backup og meta

ကလေးတွင် ဆိုရီရေးစစ်ရောဂါ ကုသမှုနည်းလမ်းများ

ကလေးတွင် ဆိုရီရေးစစ်ရောဂါ ကုသမှုနည်းလမ်းများ

ဆိုရီရေးစစ်ရောဂါ ဆိုတာဘာလဲ။

ဆိုရီရေးစစ်ရောဂါဆိုသည်မှာ အရေပြားဆဲလ် ဖြစ်ပျက်မှု ဖြစ်စဉ်အပေါ် သက်ရောက်မှုရှိသော အဖြစ်များသည့် အရေပြားရောဂါတစ်ခုဖြစ်သည်။ ဆိုရီရေးစစ်ရောဂါသည် အရေပြားမျက်နှာပြင်တွင် ဆဲလ် အလျင်အမြန်တည်ဆောက်ခြင်းကို ဖြစ်ပေါ်စေသည်။ အရေပြားဆဲလ်အပိုများသည် ထူထဲပြီး ငွေရောင်အကြေးခွံရှိသော ယားယံ၊ခြောက်သွေ့၊ နီရဲသည့် အကွက်များဖြစ်သည်။ ထိုအကွက်များသည် တစ်ခါတစ်ရံ နာကျင်သည်။

ကလေးတွင် ဆိုရီရေးစစ် ရောဂါ လက္ခဏာများ

ဆိုရီရေးစစ်ရောဂါသည် ပုံစံမျိုးစုံရှိသည်။ တစ်မျိုးချင်းစီတွင် ထူးခြားသော လက္ခဏာများရှိကြသည်။ ကလေးတွင် ဆိုရီရေးစစ်၏ အဓိကလက္ခဏာများမှာ

  • အများအားဖြင့် နီရဲပြီး ငွေရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားသော အရေပြားအကွက်များ (အများအားဖြင့် တစ်နှစ်အောက်ကလေး သေးခံလောင်သော အကွက်များနှင့် မှားတတ်သည်။)
  • တစ်ခါတစ်ရံ သွေးထွက်တတ်သော ခြောက်သွေ့ကွဲအက်နေသည့် အရေပြား
  • ဆိုရီရေးစစ်ဖြစ်သော အရေပြားတွင် ယားယံ၊ နာကျင်ပြီး ပူစပ်ပူလောင် ခံစားရခြင်း
  • အစင်းထနေသော ထူထဲပြီး ချိုင့်နေသည့် လက်သည်းခွံများ

ဆိုရီရေးစစ်ဖြစ်နေသော ကလေးများအတွက် အာဟာရ

ဆိုရီရေးစစ်ဖြစ်နေသော ကလေးကို ကုသရခြင်းသည် လူကြီးကို ကုသရခြင်းထက် ပိုပြီး စိန်ခေါ်မှုများသည်။ အဘယ်ကြောင့် ဆိုသော် ကလေးငယ်၏ ခန္ဓာကိုယ် သည် ပိုပြီး ထိခိုက်လွယ်သောကြောင့် ဖြစ်သည်။ ရောဂါအပျော့စားတွင် လိမ်းဆေးကုသမှုသည် ထိရောက်ပါသည်။ ကလေး ကိုယ်ခံအားစနစ် နှင့် အရေပြား ထိန်းသိမ်းထောက်ပံ့မှုအတွက် ငါးကြီးဆီ၊ probiotic ဆေး၊ ဗီတာမင် ဒီ နှင့် အခြားအစားအသောက် အာဟာရဖြည့်စွက်စာများသည် အကူအညီဖြစ်ပါသည်။

ကလေးတွင် ဆိုရီရေးစစ်ရောဂါ အတွက် လိမ်းဆေး ကုသမှု

အများစုတွင် ကော်တီကို စတီးရွိုက် (Corticosteroid) ကဲ့သို့သော လိမ်းဆေးသည် ရလဒ်ကောင်းပေးလေ့ရှိသည်။ သို့သော် ပြင်းအားများသော ကော်တီကိုစတီးရွိုက်ဆေးများကိုတော့ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများကြောင့် ရှောင်ကြဉ်ပါ။ လူထုတ်လုပ်ထားသော ကော်တီကို စတီးရွိုက်ဆေးများသည် ကလေးရော လူကြီးအတွက်ပါ မထောက်ခံထားပါ။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ခန္ဓာကိုယ်၏ ရောဂါတိုက်ဖျက်နိုင်စွမ်း သဘာဝစွမ်းအားကို နှောင့်ယှက်သောကြောင့် ဖြစ်သည်။ ဆေးဖက်ဝင်သော ကတ္တရာစေး (coal tar) လိမ်းဆေးသည် ယေဘုယျအားဖြင့် စိတ်ချရပါသည်။ သို့ရာတွင် ကတ္တရာစေး (coal tar) ၅ ရာခိုင်နှုန်း နှင့် အထက် ပါဝင်ခြင်းသည် ကင်ဆာဖြစ်နိုင်ချေ အန္တရာယ်များစေပါသည်။

ဆိုရီရေးစစ်ကုသမှုအတွက် အလင်းကုထုံး

အလင်းကုထုံးသည် လူနာအချို့အတွက် အစွမ်းထက်ပြီး စိတ်ချရသော နည်းလမ်းတစ်ခုဖြစ်သည်။ ဤနည်းကို သူ့ချည်းပဲ အသုံးပြုလို့ရသလို အခြားနည်းများနှင့်လည်း တွဲသုံးနိုင်ပါသည်။ ဤနည်းသည် ကလေးတွင် ဖြစ်သော ဆိုရီရေးစစ်အမျိုးအစား များစွာကို ကုသဖို့ အသုံးပြုပါသည်။ ထိုအမျိုးအစားများထဲတွင် အောက်ပါတို့ပါဝင်ပါသည်။

  • ဆေးမတိုးသော အကွက် (refractory plaque)
  • ကိုယ်ခန္ဓာအပေါ်ပိုင်းနှင့် လက်မောင်း၊ပေါင်ရင်းတို့တွင် ဖြစ်သော သေးငယ်သော အကွက်များ (Guttate psoriasis)
  • ပြည်ဖုများရှိသော ရှားပါးသော ဆိုရီရေးစစ်အမျိုးအစား (Pustular psoriasis)
  • ခြေဖဝါး၊ လက်ဖဝါးတွင် အဓိက ဖြစ်သော ဆိုရီရေးစစ် (focal debilitating palmoplantar psoriasis)

သို့သော် ဤကုသမှုသည် ပြည်ဖုများပေါက်သော ဆိုရီရေးစစ် (pustular psoriasis) နှင့် ရှားပါးပြီးအန္တရာယ်များသော ရောင်ရမ်းသည့် အမျိုးအစား ဆိုရီရေးစစ် (erythrodermic psoriasis) တို့ကို ကုသရန် အသုံးပြုဖို့ မသင့်တော်ပါ။

ခရမ်းလွန်ရောင်ခြည် ဘီ ကုသမှု နှင့် psoralen သောက်ဆေး နှင့် ခရမ်းလွန်ရောင်ခြည်အေ ပူးပေါင်း ကုသမှု (PUVA) သည် အခြားရွေးချယ်စရာ နည်းလမ်းများ ဖြစ်သည်။ သိထားရမည့်အချက်မှာ ထိုကုသမှုများသည် ဆရာဝန်၏ လမ်းညွှန်မှု ဂရုစိုက်မှုအောက်တွင်သာ ပြုလုပ်ရမည်။ ကလေးဆိုရီရေးစစ် နှင့် ပတ်သက်ပြီး အတွေ့အကြုံရှိသော အရေပြားဆရာဝန်ဆိုလျှင်တော့ ပိုကောင်းပါသည်။

အဘယ်ကြောင့်ဆိုသော် ထိုကုသနည်းများသည် ကောင်းကောင်း အသုံးမပြုတတ်လျှင် ဘေးထွက်ဆိုးကျိုးများ နှင့် အသုံးမပြုသင့်သည့်လူများ ရှိသောကြောင့်ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်ကုထုံးသည် မျိုးရိုးဗီဇ ထိခိုက်ပျက်စီးမှု၊ ကော်လဂျင် ပျက်စီးမှု ၊ အရေပြားရှိ ဗီတာမင် အေနှင့် စီ ပျက်စီးမှု နှင့် ဓာတ်တိုးပစ္စည်းများ ထုတ်လုပ်မှုတို့ကို ဖြစ်စေနိုင်ပါသည်။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Psoriasis. http://www.mayoclinic.org/diseases-conditions/psoriasis/basics/definition/con-20030838. Accessed February 24, 2017.
Psoriasis in Children—An Overview of Current Treatment Options. https://www.dermaharmony.com/psoriasis/psoriasisinchildren.aspx. Accessed February 24, 2017.

ယခုပုံစံ

23/07/2020

Dr. K Zin Thwe မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ

သင့်ကလေးရဲ့ဝမ်းနည်းပူဆွေးမှုကိုပျောက်သွားအောင် လုပ်ပေးနိုင်မယ့် ပုံပြင်ပြောပြခြင်း



Dr. K Zin Thwe မှ ရေးသားသည်။ · 23/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement