backup og meta

မွေးချင်းမရှိလို့ ပေါင်းသင်းဆက်ဆံရေးမကောင်းမှာ ပူပန်နေပါသလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မွေးချင်းမရှိလို့ ပေါင်းသင်းဆက်ဆံရေးမကောင်းမှာ ပူပန်နေပါသလား

    တဦးတည်းသောသား၊တဦးတည်းသောသမီးတွေဟာ အများအားဖြင့် မိဘက အလိုလိုက်ခံထားရပေမယ့် လူမှုပေါင်းသင်းဆက်ဆံရေးမှာ ညံ့ဖျင်းတာမျိုး မရှိပါဘူး။

    သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်နေထိုင်ပေါင်းသင်းတတ်ခြင်းနဲ့ ညီအကိုမောင်နှမ ရှိမရှိအကြားမှာ ဘာဆက်စပ်မှု၊သက်ရောက်မှုမှ မရှိဖူးလို့ လေ့လာချက်တွေက သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။ မိသားစုတွေရဲ့ အရွယ်အစားဟာ တဖြည်းဖြည်းနဲ့ သေးသေးလာပါတယ်။

    စက်မှုဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ မိသားစုတွေရဲ့ အရွယ်အစား သေးငယ်လာတာနဲ့အမျှ ကလေးတွေရဲ့ လူမှုပေါင်းသင်းဆက်ဆံရေးစွမ်းရည်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေကတော့ ပိုမိုမြင့်တက်လို့ လာပါတယ်။

    မိသားစုအရွယ်အစားသေးလာတယ်ဆိုတဲ့ အဓိပ္ပါယ်က ကလေးတွေအနေနဲ့ မွေးချင်းမရှိဘဲ ကြီးပြင်းလာရမယ်ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ မွေးချင်းမရှိတဲ့ ကလေးတွေဟာ ညီအစ်ကိုမောင်နှမတွေနဲ့ ပြောဆိုဆက်ဆံရတာမျိုးမရှိတဲ့အတွက် ပေါင်းသင်းဆက်ဆံရေး ညံ့ဖျင်းတတ်တယ်လို့ အများက ယုံကြည်ထားကြပါတယ်။

    တဦးတည်းသော သား/သမီးဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေ

    တဦးတည်းသော သား/သမီးတွေဟာ တကိုယ်ကောင်းဆန်တယ်၊အပေါင်းအသင်းမရှိဘူး၊ကြီးကျယ်တယ်၊ဘာမှမလုပ်တတ် မကိုင်တတ်ဖူး အစရှိသဖြင့် နှစ်ပေါင်းများစွာတိုင်အောင် ယူဆခြင်းခံထားရပါတယ်။

    မွေးချင်းမရှိသူတွေအားလုံး ဒီပုံစံတွေချည်းပဲလို့ ယူဆလက်ခံထားသူတွေ အခုထိလည်း ရှိနေတုန်းပါပဲ။ ဒါပေမယ့် လေ့လာချက်အများအပြားအရ တဦးတည်းသောသား/သမီးတွေဟာ ပေါင်းသင်းဆက်ဆံရေး ဝင်ဆံ့ပြီး ကျောင်းပညာရေးမှာလည်း ထူးချွန်ကြတယ်ဆိုတာကို တွေ့ရှိရပါတယ်။

    သားသမီးများတဲ့ မိသားစုတွေမှာဆိုရင် ကလေးတယောက်ချင်းဆီကို မိဘက အာရုံအပြည့်အဝမစိုက်နိုင်တဲ့အပြင် ပညာရေးအတွက်လည်း ငွေကို အရမ်းကြီးပုံအောမသုံးနိုင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီးသား တဦးတည်းသောသား/သမီးတွေဟာ သူငယ်ချင်းမိတ်ဆွေအသစ်တွေနဲ့ အလွယ်တကူ မိတ်ဖွဲ့နိုင်စွမ်းရှိသလို အခြားသော ပေါင်းသင်းဆက်ဆံရေး အရည်အချင်းတွေဟာလည်း မောင်နှမရှိသူတွေနဲ့ အတူတူပါပဲ။

    ဒါ့အပြင် တဦးတည်းသောသား/သမီးတွေဟာ စကားအသုံးအနှုန်းပိုမိုကြွယ်ဝပြီး ဟာသဉာဏ်လည်း ရွှင်တယ်ဆိုတာကိုပါ တွေ့ရှိခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ကြီးပြင်းလာရတဲ့ မိသားစုမှာ သားသမီးအရေအတွက်က မိဘထက်ပိုနည်းနေလို့ ဖြစ်ပါတယ်။

    ဒီလိုမျိုး ကောင်းကျိုးတွေအများကြီးရှိပေမယ့်လည်း တဦးတည်းသောသား/သမီးတွေဟာ အချို့နေရာတွေမှာလည်း အခက်အခဲ၊မကောင်းတဲ့အချက်လေးတွေ ရှိနေပြန်ပါတယ်။ ဒါပေမယ့် အဆိုပါ ဟာကွက်၊ကွက်လပ်လေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။

    ညီအစ်ကို မောင်နှမတွေ အများကြီးနဲ့ ကြီးပြင်းလာရသူတွေကတော့ ပဋိပက္ခတွေ၊မတည်ငြိမ်မှုတွေ၊ခိုက်ရန်ဖြစ်ပွားမှုတွေကို ကြုံတွေ့ခဲ့ရမှာ ဖြစ်တာမို့ ချစ်ခြင်းမေတ္တာ၊ကိုယ်ချင်းစာစိတ်တွေကို အလိုလျောက် လေ့လာသင်ယူခဲ့ရမှာ ဖြစ်သလို ဘယ်အချိန်မှာ၊ဘယ်လိုမျိုး စုစည်းပြီး အချင်းချင်းကာကွယ်ပေးရမလဲဆိုတာကိုပါ သိရှိလာမှာ ဖြစ်ပါတယ်။

    လူမှုပေါင်းသင်းဆက်ဆံရေးမှာ အရေးကြီးတဲ့အချက်တွေ၊အရည်အချင်းတွေဖြစ်တဲ့ တဦးနဲ့တဦးညှိနှိုင်းလုပ်ဆောင်ခြင်း၊ဆွေးနွေးအပေးအယူလုပ်ခြင်း နဲ့ မျှဝေခြင်းတွေကိုတော့ မွေးချင်းမရှိသူတွေမှာ များများစားစား မတွေ့ရတတ်ပါဘူး။

    ကလေးတွေဟာ သူငယ်တန်းကနေ အထက်တန်းရောက်တဲ့အထိ ကြားကာလတွေမှာ အများနဲ့ လိုက်လျောညီထွေရှိအောင် ဘယ်လိုနေထိုင်ရတယ်ဆိုတာကို လေ့ကျင့်သင်ယူရတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်ထားကြပါတယ်။ အိမ်မှာ ညီအစ်ကိုမောင်နှမ မရှိတဲ့ ကလေးတွေအနေနဲ့လည်း ကျောင်းရောက်လို့ သူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ပေါင်းသင်းဆက်ဆံရေး အလေ့အထတွေကို လေ့လာသင်ယူနိုင်ပါတယ်။

    မွေးချင်းမရှိသူတွေမှာ ပေါင်းသင်းဆက်ဆံရေး အရည်အသွေးတွေကို ဘယ်လိုမြှင့်တင်မလဲ။

    ညီအစ်ကိုမောင်နှမအရေအတွက်ထက် မိဘရဲ့ အုပ်ထိန်းသွန်သင်လေ့ကျင့်ပေးမှုက သင့်ကလေး ဘယ်လိုပုံစံနဲ့ ကြီးပြင်းလာသလဲဆိုတဲ့အချက်ပေါ် ပိုပြီးသက်ရောက်မှုရှိတယ်ဆိုတာကို သင့်အနေနဲ့ အသေအချာ သိထားသင့်ပါတယ်။

    ဒါကြောင့် သင့်ရဲ့ တဦးတည်းသောသား/သမီး ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့အတွက် အောက်ပါအချက်လေးတွေကို လိုက်နာခြင်းအားဖြင့် ကူညီပေးနိုင်ပါတယ်။

    (၁) ပဋိပက္ခတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပါ

    မိဘတွေရဲ့ ပဋိပက္ခပေါ် ချဉ်းကပ်ပုံ၊ချဉ်းကပ်နည်းဟာ မွေးချင်းမရှိတဲ့ကလေးအနေနဲ့ အောင်မြင်တဲ့ ပေါင်းသင်းဆက်ဆံရေး အရည်အသွေး၊အလေ့အထတွေ မွေးမြူနိုင်ဖို့ အဓိကသော့ချက် ဖြစ်ပါတယ်။ မိသားစုပဋိပက္ခတွေကနေ ရှောင်မပြေးပါနဲ့။

    ဒီလို ရှောင်ပြေးမယ့်အစား အဆိုပါပဋိပက္ခတွေဟာ သင့်ကလေးကို ဆွေးနွေးတိုင်ပင်ညှိနှိုင်းခြင်း၊တဦးနဲ့တဦးနားလည်မှုပေးခြင်း၊မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်း အစရှိတဲ့ အရည်အသွေး၊အလေ့အထကောင်းတွေ သင်ကြားပေးနိုင်မယ့် အခွင့်အလမ်းတခုလို့ မှတ်ယူပြီး ပိုင်ပိုင်နိုင်နိုင် အသုံးချပါ။

    အသေးအဖွဲပြဿနာ ပဋိပက္ခတွေကို မိဘတွေ ဘယ်လိုဖြေရှင်းသလဲဆိုတာကိုလည်း တဦးတည်းသောသား/သမီးတွေအနေနဲ့ လေ့လာသင်ယူနိုင်ပါတယ်။

    (၂)ဆွေမျိုးတွေ (ဝမ်းကွဲတွေ၊ဦးလေး၊အဒေါ်၊အဖိုးအဖွား စသည်)နဲ့ ပေါင်းသင်းဆက်ဆံဖို့ကို တိုက်တွန်းအားပေးပါ

    အသက်အရွယ်အမျိုးမျိုးသော ဆွေမျိုးတွေနဲ့ ပေါင်းသင်းဆက်ဆံခြင်းအားဖြင့် တဦးတည်းသောသား/သမီးတွေဟာ မိမိကိုယ်ကို ပိုမိုတန်ဖိုးထားအလေးပေးလာမှာဖြစ်ပြီး အဖိုးထိုက်တန်လှတဲ့ ပေါင်းသင်းဆက်ဆံရေး နည်းလမ်းတွေကိုလည်း လေ့လာနိုင်မှာပါ။

    (၃) မိသားစုလိုက် ဆော့ကစားပါ

    မိသားစုလိုက် ဆော့ကစားချိန်မှာ တွေ့ကြုံခံစားရမယ့် အတွေ့အကြုံတွေ၊မိဘရဲ့ နည်းပေးလမ်းပြမှုအတိုင်း လိုက်နာဆောင်ရွက်ခြင်းတွေကြောင့် ကလေးတွေအနေနဲ့ နားလည်မှုရှိခြင်း၊ကိုယ်ချင်းစာစိတ်ရှိခြင်း၊စာနာတတ်ခြင်း နဲ့ အမူအကျင့်ကောင်းများ ရရှိခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement