကိုပါ ဖြေဆိုနိုင်ဖို့ ပြင်ဆင်ပါ။

    ၅။ နှစ်ဘက်လုံးက ကလေးတွေရဲ့ ဘဝတွေထဲမှာ ပါဝင်ပတ်သက်နေပါစေ။ ကလေးတွေနဲ့ သင့်ရဲ့ အိမ်ထောင်ဘက်ဟောင်း တွေ့မယ့်ကိစ္စတွေကို မတားမြစ်ပါနဲ့။ တကယ်တမ်းမှာလည်း သူတို့ကို ကလေးတွေဆီ မကြာခဏအိမ်လာလည်ဖို့၊ ဖုန်းခေါ်ဖို့နဲ့ စာရေးဖို့ တိုက်တွန်းပါ။ ကွာရှင်းပြတ်စဲတာက ကလေးတွေမဟုတ်ပါဘူး။ သင်က ကွာရှင်းထားတာပါ။

    ၆။ သင့်ကလေးတွေအတွက်လည်း သင်က သူတို့ကို အရမ်းချစ်တယ်ဆိုတာ သိနေပါစေ။ ။ သူတို့နဲ့ စကားပြောဖို့ အချိန်တွေဖန်တီးပါ။ အပြန်အလှန်ဆက်သွယ်ပါ။ သူတို့သင့်ကို လိုအပ်တိုင်း သင်ရှိနေပါစေ။ သူတို့ရဲ့ခံစားချက်တွေကို အသိအမှတ်ပြုပြီး သင့်ရဲ့ အဆုံးမရှိတဲ့အချစ်၊မပြောင်းလဲတဲ့ အချစ်တွေကိုလည်း သူတို့ကို ပြပါ။ သူတို့ဖာသာ ပြန်လည်ကုသနိုင်ဖို့ သင့်ရဲ့စကားလုံးတွေ၊နဲ့ အပြုအမူတွေဟာ ဒီလိုအခြေအနေမျိုးမှာ သိပ်ကို အရေးပါတယ်ဆိုတာ မမေ့ပါနဲ့။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Wathun Myat Chal မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement