backup og meta

ဘေဘီလေး တို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေး တို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့

    မေမေတို့ရဲ့ ဘေဘီလေး တွေကို အသားဖြူစေချင်၊ အသားလှစေချင်လွန်းလို့ သိပ်ဂရုစိုက်ပေးကြတယ် မဟုတ်လား။ ပင်ကိုယ် ကိုက နုနယ်၊ နူးညံ့လွန်းတဲ့ အရွယ်လေးတွေဆိုတော့ လူကြီးတွေလို အသားအရေထိန်း ပေးလို့လည်း မရဘူးလေ။ တကယ်လို့ ဂရုစိုက်ပုံ မှားနေခဲ့ရင် ကလေးအသားအရေ၊ ကလေးအရေပြားမှာ ထိခိုက်ရနိုင်ခြေ များပါတယ်။

    ဒါ့ကြောင့်ပဲ ဘေဘီလေး တို့ရဲ့ အသားအရေ ကျန်းမာစေဖို့ ဒီအချက်တွေ မေမေတို့ သတိထားပေးပါနော်။

    ဘေဘီလေး တွေကို ရေချိုးဖို့ မလောပါနဲ့။

    လူကြီးတွေရဲ့ အရေပြားထက် အဆပေါင်းများစွာ ပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေ ခြောက်သွေ့သွားရင် ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာ ရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါ့ကြောင့်‌ နေ့တိုင်း ရေမချိုးပေးပါနဲ့။ တစ်ပတ်သုံးကြိမ်လောက်ပဲချိုးပေးပါ။

    သန့်စင်ပေးတဲ့အခါ ဂရုစိုက်ပါ။

    တစ်လဝန်းကျင် ဘေဘီလေးကို တစ်ပတ်နှစ်ကြိမ်၊ သုံးကြိမ် အပျော့စားဆပ်ပြာရည်လေးသုံးပြီး ရေမြှုပ်လေးနဲ့ ရေချိုးပေးလို့လည်း ရပါတယ်။ ဒီကြားထဲမှာ ကလေးရဲ့ပါးစပ်တဝိုက်၊ လက်နဲ့ခြေထောက် အကွေးအဆန့်ကြားလေးတွေ၊ လည်ပင်းအရစ်လေးတွေ၊ ပေါင်ကြားလေးတွေကို ဂွမ်းလုံးနုနုလေးတွေနဲ့ သန့်စင်ပေးနိုင်ပါတယ်။

    ကလေးသုံးပစ္စည်းကို ရွေးချယ်ဝယ်ယူပါ။

    ဘေဘီတို့ အတွက် သီးသန့်ထုတ်တဲ့ ရေချိုးဆပ်ပြာ၊ အစိုဓာတ်ထိန်းခရင်မ်၊ ခေါင်းလျှော်ရည် စတဲ့ အသုံးအဆောင်တွေကိုပဲ သုံးပါ။ အဲဒီထဲမှာလည်း အမွှေးနံ့ပြင်းတာ၊ အရောင်တွေပါတာ၊ ဓာတုပစ္စည်းပါတာ တွေကို မရွေးမိဖို့ ဂရုစိုက်ပါ။

    ဘေဘီလေး တွေ အတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာရည်လေးနဲ့ ချိုးပေးလို့ရပါပြီ။ ရေချိုးတဲ့အခါမှာလည်း တစ်ပတ်ကို ၃ ကြိမ်လောက်နဲ့ အချိန် ၃ မိနစ်ကနေ ၅ မိနစ်လောက်အထိပဲ ချိုးပေးတာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ ကလေးအတွက် ဆပ်ပြာရည်ဝယ်ယူတဲ့အခါ သေသေချာချာစစ်ဆေးဖို့ လိုအပ်သလို တတ်သိနားလည်တဲ့သူ နဲ့ တိုင်ပင်သင့်ပါတယ်။

    အစိုဓာတ်ထိန်းခရင်မ် လူးပေးပါ။

    ရေချိုးပြီး တဲ့အခါ အသားအရေခြောက်သွေ့တာမျိုးမဖြစ်စေဖို့အတွက် ကလေးတွေ အတွက် သီးသန့်ထုတ်ထားတဲ့ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးရပါမယ်။

    ကလေးအဝတ်အစားတွေ လျှော်တဲ့အခါ အပြင်းစားဆပ်ပြာမှုန့်တွေ မသုံးပါနဲ့

    တချို့ဆပ်ပြာမှုန့်တွေက ချေးနဲ့ အစွန်းအထင်းတွေကျွတ်စေတယ်ဆိုပေမယ့် ဓာတုပစ္စည်းတွေ အများအပြား ပါဝင်နေတတ်ပါတယ်။ ဒီလိုမျိုး ဆပ်ပြာမှုန့်တွေနဲ့ ကလေးအဝတ်တွေကို စိမ်ပြီးလျှော်မယ်ဆိုရင် ကလေးအရေပြားမှာ ဓာတ်မတည့်တာ၊ ခြောက်သွေ့ယားယံတာ မျိုး ဖြစ်နိုင်ပါတယ်။ အဝတ်တွေ တင် မဟုတ်ဘဲ ကလေးရဲ့ စောင်တွေ၊ ရေသုတ်တဘက်တွေ နဲ့ အခြားအသုံးအဆောင်တွေ လျှော်တဲ့အခါလည်း ဆပ်ပြာအပြင်းစားတွေ မသုံးသင့်ပါဘူး။

    အညစ်အကြေး စွန့်ပြီးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ

    ဘေဘီလေး ကို အဝတ်လဲပေးတဲ့အခါတိုင်း အနည်းဆုံးတော့ ဂွမ်းစနုနုလေးနဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့ အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင် ထိန်းညှိပေးပါ။ ကလေးကိုအနှီး၊ ဘောင်းဘီ ဒါမှမဟုတ် သေးခံအသစ်လဲပေးဖို့ အတွက် သန့်ရှင်းရေး လုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင် သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။ ဒီလိုမှမဟုတ်ရင် ဘေဘီလေး တွေမှာ သေးခံလောင်တဲ့ပြဿနာ ခံစားရနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement