backup og meta

ကလေးဆုံးမချိန်တွင် အဖြစ်တတ်ဆုံးအမှားများ


Dr. Su Sandy မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဆုံးမချိန်တွင် အဖြစ်တတ်ဆုံးအမှားများ

    လေးစားမှု မပေးခြင်း

    ကျွန်ုပ်တို့ မိဘများသည် ကိုယ့်ကို လေးစားရန် ကလေးများကိုသင်ကြားကြသော်လည်း လေးစားမှုသည်အပြန်အလှန် ဖြစ်သင့်ကြောင်းကိုမေ့နေတတ်ကြသည်။ အဖြစ်အများဆုံးအမှားမှာ ကလေးများကို ဆုံးမရာတွင် အောက်ငေါက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပြောခြင်း၊ စိတ်ဆိုးမာန်ဆိုးပြောခြင်း သို့မဟုတ် ကလေးကို နှိမ့်ချစော်ကားပြောဆိုခြင်းတို့ဖြစ်သည်။ အပြန်အလှန်လေးစားမှုသည်ကလေးများကို ဆုံးမရာတွင် သတိရရမည့် အရေးကြီးသော အချက်ဖြစ်သည်။

    သင့်ကလေးနှင့် စကားပြောရာတွင် ကလေး၏ မျက်လုံးနှင့် တပြေးတည်းတွင် ထိုင်ပြောပြီး ပြဿနာကို လေးစားဖွယ်ရာ အပြုအမူပြပြီး ညင်သာစွာဆွေးနွေးပါ။ သင်ဘယ်လောက်စိတ်ဆိုးနေပါစေ တည်ငြိမ်အောင်ကြိုးစားပြီး သင့်ကလေးကို မအော်ငေါက်ပဲ၊ မနှိမ့်ချပဲ ပြောဆိုဆွေးနွေးပါ။

    စိတ်ဆိုးနေစဉ် ဆုံးမခြင်း

    မိဘများသည် ကလေးများကို ဆုံးမသည့်အချိန်သည် သူတို့ပင်ပန်းနေချိန်၊ စိတ်ရှုပ်ထွေးနေချိန်ဖြစ်လေ့ရှိသည်။ သူတို့သည်ထိုအချိန်မျိုးတွင် စိတ်ပင်ပန်းနေတတ်ပြီး ငြိမ်သက်စွာနေလိုသော်လည်း သင့်ကလေးက တစ်အိမ်လုံးပတ်ပြီး ဆော့နေတတ်သည်။ ထိုအချိန်တွင် သူတို့ကို အော်ဟစ်ပြီး ငြိမ်ငြိမ်ထိုင်ပြီး အရုပ်နှင့် ကစားရန်ပြောမိနိုင်သည်။ ထိုအရာမှ ကလေးသည် ဘာကိုသင်ယူသွားမည်နည်း။ ဘာကိုမှ မသင်ယူမိနိုင်ပါ။ စိတ်ငြိမ်ငြိမ်ထားပြီး သင့်ကလေးကို အန္တရာယ် မရှိလျှင် ဆက်လက်ဆော့ကစားခွင့်ပြုထားလိုက်ပါ။ သင် ဆူညံသံများကို မခံနိုင်သည့်အခါတွင် သူတို့ကို သင်ပင်ပန်းပြီး တိတ်ဆိတ်စွာနေလိုသည့်အကြောင်းရှင်းပြပြီး ကလေးကို တခြားနည်းဖြင့်ကစားပေးရန် အေးအေးဆေးဆေးပြောပါ။ ထိုအပြုအမူသည် သင့်ကို အေးချမ်းမှုကို ရစေမည်သာမက ကလေးကို လည်း သူတပါး၏ စိတ်အခြေအနေကို ထည့်သွင်းစဉ်းစားပြီး လေးစားတတ်ရမည်ဖြစ်ကြောင်း သင်ကြားပေးလိုက်ခြင်းဖြစ်သည်။

    အပြောင်းအလဲများခြင်း

    သင့်ကလေးကို အခန်းကို သန့်ရှင်းရမည့်အကြောင်းမသင်ထားပဲ သူ့အခန်းကို အရုပ်များနှင့် ရှုပ်ဖွထားသည့် အတွက် ဆူပူလျှင် သင့်ကလေးသည် ညွှန်ကြားချက်ကို အသေအချာမရနိုင်ပါ။ အကောင်းဆုံးမှာ သင့်ကလေး၏ အပြုအမူကိုကောင်းစေရန် ပြုပြင်ပေးပြီး ညွှန်ကြားချက်များကို နားလည်အောင် သေချာပေးရမည်။

    သင့်ကလေးကို ရိုးရှင်းသောညွှန်ကြားမှုများပေးပါ။ ဥပမာ သင့်ကလေးကို အခန်းသန့်ရှင်းရေးပုံမှန်လုပ်စေချင်လျှင် အခန်းသန့်ရှင်းရမည့်နေ့ကို ပြက္ခဒိန်တွင် မှတ်သားထားပေးပါ။ သင့်ကလေးကို ကောင်းသောအပြုအမူများကို လေ့ကျင့်ပေးသော်လည်း သူမလိုက်နာသည့်အခါတွင် သူ့ကို နောက်ဆက်တွဲဖြစ်နိုင်သည်များကို သိအောင်ပြပါ။( ဥပမာ သူနှစ်သက်သောအရုပ်ကို အချိန်တခုထိ ဆော့ကစားခွင့် မပေးသကဲ့သို့) အပြစ်တစ်ခုတည်းအတွက် အပြစ်ပေးမှုအမျိုးမျိုး မလုပ်ပါနှင့်။ စည်းကမ်းချမှတ်ရာတွင် သတ်သတ်မှတ်မှတ်နှင့် တစ်သမတ်တည်းဖြစ်အောင် လုပ်ပါ။

    မဖြစ်နိုင်သော မျှော်မှန်းချက်များ မထားပါနှင့်။

    လူကြားထဲတွင် ဆုံးမခြင်းသည် အကောင်းဆုံးသော မိဘမျိုးကိုပင် ဆိုးသွားစေသည်။ သင့်ကလေးကို စားသောက်ဆိုင်တွင် ငြိမ်ငြိမ်ထိုင်စေချင်သော်လည်း ကလေးက ထိုအရာကို နားလည်ချင်မှနားလည်မည်။ သူ့ကို ငြိမ်ငြိမ်ထိုင်ရန်သာ မပြောပဲ ဘာကြောင့် ထိုသို့ လုပ်ရမည်ကို အကျိုးအကြောင်းရှင်းပြပါ။ သင့်ကလေးကိုအပြုအမူပြောင်းလဲစေရန် စိတ်ရှည်ရှည်ထားပြီး အချိန်ယူပြုပြင်ပါ။

    မကောင်းမြင် တတ်ခြင်း

    ကလေးကို ဘာလုပ်သင့်သည်ကို မပြောပဲ သူ့အမှားကို အပြစ်တင်ပြောဆိုခြင်းသည် မကောင်းသည့် ဦးတည်ချက်ကိုဖြစ်စေသည်။

    ပို၍ကောင်းအောင်လုပ်နိုင်သည့် အရာကို ပြောပြခြင်းဖြင့် အကောင်းဘက်သို ဦးတည်သင့်သည်။ သင့်ကလေးသည် သင့်ကို ပြန်ခံပြောပါက ကလေးကို မည်သို့ မှန်ကန်ကောင်းမွန်သောနည်းလမ်းဖြင့် ပြောဆိုရမည်ကို သင်ကြားပေးပါ။ မောင်နှမအချင်းချင်း ရန်ဖြစ်နေလျှင် သူတို့အတူတကွ အလုပ်တစ်ခုကိုဖြစ်မြောက်အောင် လုပ်ခိုင်းခြင်းဖြင့် ကောင်းမွန်သော ဆက်ဆံရေးကို တည်ဆောက်ခိုင်းနိုင်သည်။

    ဆုံးမရာတွင် အပြစ်ပေးဖို့လိုသည်ဟု အထင်မှားခြင်း

    မိဘများသည် ကလေးကို ဆုံးမခြင်းသည် စည်းကမ်းကောင်းအောင် ပြုလုပ်ခြင်းဖြစ်ပြီး အပြစ်ပေးခြင်းကို လုပ်ရန် မလိုသည့်အကြောင်းကို မေ့နေတတ်ကြသည်။ စည်းကမ်းချပေးခြင်းသည် သူတို့လိုက်နာရမည့် စည်းကမ်းများကို ချမှတ်ပေးခြင်းဖြစ်ပြီး ကလေးသည် သူ့ထံမှ ဘယ်အရာကို မျှော်လင့်သည်ကို နားလည်စေပါသည်။ ဖြစ်သင့်သည်မှာ ကလေးများကို အပြစ်ပေးရန်မလိုပဲ ကလေးက သူ့ဘာသာ စည်းကမ်းကောင်းကို လိုက်နာတတ်ရန် ပျိုးထောင်ပေးရန်လိုပါသည်။

    ကလေးကိုစည်းကမ်းချပေးသည့် အခါ သူ့အတွက်ဘယ်အရာ ကောင်းစေသည်ကို နားလည်အောင် ပြသရမည်။ ကလေး၏ မကောင်းသောအပြုအမူများကိုလည်း အပြစ်ပေးခြင်းထက် ဘယ်လိုကောင်းမွန်သော နည်းလမ်းဖြင့် ကိုင်တွယ်ရမည်ကို နားလည်အောင် ပြောပြပါ။

    သင်ပြောသည့်အတိုင်း သင်ကိုယ်တိုင်မလုပ်ခြင်း

    တစ်ခါတစ်ရံ မိဘများသည်သူတို့သားသမီးများကို မပြုလုပ်စေလိုသော အပြုအမူမျိုးကို သူတို့ကိုယ်တိုင် ပြုလုပ်ကြသည်။ နောက်တစ်ကြိမ်တွင် သင်လိုချင်သည့်အတိုင်း မဖြစ်လျှင်အော်ဟစ်ဆူပူခြင်း မပြုလုပ်ပါနှင့်။ လုပ်မိလျှင် ချက်ချင်းရပ်ပြီး တောင်းပန်ခြင်းဖြင့် သင့်ကလေးသည် ထိုအရာသည် မှားသောအပြုအမူဖြစ်ပြီး သင်မှားမှန်းသိသည်ကို သိသွားလိမ့်မည်။ ကလေးသည် သင်ပြောသည်ကို နားမထောင်သည်မှာ ဖြစ်နိုင်သော်လည်း သင့်အပြုအမူကို သေချာစွာသတိပြုနေပါသည်။ သင့်အပြုအမူသည် ကလေးကို မကောင်းသော အပြုအမူများသင်ကြားပေးသလို ဖြစ်နေနိုင်သောကြောင့် ကလေးရှေ့တွင် အပြုအမူ၊ အပြောအဆိုများ သတိပြုပါ။

    ဆုံးမသည့် နည်းလမ်းသည် သင့်ကလေးအတွက် အဆင်မပြေခြင်း

    ကလေးကို  စည်းကမ်းထိန်းသိမ်းရာတွင် ပုံသေနည်းတစ်ခုတည်းဖြင့် မရပါ။ ကလေးတစ်ယောက်အတွက် အဆင်ပြေသော်လည်း ထိုနည်းလမ်းသည် အခြားကလေးတစ်ယောက်အတွက် အဆင်မပြေဖြစ်နိုင်သည်။ နည်းလမ်းတစ်မျိုးထဲကိုထပ်ခါ ထပ်ခါ ကြိုးစားခြင်းထက် ကလေးအတွက် အကောင်းဆုံးဖြစ်နိုင်မည့် အခြားနည်းလမ်းများကိုလည်း ပြောင်းသုံးကြည့်သင့်သည်။

    ကလေးများကို လူကြီးများကဲ့သို့ပင် ယူဆမှတ်ယူပါ။ ကလေးတစ်ယောက်သည် အခြားတစ်ယောက်ထက်ပို၍ ခေါင်းမာနိုင်သလို၊ ပို၍လည်းစိတ်ပျော့နိုင်သည်။ ကလေးတစ်ဦးချင်းအတွက် မတူညီသောနည်းလမ်းများကိုသုံးပါ။ ဥပမာ ကလေးတစ်ယောက်သည် အနည်းငယ်သတိပေးယုံဖြင့် သူ၏လုပ်ရပ်ကို ရပ်တန့်သော်လည်း၊ အခြားကလေးတစ်ယောက်သည် အသေအချာစောင့်ကြည့်ပြီး ဆုံးမပြုပြင်ပေးရန် လိုအပ်နိုင်ပါသည်။

    ကလေးကိုလုံး၀ မဆုံးမခြင်း

    ကလေးများကိုဘာကြောင့် ဆုံးမရန်လိုသည်ဆိုသည့် အကြောင်းပြချက်များစွာရှိသည့်အနက် တစ်ခုမှာ ကောင်းစွာ ဆုံးမပြီးစည်းကမ်းကောင်းသောကလေးများသည် ကြီးလာသည့်အခါ ပျော်ရွှင်ပြီး ကိုယ့်ကိုယ်ကို ကောင်းအောင်နေသော လူများဖြစ်လာကြသောကြောင့်ဖြစ်သည်။ ကလေးများကို စည်းကမ်းမချမှတ်ပေးလျှင် ရလဒ်သည် ကလေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်။ ကောင်းစွာမဆုံးမထားသောကလေးသည် ပျက်စီးသွားပြီး တစ်ကိုယ်ကောင်းဆန်သော၊ ကိုယ့်ဘာသာကိုယ်မထိန်းချုပ်နိုင်သော လူများဖြစ်လာကြသည်။

    သင့်ကလေးကို စည်းကမ်းများချမှတ်ပေးသည့်အခါ သူတို့ကိုဖြစ်စေချင်သည့်မလုပ်သည့်အခါတွင် ဖြစ်တတ်သောနောက်ဆက်တွဲများကိုရှင်းလင်းအောင် ပြထားပါ။ သင့်ကလေးကိုဆုံးမသည့်အခါ သင့်ကိုစိတ်ဆိုးမည်ကို စိုးရိမ်လျှင်စိတ်ထဲတွင် အမြင်ကျယ်ကျယ်ထားပါ။ ကလေးကိုမဆုံးမပဲထားခြင်းသည် သူ့အတွက်မကောင်းပါ။ ကလေး၏ မကောင်းသော အပြုအမူများကို ချစ်ခင်စွာဖြင့် ကောင်းမွန်သော နည်းလမ်းများကို သုံးပြီး ဆုံးမသည့်အခါတွင်ကလေးသည် သူ့အမှားမှ သင်ခန်းစာယူနိုင်ပြီး သင်ယူနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Su Sandy မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement