backup og meta

သင့်ကလေး ဉာဏ်ရည်မြင့်မားစေမည့် ကစားစရာများ


Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေး ဉာဏ်ရည်မြင့်မားစေမည့် ကစားစရာများ

    ကလေးများအတွက် ကစားစရာများဝယ်ရာတွင် ရွေးချယ်စရာ များစွာရှိပါသည်။ ဤဆောင်းပါးတွင် ကလေးများ၏အသက်အလိုက် သင့်လျော်သောကစားစရာများ ကိုဖော်ပြပေးထားပါသည်။ ၎င်းတို့သည် ကလေးများကို ပျော်ရွှင်စေမည့်အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါတိုးတက်စေပါလိမ့်မည်။

    ၁။ အသက်သုံးလအရွယ်ကလေးများအတွက်ကစားစရာများ

    ပထမပိုင်းလများတွင်အရာဝတ္ထုများကိုဘယ်လိုဆုပ်ကိုင်ရမည် သို့မဟုတ် ဘယ်လိုထိုင်ရမည်ဆိုသည်ကို ကလေးများမလုပ်တတ်သေးခင်တွင် ကလေးများသည် နားထောင်နိုင်မည့်အရာများကို ပိုမိုမျှော်လင့်ကြသည်။ အရောင်အသွေး တောက်ပပြီးစုံလင်သော ကစားစရာများသည် ကလေးများကြည့်ဖို့အတွက် အကောင်းဆုံး၊အလွယ်ကူဆုံး ပင်များဖြစ်သည်။ သင်သည်ကလေးများကို mp3 player သို့မဟုတ် သီချင်းနားထောင်သည့်အရာ၊လက်နှင့်ကိုင်နိုင်သောအရာ၊ ရွေ့လျားပြီးမကွဲနိုင်သောမှန်များ၊ အရောင်တောက်ပသည့်နူးညံ့သောစာအုပ်များ၊ အာရုံခံနိုင်သည့် ကစားစရာများ၊ ဂျောက်ဂျက်များ၊သံစုံခေါင်းလောင်းများဝယ်ပေးနိုင်ပါသည်။

    ၂။ သုံးလမှခြောက်လအထိ ကလေးများအတွက် ကစားစရာများ

    ဤအရွယ်ကလေးများ၏ လက်များသည် လက်သီးဆုပ်ရုံသာမကဘဲ အရာဝတ္ထုများကိုပါ ဆုပ်ကိုင်နိုင်ပြီဖြစ်သည့်အတွက် သူတို့၏လက်များကို ပိုမိုအသုံးချလိုကြပါသည်။ သို့ဖြစ်၍ကလေးများသည် သူတို့၏လက်ထဲတွင်ဆုပ်ကိုင်နိုင်သောအရာများကို ဆော့လိုကြသည်။ ပေါ့ပါးသောဂျောက်ဂျက်များ၊ နူးညံ့သောတိရိစ္ဆာန်အရုပ်များ၊ ညှစ်၍ရသောရော်ဘာရုပ်များ၊ အရောင်စုံပါသောကွင်းများ စသည်တို့ဖြစ်ပါသည်။

    ၃။ ခြောက်လမှကိုးလအရွယ် ကလေးများအတွက် ကစားစရာများ

    ဤအဆင့်တွင်ကလေးများသည် အရာဝတ္ထုများ၏တည်ရှိမှုကို ပိုမိုသတိပြုလာနိုင်သည်။ သူတို့၏ကစားစရာများကို မတွေ့ပါက ကစားစရာများကို သတိရနေတတ်သည်။ ကလေးများသည် ဤအရွယ်တွင် လှုပ်လှုပ်ရှားရှားလုပ်နိုင်ပြီဖြစ်သည်။ အောက်ပါကစားစရာများသည် သူတို့၏ကြီးထွားဖွံ့ဖြိုးမှု ကျွမ်းကျင်မှုများကိုမြန်ဆန်စေရန်ကူညီပေးနိုင်ပါသည်။၎င်းတို့မှာ စာအုပ်များ၊ ကိုင်ပြီး ကစားနိုင်သောကစားစရာများ၊ နူးညံ့သောတိရိစ္ဆာန်ရုပ်များနှင့်အရုပ်များ၊ဘောလုံးများ၊ အသံထွက်သောကစားစရာများ၊ တွန်းရသောကစားစရာများ ဖြစ်သည်။

    ၄။ အသက်ကိုးလမှ တစ်ဆယ့်နှစ်လအတွင်း ကလေးများအတွက်ကစားစရာများ

    သင့်ကလေးသည် အသက်ကိုးမှ တစ်ဆယ့်နှစ်လအတွင်း ရှိသောအခါတွင် သူတို့သည် အခန်းထဲတွင် တွားသွားခြင်း၊ လေးဖက်သွားခြင်းများပြုလုပ်နိုင်ပြီဖြစ်သည်။။ အသက်တစ်ဆယ့်နှစ်လအရွယ်ရောက်သောအခါတွင် သူတို့သည်မတ်တပ်ရပ်ပြီး လမ်းပင်လျှောက်နိုင်ပြီဖြစ်သည်။ သူတို့၏ပြဿနာဖြေရှင်းနိုင်စွမ်းများလည်းတိုးတက်လာ ပြီဖြစ်သည်။ သူတို့သည် စကားလုံးများကို စတင်နားလည်နေပြီးတော့ အရာဝတ္ထုများ၏နာမည်များကိုလည်း မှတ်သားနိုင်ပြီဖြစ်သည်။ ထိုအရွယ်ကလေးများအတွက် သင်၏အိမ်ကို ကလေးလက်ဆော့သည့် ဒဏ်ခံနိုင်အောင်ပြင်ဆင်ထားသင့်ပါသည်။ ထိုအရွယ်ကလေးများသည် တွေ့သမျှအရာအားလုံးကို သူတို့၏ပါးစပ်ထဲသို့ထည့်လေ့ရှိကြသည်။ သို့ဖြစ်၍သူတို့အသက်အရွယ်နှင့် သင့်တော်သော ကစားစရာများပေးသင့်သည်။ ထိုကစားစရာများမှာ တွန်း၍ရသောကစားစရာများ၊ ဘောလုံးများ၊ကစားစရာတယ်လီဖုန်းများ၊စာအုပ်များ၊ လေးထောင့်အတုံးများ၊ကလေးကစားသည့်လက်ဆွဲပုံးများ၊ဂေါ်ပြားများ စသည်တို့ဖြစ်သည်။

    ၅။ တစ်ဆယ့်နှစ်လမှ တစ်ဆယ့်ရှစ်လအထိ ကလေးများအတွက်ကစားစရာများ

    ဤအဆင့်တွင် ကလေးအများစုသည် သူတို့လုပ်ဆောင်ချက်များ၏အကျိုးဆက်များကို အလွန်သဘောကျကြသည်။ အဘယ်ကြောင့်ဆိုသော်သူတို့၏ မှတ်ဉာဏ်သည် ပိုမိုဖွံဖြိုးလာနေသောကြောင့်ဖြစ်သည်။ လမ်းလျှောက်ပြေးတတ်ကာစ ကလေးများသည် လူကြီးများလုပ်သည်ကိုကြည့်ပြီးလိုက်လုပ်တတ်ကြသည်။ သို့ဖြစ်၍နေ့စဉ်လုပ်ငန်းဆောင်တာများနှင့် တူညီသောကစားစရာများကိုပေးဆော့ပါ။ ဥပမာပြောရလျှင် ကြီးမားသော အိမ်ဆောက်တမ်းကစားရသည့်သစ်သားတုံးများ၊ ဘောလုံးများ၊တက်စီးလို့ရသည့်ကစားစရာများ၊ရုပ်ပုံများပါဝင်သည့်စာအုပ်များ၊အလွယ်တကူဖျက်၍ရသောစာရွက်များနှင့် ရောင်စုံခဲတံများ၊ တွန်းရဆွဲရသောကစားစရာများ၊ အမျိုးအစားခွဲပြီးဆော့ရသောအရုပ်များ စသည်တို့ဖြစ်သည်။

    ၆။ တစ်ဆယ့်ရှစ်လမှနှစ်ဆယ့်လေးလအရွယ်ကလေးများအတွက်ကစားစရာများ

    ဤအရွယ်တွင် သူများကိုမမှီခိုဘဲလုပ်ရသည်ကို ပိုမိုပျော်ရွှင်တတ်ကြသည်။ သို့သော်လည်း သူတို့၏လုပ်နိုင်သည့်အတိုင်းအတာများကို သတိပေးပါ။ သူတို့သည် “ကိုယ့်ဘာသာကိုလုပ်မည်” ဟုဆိုကာအရာရာတိုင်းကို သူတို့ဘာသာလုပ်ဖို့ခေါင်းမာတတ်ကြသည်။ သို့သော်လည်းမိနစ်အနည်းငယ်အကြာတွင်အဖေနှင့်အမေကိုအကူအညီလှမ်းတောင်းတတ်ကြသည်။ ထိုအရွယ်တွင် ပေးကစားသင့်သောကစားစရာများမှာ အိမ်ဆောက်တမ်းဆော့သည့်ကစားစရာများ၊အိမ်ဆောက်တမ်းဆော့ရသည့် သစ်သားတုံးအကြီးအသေးမျိုးစုံ၊ ကစားစရာတူရိယာအမျိုးမျိုး၊ပဟေဠိ၊ရုပ်ပုံကားချပ်များပါ သောစာအုပ်များ၊စီဒီခွေများ၊မီးရထားတွဲများ၊ဘောလုံးများ၊ စာရွက်နှင့်ရောင်စုံခဲတံများ စသည်တို့ဖြစ်သည်။

    ၇။ နှစ်ဆယ့်လေးလမှ သုံးဆယ်လအထိ ကလေးများအတွက်ကစားစရာများ

    ဤအရွယ်တွင်မိမိကိုယ်ကိုယုံကြည်မှုပိုမိုရှိလာကြသည်။ ကိုယ့်ဘာသာကိုလုပ်လိုခြင်းနှင့် သူများအကူအညီတောင်းခံရခြင်းများကြားတွင် လူကြီးပြောစကားနားမထောင်တတ်ခြင်းများ ဖြစ်လာတတ်ကြသည်။ မည်သူ့ကိုမျှမမှီခိုလိုခြင်းနှင့်အတူ စကားများလည်းပိုမိုပြောတတ်လာကြသည်။ သို့ဖြစ်၍သင့်ကလေးအား သူ၏စွမ်းအင်ကိုအသုံးပြုနိုင်မည့် ကစားစရာများနှင့်လုပ်ဆောင်ချက်များကိုရှာဖွေပေးပါ။ သူတို့၏ဖွံ့ဖြိုးလာသောဉာဏ်ရည်ကို စိန်ခေါ်နိုင်မည့်ကစားစရာများလည်းပေးဆော့ပါ။ ဥပမာ တက်ပြီးစီးနိုင်သောကစားစရာများ၊ဘောလုံးများ၊အနုပညာနှင့်ပက်သက်သော အထောက်အပံ့ ကစားစရာများ၊တီးခေါက်ရသောတူရိယာများ၊ အဝတ်အစားဝတ်ပေး၍ရသောအရုပ်များ၊ ကလေးအရွယ်အိမ်သုံးပစ္စည်းများ၊ တည်ဆောက်ရေးဆိုင်ရာပစ္စည်းများ၊ ပဟေဠိများစသည်တို့ဖြစ်သည်။

    ၈။ သုံးဆယ်မှ သုံးဆယ့်ခြောက်လအရွယ် ကလေးများအတွက်ကစားစရာများ

    သင့်ကလေးများသည် ထိုအရွယ်တွင် လမ်းလျှောက်ခြင်း၊ပြေးခြင်း၊ခုန်ခြင်းများတွင် မိမိကိုယ်ကိုယုံကြည်မှုရှိနေပြီဖြစ်သည်။ သို့ဖြစ်၍၎င်းတို့သည် အားကစားဆိုင်ရာပစ္စည်းများနှင့် ကစားရခြင်းကိုနှစ်သက်လာကြသည်။ အခြားကလေးများနှင့် ပူးပေါင်းဆော့ကစားလိုစိတ်များ လည်းဖြစ်ပေါ်လာကြသည်။ အုပ်စုလိုက်ကစားသော ဂိမ်းများကိုလည်း ပိုပြီးသဘောကျလာကြသည်။ အသက်ကြီးလာသောအခါတွင် သင့်ကလေးသည် စိတ်ကူးစိတ်သန်း ပိုမိုကောင်းမွန်လာလိမ့်မည်။ သူတို့သည်သူတို့၏ ပုံပြင်များ၊ဇာတ်လမ်းများ၊စွန့်စားစရာများ၊ကာတွန်းဇာတ် ကောင်များကို စတင် ဖန်တီးနိုင်ကြပြီဖြစ်သည်။ သို့ဖြစ်၍ပဟေဠိများ၊မှတ်ဉာဏ်ဆိုင်ရာဂိမ်းများ၊ ကလေးအရွယ်ပန်းကန်ပြားများ၊အိုးများ၊ဒယ်ပြားများ၊ တည်ဆောက်ခြင်းဆိုင်ရာပစ္စည်းများ၊အနုပညာဆိုင်ရာ ကစားစရာများ၊အိမ်ပြင်တွင်ဆော့နိုင်သော ကစားစရာများ၊စာအုပ်များပေးဆော့နိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Kaung Thar မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement