backup og meta

အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။

အရိုးအဆစ်အရွတ်အရွတ်တွဲ (ligaments)ကြွက်သားအာရုံကြောအရိုးနု

အရိုးနဲ့ ကြွက်သားစနစ်မှာ ဘာတွေပါလဲ။ အရိုးနဲ့ ကြွက်သားစနစ် လို့ ပြောပေမယ့် အရိုးနဲ့ ကြွက်သားစနစ်မှာ ဒါတွေအပြင် အရိုးနု၊ အဆစ်၊ အရွတ်၊ အရွတ်တွဲ၊ အာရုံကြောတွေလည်းပါဝင်ပါတယ်။ သူတို့ အချိတ်အဆက်မိမိ အလုပ်လုပ်မှသာ ခန္ဓာကိုယ်က ဟန်ချက်ညီညီလှုပ်ရှားနိုင်မှာပါ။ အရိုးက သူ့ဟာသူနေ၊ ကြွက်သားက ကျုံ့ချင်ကျုံ့၊ ဆန့်ချင်ဆန့်၊ အဆစ်တွေက ချောင်ဆိုရင် ကြည့်လို့ မကောင်းပါဘူး။ အထိုင်အထမှာ စမတ်ကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ သူတို့တွေ ဘယ်လို အလုပ်လုပ်နေလဲဆိုတာ ကြည့်ကြရအောင်။

အရိုး

အရွယ်ရောက်ပြီးသား လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ အရိုးပေါင်း ၂၀၆ခုရှိပါတယ်။ အရိုးက အလုပ်၅ခု လုပ်ပါတယ်။

  • ခန္ဓာကိုယ်ကို ထောက်ကန်ပေးတယ်။ ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်အောင် ထိုင်နိုင်အောင် ကြွက်သားတွေ၊ အဆစ်တွေနဲ့ ပေါင်းပြီး ထောက်ကန်ပေးပါတယ်။
  • သတ္တုဓာတ်နဲ့ အဆီတွေ သိုလှောင်ပေးတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ ကယ်ဆီယမ်ရဲ့ ၉၉ရာခိုင်နှုန်းက အရိုးမှာရှိပါတယ်။ ခန္ဓာကိုယ်နဲ့ သွေးထဲမှာ ကယ်ဆီယမ် ပမာဏကို ထိန်းထားနိုင်ဖို့ အရိုးက ကယ်ဆီယမ်ကို သိမ်းထားပေးပါတယ်။ ချဉ်ဆီဝါထဲမှာတော့ အဆီတွေကို သိမ်းထားပါတယ်။
  • သွေးဆဲလ်တွေ ထုတ်ပေးတယ်။ လူတွေသိထားတဲ့ ရိုးတွင်းချဉ်ဆီ (ချဉ်ဆီနီ)ကတော့ သွေးဆဲလ်တွေကို ထုတ်ပေးပါတယ်။
  • ကိုယ်တွင်းအင်္ဂါတွေကိုလည်း ထိခိုက်မှုမရှိအောင် ကာကွယ်ပေးပါတယ်။ ဥပမာ ဦးနှောက်ကို ဦးခေါင်းခွံရိုးက ကာထားသလို၊ နှလုံးနဲ့ အဆုတ်ကိုလည်း နံရိုးက ကာထားပါတယ်။

အရိုးတွေက အမေ့ဗိုက်ထဲက သန္ဓေသားဘဝ ကိုယ်ဝန် ၆ပတ်လောက်မှာတည်းက စပြီး ဖွံ့ဖြိုးလာပြီး ၂၅နှစ်လောက်မှ ရပ်သွားပါတယ်။ အရိုးက စစချင်းမှာ အရိုးနုအနေနဲ့ ရှိပါတယ်။ နောက်ပိုင်းကျမှ အရိုးအဖြစ်ကို တဖြည်းဖြည်း ပြောင်းလာတာပါ။ အရိုးဖြစ်လာတဲ့အခါ အရိုးရှည်တွေ (လက်မောင်း၊ လက်ဖျံ၊ ပေါင်ရိုး၊ ခြေသလုံးရိုး)မှာ epiphyseal plateလို့ ခေါ်တဲ့ အရိုးနုပြားလေးတွေ ပေါ်လာပြီး အဲ့ဒီကနေ အရပ်ဆက်ရှည်ပါတယ်။

အဆစ်

အရိုးနှစ်ခုကြားမှာ ချိတ်ပေးထားတာကို အဆစ်လို့ခေါ်ပါတယ်။ အဆစ်မရှိရင် ကွေးမရ ဆန့်မရနဲ့ တောင့်တောင့်ကြီး ဖြစ်နေမှာပါ။ အဆစ်လေးတွေက အရိုးရဲ့ လှုပ်ရှားမှုကို ကန့်သတ်ထိန်းချုပ်ထားပါတယ်။ ဘယ်လောက်ပဲ ကွေးလို့ရမယ်။ ဘယ်လောက်ပဲ ဆန့်လို့ရမယ် စသဖြင့်ပေါ့။ လှုပ်လို့ရလေလေ မခိုင်လေပါပဲ။

ဥပမာပြောရရင် ဦးခေါင်းခွံကအရိုးတွေက သိပ်လှုပ်လို့ မရပါဘူး။ ဒါပေမယ့် သိပ်ခိုင်ပါတယ်။ ဦးခေါင်းရိုးကြီး ပြုတ်ထွက်သွားတယ်ဆိုတာမျိုးကို မကြားရပါဘူး။ လက်မောင်းကျတော့ လွတ်လွတ်လပ်လပ် လှုပ်လို့ရပေမယ့် လက်မောင်းဆစ်လွဲသွားလို့ဆိုတာကတော့ ခဏခဏကြားနေရပါတယ်။

အရွတ်

အရွတ်က ကြွက်သားနဲ့ အရိုးနဲ့ကို ချိတ်ဆက်ပေးထားပါတယ်။

အရွတ်တွဲ (ligaments)

အရိုးအချင်းချင်း ဆက်ထားပေးပါတယ်။

ကြွက်သား

ကြွက်သားတွေက ၃မျိူးရှိပြီး ခုပြောမှာက အရိုးကြွက်သားလို့ ခေါ်တဲ့ skeletal muscleအမျိုးအစားပါ။ ကြွက်သားတွေက ကျုံ့လိုက်ရင် အရွတ်တွေကို ဆွဲလိုက်တာကြောင့် အရိုးပါ ပါလာပါတယ်။ ဒီနည်းနဲ့ လှုပ်ရှားတာပါ။ ဒါ့ပြင် ကြွက်သားတွေက ခန္ဓာကိုယ်ရဲ့ ကိုယ်နေဟန်ထားနဲ့ ပုံစံကို ထိန်းပေးတယ်။ ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

အာရုံကြော

အာရုံကြောတွေက ကြွက်သားတွေရဲ့ ကျုံ့ဆန့်မှုကို ထိန်းချုပ်ပေးတယ်။ အာရုံခံမှုတွေကို အဓိပ္ပာယ်ဖော်ပေးတဲ့အပြင် ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ထိန်းချုပ်ထားပါတယ်။

အရိုးနု

အရိုးနုက တွယ်ဆက်တစ်ရှူး connective tissue အမျိုးအစားပါ။ ဂျယ်လီနဲ့ တူပါတယ်။ အရိုးနု အမျိုးအစား ၃မျိုးရှိပါတယ်။

  • အရိုးနုအကြည် (Hyaline cartilage)

အတွေ့ရအများဆုံး အမျိုးအစား ဖြစ်ပါတယ်။ နံရိုးတို့၊ နှာနုရိုးတို့မှာ တွေ့ရပါတယ်။ အဆစ်ကြားက အရိုးနုဟာလည်း ဒီအမျိုးအစားပါပဲ။ ဒီအရိုးနုရဲ့ မျက်နှာပြင်ဟာ ချောမွေ့နေတာကြောင့် အရိုးအချင်းချင်း ပွတ်တိုက်မှုနည်းပြီး လှုပ်ရှားရကောင်းစေပါတယ်။

  • ကျုံ့ဆန့် အရိုးနု (Elastic cartilage)

သူကတော့ တောင့်တောင့်လေးနဲ့ တော်ရုံ ပုံစံမပျက်ပါဘူး။ ဥပမာ ပြောရရင် နားရွက်က ဒီအရိုးနုအမျိုးအစားပါ။

  • အရိုးနု အမာစား (Fibrocartilage)

ဒူပေ ဒဏ်ပေခံတဲ့ အမျိုးအစားပါ။ ဥပမာ ဒူးဆစ်တို့၊ ဆီးခုံရိုးတို့၊ ကျောရိုးဆစ်တို့ကြားက အရိုးနုပါ။ အဖိခံတဲ့အပြင် အရိုးစွန်းတွေ မပွန်းအောင် ကာကွယ်ပေးပါတယ်။

အရိုးတွေနဲ့ မတူတာက အရိုးနုတွေမှာ သွေးကြောစနစ်မရှိတဲ့အတွက် အနာကျက်နှေးပါတယ်။ ဒါကြောင့် အရိုးနုတွေပွန်းပြီး ဒူးနာနေတဲ့ လူနာတွေ သက်သာဖို့ အချိန်ကြာတာပေါ့။ ခဏခဏ ပွတ်တိုက်ပါများရင်တော့ ပြန်မကောင်းတော့ဘဲ လှုပ်ရှားရခက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Takeaways

ဒါကြောင့် လူတစ်ယောက် ကောင်းကောင်း လှုပ်ရှားနိုင်ဖို့ အင်္ဂါပေါင်းများစွာက ဝိုင်းဝန်းထောက်ပံ့ပေးနေရပါတယ်။ မျှတတဲ့ အာဟာရနဲ့ လေ့ကျင့်ခန်းတွေက အရိုးနဲ့ ကြွက်သားစနစ်တွေကို သန်မာစေမှာ အသေအချာပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://kidshealth.org/en/kids/bones.html

https://my.clevelandclinic.org/health/articles/12254-musculoskeletal-system-normal-structure–function

ယခုပုံစံ

23/09/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခန္ဓာကိုယ်က အရိုးတွေနဲ့ ပတ်သက်ပြီး သိထားသင့်တာလေးတွေ

အရိုးအဆစ် နဲ့ ကြွက်သားများ နာကျင်ရတဲ့ အကြောင်းရင်းများ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement