backup og meta

လူပျိုဖော်/အပျိုဖော် အဝင်စောတာကို ဘယ်လိုသိမလဲ၊ ဘယ်လို ကုသမလဲ

လူပျိုဖော်/အပျိုဖော် အဝင်စောတာကို ဘယ်လိုသိမလဲ၊ ဘယ်လို ကုသမလဲ

လူပျိုဖော်/အပျိုဖော်အဝင်စောတယ်ဆိုတာမိန်းကလေးတယောက်အတွက်အသက်ရှစ်နှစ်မတိုင်ခင်ဒါမှမဟုတ်ယောက်ျားလေးတယောက်အတွက်အသက်ကိုးနှစ်မတိုင်ခင်ကြီးကောင်ဝင်တဲ့လက္ခဏာပြောင်းလဲမှုတွေသူတို့ခန္ဓါမှာ ဖြစ်ပေါ်လာတာကိုဆိုလိုပါတယ်။

လူပျိုဖော်/အပျိုဖော်စောဝင်တာကိုဘယ်လိုသိနိုင်မလဲ။

အထက်မှာဖော်ပြခဲ့တဲ့အသက်တွေမတိုင်ခင်ကြီးကောင်ဝင်တဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပေါ်လာလေ့ရှိပါတယ်။ မိန်းကလေးတွေမှာဆိုရင်ဒီပြောင်းလဲမှုလက္ခဏာတွေကရင်သားကြီးထွားလာခြင်းနဲ့ပထမဆုံးရာသီပန်းစပွင့်တာပဲ ဖြစ်ပါတယ်။ ယောက်ျားလေးတွေမှာဆိုရင်လိင်တံနဲ့ကပ္ပါယ်အိတ်ကြီးလာတာ၊မျက်နှာမှာအမွှေးအမျှင်(မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးစသည်)တွေပေါက်လာတာနဲ့အသံပြောင်းလာတာစသဖြင့် ဖြစ်ကြပါတယ်။ ယောက်ျားလေးရောမိန်းကလေးပါတွေ့ကြုံခံစားရမယ့်လက္ခဏာတွေကတော့

  • ခန္ဓါကိုယ်မှာအမွှေးအမျှင်တွေပေါက်လာတာ(ဆီးခုံဒါမှမဟုတ်ချိုင်းမှာ)
  • လူကောင်အကြီး မြန်လာတာ။
  • ဝက်ခြံတွေထွက်လာတာ။
  • ခန္ဓါကိုယ်အနံ့ရှိလာတာစသဖြင့်ပေါ့။

ဘာလို့ဒီလိုစောစီးစွာကြီးကောင်ဝင်ရတာလဲ။

ဦးနှောက်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံမှာ ပြဿနာရှိတာ (ဥပမာအကျိတ်ဖြစ်နေတာ)၊ခေါင်းထိခိုက်မိလို့ဦးနှောက်မှာဒါဏ်ရာရတာ၊ကူးစက်ပိုးဝင်တာ(ဥပမာဦးနှောက်အမြှေးပါးရောင်တာ) ၊သိုင်းရွိုက်ဂလင်းဒါမှမဟုတ်သားဥအိမ်မှာ ပြဿနာတွေရှိနေတဲ့အတွက်လူပျိုဖော်/အပျိုဖော်ဝင်တာကိုစောအောင်နှိုးဆွတာစတဲ့အကြောင်းအရာတွေကြောင့်စောစီးစွာကြီးကောင်ဝင်ရပါတယ်။ မိန်းကလေးအများစုမှာသိသာထင်ရှားသတိထားမိလောက်တဲ့အကြောင်းပြချက်ထူးထူးခြားခြားမရှိတတ်ပါဖူး။ ယောက်ျားလေးတွေမှာဒီလိုစောစီးစွာကြီးကောင်ဝင်တာက ဖြစ်လေ့သိပ်မရှိပါဖူး။ တခြားကျန်းမာရေးအခြေအနေတွေနဲ့ပိုဆက်စပ်ဖို့များပါတယ်။ စောစီးစွာကြီးကောင်ဝင်တဲ့ယောက်ျားလေးတွေရဲ့ငါးရာခိုင်နှုန်းဟာမျိုးရိုးဗီဇကြောင့် ဖြစ်ရတာပါ။

ဒီလိုအခြေအနေကိုဘယ်လိုသိရှိဖော်ထုတ်နိုင်မလဲ။

သင့်ကလေးမှာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုတွေ့ရှိနေရပြီးနောက်မှာဆရာဝန်အနေနဲ့ဟော်မုန်းပြောင်းလဲမှုတွေကိုရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်သွေးစစ်၊ဆီးစစ်တာတွေကို ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဒါ့အပြင်အရိုးတွေ မြန်မြန်ဆန်ဆန်ကြီးထွားနေတာရှိမရှိသိနိုင်ဖို့အတွက်လက်ဒါမှမဟုတ်လက်ကောက်ဝတ်ကိုဓါတ်မှန်ရိုက်ပါလိမ့်မယ်။ ကင်ဆာကျိတ်လိုမျိုးတခြားအကြောင်းရင်းတွေကိုရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်အခြားအခြားသောစစ်ဆေးမှုတွေ (ဥပမာ CT scan ရိုက်တာ)ကိုလည်း ပြုလုပ်ဖို့လိုကောင်းလိုပါလိမ့်မယ်။

စောစီးစွာကြီးကောင်ဝင်တာကိုဘယ်လိုကုသရမလဲ။

တကယ်လို့သင့်ကလေးဟာစောစီးစွာကြီးကောင်ဝင်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတာသေချာပြီဆိုရင်ဟော်မုန်းဗေဒကျွမ်းကျင်ကလေးဆရာဝန်ဆီကိုလွှဲပါလိမ့်မယ်။ ဟော်မုန်းဗေဒကျွမ်းကျင်ကလေးဆရာဝန်ဟာကလေးတွေရဲ့ကြီးထွားမှုနဲ့ဟော်မုန်းဆိုင်ရာအပြောင်းအလဲ ပြဿနာတွေကိုအထူးပြုလေ့လာထားတဲ့ကျွမ်းကျင်သူတွေ ဖြစ်တာမို့သူတို့အနေနဲ့ဆက်လက်စမ်းသပ်စစ်ဆေးတာတွေပြုလုပ်ပြီးလိုအပ်သလိုကုသမှုပေးပါလိမ့်မယ်။ လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကိုရပ်ပစ်ဖို့(ဖြစ်နိုင်ရင် ပြန်နည်းသွားအောင် ပြုလုပ်ဖို့)၊ခန္ဓါကိုယ်နဲ့အရိုးတွေလျင်မြန်စွာကြီးထွားတာကိုရပ်ပစ်ဖို့ဟာဒီကုသမှုရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ဒီအခြေအနေတွေဟာအသက်ကြီးလို့အရွယ်ရောက်လာတဲ့အခါလူကောင်ပုသေးတာမျိုး ဖြစ်သွားစေနိုင်တဲ့အတွက်ဖြစ်ပါတယ်။

အဓိကကုသပေးမယ့်နည်းလမ်းနှစ်သွယ်ကတော့

  • နောက်ကွယ်ကအဓိကလက်သည်အကြောင်းရင်းကိုရှာဖွေကုသတာ (ကင်ဆာလိုမျိုး)။
  • ကြီးထွားဖွံ့ဖြိုးမှုကိုရပ်ပစ်ဖို့ကျား/မဟော်မုန်းတွေရဲ့ပမာဏကိုဆေးတွေပေးပြီးထိန်းပေးတာ။

အခုလက်ရှိတွင်တွင်ကျယ်ကျယ်သုံးနေကြတဲ့ဟော်မုန်းဆိုင်ရာကုသမှုကတော့ LHRH analogs လို့ခေါ်တဲ့ဆေးတွေပေးပြီးကုသတာပါပဲ။LHRH analogs တွေဆိုတာလူပျိုဖော်/အပျိုဖော်အဝင်စောခြင်းမှာအဓိကတာဝန်ရှိတဲ့ကျား/မဟော်မုန်းတွေထွက်ရှိမှုကိုတားဆီးပိတ်ပင်ပေးနိုင်တဲ့ (ဓါတ်ခွဲခန်းမှာဖန်တီးပြုလုပ်ထားသော) ဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်းဆေးအသုံးပြုပြီးတစ်နှစ်အတွင်းမှာပဲအင်မတန်သိသာထင်ရှားတဲ့အကျိုးရလာဒ်တွေကိုရရှိလေ့ရှိပါတယ်။ ဒါ့အပြင် LHRH analogs တွေနဲ့ကုသတာဟာစိတ်ချရပြီးကလေးတွေမှာဘာဘေးထွက်ဆိုးကျိုးကိုမှမဖြစ်ပေါ်စေဖူးလို့ယေဘုယျအနေနဲ့ယူဆထားကြပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Precocious puberty. http://kidshealth.org/en/parents/precocious.html#. Accessed March 5, 2016.

Precocious puberty. http://www.mayoclinic.org/diseases-conditions/precocious-puberty/symptoms-causes/dxc-20266003.

 

ယခုပုံစံ

09/08/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးများ နွေရာသီမှာ အာဟာရမချို့တဲ့စေဖို့

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement