backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Baker's Cyst (ဘေကာအရည်အိတ်)


Dr. Thant Zin မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Baker’s Cyst (ဘေကာအရည်အိတ်) ကဘာလဲ။

ဘေကာအရည်အိတ်ဆိုတာ ဒူးခေါင်းနောက်ဖက်မှာ ဖောင်းလာပြီး တင်းမာမှုကို ဖြစ်စေတဲ့ အရည်အိတ်ပဲ ဖြစ်ပါတယ်။ ဒူးအပြည့်အ၀ ကွေးချိန် ဆန့်ချိန်မှာ၊ လှုပ်ရှားချိန်မှာ နာကျင်မှုဟာ ပိုဆိုးတတ်ပါတယ်။

ဘေကာအရည်အိတ်ကို ဒူးခေါက်ခွက်အိတ်လို့လည်း ခေါ်ပါတယ်။ အဆစ်ရောင်ခြင်း၊ အရိုးနုစုတ်ပြဲခြင်း တို့ကြောင့် ဖြစ်ပေါ်လာတတ်ပါတယ်။ အဲဒီအခြေအနေ၂မျိုးစလုံးဟာ ဒူးဆစ်ကနေ အရည်တွေကို ထုတ်လုပ်စေပြီး ဘေကာအရည်အိတ်ကို ဖြစ်စေပါတယ်။

ဘေကာအရည်အိတ်ဟာ ရောင်ရမ်းပြီး မသက်မသာ ဖြစ်စေပေမယ့် နောက်ခံအကြောင်းအရင်းတွေကို ကုရင် သက်သာသွားနိုင်ပါတယ်။

Baker’s Cyst (ဘေကာအရည်အိတ်) က ဘယ်လောက်အဖြစ်များသလဲ

အဖြစ်များပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေးဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

ပိုသိရအောင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လက္ခဏာများ

Baker’s Cyst (ဘေကာအရည်အိတ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

တခါတရံမှာ နာကျင်မှုကို ခံစားရပေမယ့် သတိမထားမိဘဲလည်း ဖြစ်တတ်ပါတယ်။ အောက်ပါလက္ခဏာတွေ တွေ့နိုင်ပါတယ်။

  • ဒူးဆစ်နောက်ပိုင်း တခါတရံ ခြေထောက်မှာ ရောင်ရမ်းခြင်း
  • ဒူးဆစ်နာခြင်း
  • ဒူးဆစ်ကို အပြည့်အဝကွေးချိန်မှာ တောင့်တင်းခြင်း၊ မကွေးနိုင်ခြင်း
  • လှုပ်ရှားပြီးချိန်မှာ၊ အချိန်ကြာကြာရပ်ပြီးချိန်မှာ လက္ခဏာတွေဟာ ဆိုးလာတတ်ပါတယ်။

    အထက်ပါဖော်ပြချက်တွေမှာ မပါသေးတဲ့ လက္ခဏာတွေလည်း ရှိနေနိုင်ပါသေးတယ်။ လက္ခဏာ တခုခုနဲ့ ပတ်သက်လို့ စိုးရိမ်မှုရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    အောက်ပါအခြေအနေတွေမှာ ဆရာဝန်ပြသင့်ပါတယ်။

    • ဒူးဆစ်နောက် နာကျင်ရောင်ရမ်းခြင်း
    • ဒူးဆစ်နောက်တွင် ဖောင်းပြီး အရည်အိတ်ဖြစ်လာခြင်း

    အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

    အကြောင်းရင်းများ

    Baker’s Cyst (ဘေကာအရည်အိတ်) ကိုဘာတွေကဖြစ်စေသလဲ

    အဆစ်တွေထဲမှာ ချောဆီအရည်တမျိုးရှိပြီး ခြေထောက်ကို သက်သာစွာ လွှဲနိုင်အောင်၊ ဒူးဆစ်ရဲ့ အစိတ်အပိုင်းတွေ ပွတ်တိုက်မှုနည်းအောင် အထောက်အကူပြုပါတယ်။

    ဒါပေမယ့် တခါတရံမှာ ချောဆီအရည်တွေ အရမ်းများပြီး ဒူးခေါက်ကွေးထဲမှာ စုပုံလာပြီး အရည်အိတ်ကို ဖြစ်ပေါ်စေပါတယ်။ အောက်ပါအခြေအနေတွေကြောင့် ဖြစ်ပေါ်စေပါတယ်။

    • အဆစ်ရောင်ခြင်း အမျိုးအစားများစွာ အပါအဝင် ဒူးဆစ်ရောင်ခြင်း
    • ဒူးခေါင်းဒဏ်ရာရခြင်း၊ အရိုးနုစုတ်ပြဲခြင်း

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Baker’s Cyst (ဘေကာအရည်အိတ်) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    အောက်ပါအခြေအနေတွေမှာ ဒီရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

    • အသက် ၄၀ကျော်လာခြင်း
    • အမျိုးသမီးများတွင် ပိုဖြစ်တတ်ခြင်း
    • ဒူးဆစ်ရောင်ခြင်း
    • အရွတ်စုတ်ပြဲခြင်း
    • ဒူးဆစ်ဒဏ်ရာရခြင်း

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Baker’s Cyst (ဘေကာအရည်အိတ်) ကို ဘယ်လိုအတည်ပြုပါသလဲ

    ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကတဆင့် သိနိုင်ပါတယ်။ ဒါပေမယ့် သွေးခဲခြင်း၊ သွေးကြောဖောင်းခြင်း၊ အကျိတ်ဖြစ်ခြင်း စတဲ့ပြသနာတွေနဲ့ ဆင်တူနေတဲ့အတွက် အောက်ပါစမ်းသပ်ချက်တွေ ပြုလုပ်ပါလိမ့်မယ်။

    • ပြည့်စုံသော ရုပ်ပိင်းဆိုင်ရာ စစ်ဆေးမှုများနှင့်အတူ ရောဂါရာဇဝင် ပြည့်စုံစွာယူခြင်း၊ အရည်အိတ်၏ ခံစားမှုနှင့် ပုံစံအား စစ်ဆေးခြင်း
    • ဒူးခေါင်းဓါတ်မှန်၊ စီတီစကင် စသည့် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ခြင်း

    ရောဂါလက္ခဏာ အများစုဟာ ဆင်တူတတ်ကြပါတယ်။ တိကျတဲ့ ရောဂါအမည်တပ်နိုင်ဖို့ တခြား စမ်းသပ်မှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

    Baker’s Cyst (ဘေကာအရည်အိတ်) ကို ဘယ်လိုကုသပါသလဲ

    တခါတရံမှာ သူ့ဖာသာ ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် အရည်အိတ်ဟာ ကြီးမားပြီး နာကျင်နေရင် အောက်ပါနည်းလမ်းတွေ အသုံးပြုတတ်ပါတယ်။

    • ဆေးဝါးကုသခြင်း။ ကော်တီကိုစတီးရွိုက်ဆေးကို ဒူးဆစ်ထဲ ထိုးပေးပြီး ရောင်ရမ်းမှုကို ကျဆင်းစေပါတယ်။ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် ပြန်ဖြစ်နိုင်ခြေကိုတော့ အမြဲတမ်း မကာကွယ်နိုင်ပါဘူး။
    • အရည်ဖောက်ထုတ်ခြင်း။ ဒူးဆစ်မှ အရည်များကို အပ်နဲ့ဖောက်ထုတ်ပစ်ခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် အာထရာဆောင်းနဲ့ ပုံရိပ်ဖော်ပြီး ပြုလုပ်ပါတယ်။
    • ကာယကုသခြင်း။ ရေခဲကပ်ခြင်း၊ ဖိပြီး အစွပ်စွပ်ခြင်း၊ ချိုင်းထောက်သုံးခြင်း စတဲ့နည်းတွေဟာ နာကျင်မှုနဲ့ ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ သက်သက်သာသာ ရွေ့လျားခြင်းနဲ့ ဒူးခေါင်းဝန်းကျင်က ကြွက်သားတွေကို သန်မာအောင် လေ့ကျင့်ခန်းပြုလုပ်ခြင်း စတာတွေကို ပြုလုပ်နိုင်ပါတယ်။

    ဖြစ်နိုင်ရင် ဆရာဝန်ဟာ အရည်အိတ်ဖြစ်စေရတဲ့ နောက်ခံအကြောင်းအရင်းကို ကုသပါလိမ့်မယ်။ အရိုးနုစုတ်ပြဲလို့ အရည်တွေစုလာတယ်လို့ သံသယရှိရင် ပြဲနေတဲ့အရိုးနုကို ခွဲစိတ်ပြုပြင်ပါလိမ့်မယ်။

    အရိုးအဆစ်ရောင်ရမ်းခြင်းနဲ့ ပတ်သက်နေတဲ့ ဘေကာအရည်အိတ်ဟာ အဆစ်ရောင်ခြင်းကို ကုသတာနဲ့ တပြိုင်နက် ပြန်လည်ကောင်းမွန်လာနိုင်ပါတယ်။ ခွဲစိတ်ဖို့ မလိုသလောက်ပါပဲ။

    နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းကုထုံးများ

    ဘယ်လို နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ဘေကာအရည်အိတ်အတွက် အထောက်အကူ ပြုသလဲ

    အောက်ပါအခြေအနေတွေက အထောက်အကူပြုပါတယ်။

    • RICE ဆိုတဲ့ စည်းမျဉ်းအတိုင်း လုပ်ဆောင်ရပါမယ်။ ခြေထောက်ကို အနားပေးပါ (Rest)၊ ဒူးဆစ်ကို ရေခဲကပ်ပါ (Ice)၊ အစွပ်အကာများနဲ့ ဖိအားပေးပါ (Compress)၊ ခြေထောက်ကို (အထူးသဖြင့် ညဘက်တွေမှာ) မြင့်မြင့်ထားပါ (Elevate)
    • မိမိဖာသာ ဝယ်ယူသောက်သုံးနိုင်တဲ့ အကိုက်အခဲပျောက်ဆေးများ သုံးစွဲပါ။ Ibuprofen (Advil, Motrin IB, အခြား), naproxen sodium (Aleve, အခြား), acetaminophen (Tylenol, အခြား) နဲ့ aspirin စတ့ ဆေးဝါးတွေဟာ နာကျင်မှုကို သက်သာစေပါတယ်။ အညွှန်းစာမှာ သောက်သုံးရမယ့် ပမာဏကို ရေးထားပါတယ်။ ညွှန်းဆိုတဲ့ ပမာဏထက် ပိုမသောက်ပါနဲ့။
    • ကာယလှုပ်ရှားမှုတွေကို လျှော့ချပါ။ လှုပ်ရှားမှုလျှော့ခြင်းဟာ ဒူးဆစ်ပြသနာကို သက်သာစေပါတယ်။ ဘယ်လောက်ကြာကြာ လျှောပချရမယ်၊ တချိန်တည်းမှာ ဘယ်လိုလေ့ကျင့်ခန်းတွေကို အစားထိုး လုပ်ဆောင်ရမယ်ဆိုတာ ဆရာဝန်က အကြံပြုပါလိမ့်မယ်။

    သိလိုတဲ့အချက်တွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးတာ အကောင်းဆုံးပါပဲ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement