backup og meta

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Aye Thi Mon မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

    ကလေးသေးခံလောင်တာ (Diaper rash) ဆိုတာက ကလေးငယ်ကိုသေးခံဝတ်ပေးထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းမှုဖြစ်တာကို ဆိုလိုတာပါ။ တစ်ခါတလေမှာ သေးခံလောင်တာကြောင့် ကလေးရဲ့အရေပြားက နီမြန်းရောင်ရမ်းပြီး ခပ်နွေးနွေးဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာလည်း ခံစားရတဲ့အနေအထားချင်းမတူတတ်ပါဘူး။

    အချို့ကလေးတွေမှာ ကလေးသေးခံလောင်တာရဲ့ အနေအထားက တော်တော်လေးပြင်းထန်တတ်ပေမယ့် အချို့ကလေးငယ်တွေမှာတော့ သိပ်မပြင်းထန်တာမျိုးလည်းရှိပါတယ်။

    ဘာကြောင့် ကလေးသေးခံလောင်တာ လဲ

    စုပ်ယူမှုအားအရမ်းကောင်းပါတယ်ဆိုတဲ့သေးခံသုံးပေးမယ်ဆိုရင်တောင်မှ သေးခံတွေက အကုန်လုံးကို စုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးငယ်ရဲ့အရေပြား စိုစွတ်တာမျိုးက ဖြစ်နေစေဦးမှာပါပဲ။ ကလေးငယ်ရဲ့ သေးခံထဲမှာ ဆီးတွေ၊ ဝမ်းတွေရောသွားတဲ့အခါ ဒီအနေအထားက ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်ရလွယ်တဲ့ ဝန်းကျင်တစ်ရပ် ဖြစ်သွားပါလိမ့်မယ်။ ဝမ်းခဏခဏသွားတဲ့ ကလေးငယ်တွေနဲ့ ဝမ်းပျက်နေတဲ့ ကလေးငယ်တွေမှာ သေးခံလောင်တဲ့ဝေဒနာကို ပိုခံစားရတာပါပဲ။

    ဂရုတစိုက်နဲ့ မပြတ်တမ်းစောင့်ကြည့်ပြီး သေးခံလဲပေးနေတဲ့ မိဘတွေရဲ့ ကလေးငယ်တွေမှာလည်း သေးခံလောင်တဲ့ပြဿနာ မရှိတာတော့မဟုတ်ပါဘူး။ ထိခိုက်တုံ့ပြန်လွယ်တဲ့အသားအရေက အရေပြားပြဿနာတွေကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ အရေပြားကို သေးခံနဲ့ ခဏခဏပွတ်တိုက်မိတာ၊ သေးခံမှာပါတဲ့ အမွှေးနံ့လိုမျိုး ဓာတုပစ္စည်းတွေ ဒါမှမဟုတ် ကလေးရဲ့ အဝတ်အစားတွေကို လျှော်တဲ့ဆပ်ပြာမှုန့်တွေလိုမျိုး  ဓာတုပစ္စည်းတွေကြောင့် ကလေးရဲ့အရေပြားမှာ ဓာတ်မတည့်မှုတွေဖြစ်ရတာပါ။

    သေးခံလောင်ခြင်းနဲ့ဆောင်ရန်၊ရှောင်ရန်များ

    အချိန်အကြာကြီးမထားပါနဲ့

    ကလေးကို ညစ်ပေနေတဲ့သေးခံကို အကြာကြီး မဝတ်ထားပေးမိပါစေနဲ့။ အရေပြားမှာ ဓာတ်မတည့်တာမျိုး၊ ထိခိုက်တာမျိုးတွေဖြစ်စေပြီး သေးခံလောင်တာကိုပါ ဖြစ်စေနိုင်တာကြောင့်ပါ။ သေးခံလောင်တာကို သက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ ပထမဆုံးအချက်က သေးခံညစ်ပေနေတာတွေ့တိုင်း မြန်နိုင်သမျှမြန်မြန်လဲပေးဖို့ပါ။

    သေးခံလဲပေးတိုင်း သန့်ရှင်းရေးလုပ်ပေးပါ

    ကလေးကိုသေးခံလဲပေးတဲ့အခါတိုင်း ကလေးရေချိုးဆပ်ပြာရည်နဲ့ ရေကိုသုံးပြီး ဆီးတွေနဲ့အညစ်အကြေးတွေကို သန့်စင်ဖယ်ရှားပေးပါ။ အရေပြားကို ပုံမှန် pH ပမာဏရရှိအောင်ထိန်းညှိပေးပါ။ ကလေးကို သေးခံအသစ်လဲပေးဖို့အတွက် သန့်ရှင်းရေးလုပ်ပေးပြီးတိုင်းမှာ ခြောက်သွေ့အောင်သုတ်ပေးဖို့ကိုလည်း မေ့မထားသင့်ပါဘူး။

    အရေပြားကို ထိခိုက်စေနိုင်တဲ့ ပစ္စည်းတွေမသုံးပါနဲ့

    ကလေးမှာ အရေပြားဓာတ်မတည့်မှုဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ကလေးမှာ အရေပြားဓာတ်မတည့်တာမျိုးဖြစ်တဲ့အခါ ကလေးကိုအသုံးပြုပေးနေတဲ့ ပစ္စည်းတွေကို သေချာစစ်ဆေးကြည့်ပါ။ အပြင်းစားဆပ်ပြာတွေနဲ့ အယ်လ်ကိုဟောတွေ (သို့မဟုတ်) ဓာတုပစ္စည်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို ကလေးငယ်ကို မသုံးပေးပါနဲ့။

    မိဘတော်တော်များများက ကလေးသေးခံလောင်တာ ကို လူကြီးတွေမှာ အမျိုးသမီးအင်္ဂါမှိုပိုးဝင်တဲ့အခါအသုံးပြုတဲ့ ဆေးစာမလိုတဲ့ ဆေးတွေကို အသုံးပြုလိုက်ရင် သက်သာသွားမယ်လို့ ထင်နေကြပါတယ်။ အချို့ဆို သေးခံလောင်တဲ့ အရေပြားပွန်းရှဒဏ်ရာတွေပေါ်မှာ ပြောင်းမှုန့်လူးပေးတာမျိုးတောင် ရှိတတ်ပါသေးတယ်။ ဒါတွေကမလုပ်သင့်ပါဘူး။ ကောင်းကျိုးမရှိတဲ့အပြင် အန္တရာယ်တောင်ပိုများပါသေးတယ်။

    Baby Cream သုံးပေးပါ

    ဆီးတွေက အရေပြားနဲ့ထိမိပြီး အရေပြားမှာ ဓာတ်မတည့်တာမျိုးတွေ၊ အဖုအပိမ့်ထွက်တာမျိုးတွေမဖြစ်စေဖို့အတွက် ကာကွယ်တဲ့အနေနဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီးတိုင်း အရေပြားမှာBaby Cream ကိုခပ်ထူထူလေး လိမ်းပေးထားသင့်ပါတယ်။ အသုံးပြုမယ့် Baby Cream ကလည်း သေးခံလဲပေးပြီးတိုင်း လူးပေးလို့အဆင်ပြေစေမယ့် ခပ်ပျော့ပျော့ခရင်မ်ဖြစ်ဖို့လိုပါတယ်။

    ကလေးငယ်ကို သေးခံလဲပေးပြီးတိုင်း Baby Cream မှန်မှန်လူးပေးတာက အရေပြားထိခိုက်တာကို နည်းစေနိုင်ပြီး သေးခံလောင်ထားတဲ့ပွန်းပဲ့ဒဏ်ရာတွေကိုလည်း အနာကျက်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် သေးခံလာင်တာက အရေပြားအခြားနေရာတွေကို ပြန့်သွားတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ကလေးကိုသေးခံလဲပေးတိုင်း သန့်ရှင်းရေးလုပ်ပေးပြီး ခြောက်သွေ့အောင် လုပ်ပေးဖို့လည်း မမေ့ပါနဲ့။

    သေးခံလောင်တာကို ဂရုတစိုက်စောင့်ကြည့်ပေးပါ

    အပေါ်မှာပြောခဲ့တဲ့အချက်တွေအားလုံးကို လုပ်ဆောင်နေသလို သေးခံလဲပေးတဲ့အခါတိုင်းမှာလည်း Baby Cream ကို ဂရုတစိုက်သုံးပေးနေတယ်ဆိုရင် ကလေးသေးခံလောင်တာ က သက်သာသွားသင့်ပါတယ်။ ဒီလိုတွေဂရုတစိုက်လုပ်နေပါရက်နဲ့ ရက်အနည်းငယ်ကြာတာတောင်မှ ကလေးမှာဖြစ်တဲ့ သေးခံလောင်တာက မသက်သာဘဲ ပိုဆိုးလာမယ်၊ နာကျင်မယ်၊ ပြည်ဖုလေးတွေဖြစ်နေမယ်ဆိုရင်တော့ ကလေးကို ဆရာဝန်ဆီခေါ်သွားတာကအကောင်းဆုံးပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Aye Thi Mon မှ ရေးသားသည်။ · 28/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement