backup og meta

ကလေးရဲ့ဦးနှောက်နဲ့အမြင်အာရုံကောင်းမွန်စွာ ဖွံ့ဖြိုးလာစေဖို့ ဘယ်လိုလုပ်ဆောင်ပေးကြမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ဦးနှောက်နဲ့အမြင်အာရုံကောင်းမွန်စွာ ဖွံ့ဖြိုးလာစေဖို့ ဘယ်လိုလုပ်ဆောင်ပေးကြမလဲ

    အူဝဲ အူဝဲ ဆိုတဲ့အသံလေးနဲ့ လူ့လောကထဲရောက်ရောက်ချင်းမှာတော့ ဘာကိုမှမသိသေးတဲ့ကလေးတွေပါ။ ဒါပေမယ့် သူတို့တွေရဲ့ဦးနှောက်က အမေ့ဝမ်းထဲမှာတည်းက အချိန်နဲ့အမျှဖွံ့ဖြိုးလာခဲ့တာဖြစ်ပြီး အရွယ်ရောက်တဲ့အခါ ဉာဏ်ရည်မြင့်စေဖို့ အခုချိန်က အခြေခံဖြစ်ပါတယ်။

    မွေးလာပြီး မျက်စိပွင့်ကတည်းက သူ့ရဲ့ကမ္ဘာသစ်ကို ကလေးက စူးစမ်းတော့မှာပါ။ မွေးကင်းစမှာ အလင်းရောင်ရှိတဲ့ဘက်ကို လိုက်ကြည့်တတ်တာ၊ သူနဲ့အနီး စင်တီမီတာ ၂၀ လောက်အကွာမှာရှိတဲ့ အရာဝတ္ထုတွေကို အာရုံစိုက်ကြည့်နိုင်တာ၊ သေချာမမှတ်မိသေးပေမယ့် မျက်နှာကိုပဲ သေချာကြည့်တတ်တာတွေနဲ့ အမြင်အာရုံစတင်ဖွံ့ဖြိုးလာပါတယ်။ ကလေးတွေရဲ့ပထမဆုံးဖွံ့ဖြိုးမှုအဆင့်ဖြစ်တဲ့ အသက် တစ်လကနေသုံးလအတွင်းမှာ ပြင်ပလောကမှာ နေထိုင်ကျင့်သားရဖို့အတွက် ခန္ဓါကိုယ်ရော ဦးနှောက်ရောပြောင်းလဲဖွံ့ဖြိုးလာပါတယ်။ပြုံးတတ်ရယ်တတ်လာမယ်၊ လှမ်းခေါ်ရင်သိလာမယ်၊ မျက်နှာတွေရင်းနှီးပြီး လူတွေမှတ်မိလာမယ်၊ နာမည်လေးခေါ်ရင် သိလာမယ်၊ အရာဝတ္ထုတွေကို လက်နဲ့ဆုပ်ကိုင်တတ်လာမယ်၊ စသည်ဖြင့် တိုးတက်မှုတွေက အများကြီးပါ။

    ကလေးတွေရဲ့ဦးနှောက်က ဖွံ့ဖြိုးဆဲကာလဖြစ်တဲ့အတွက် မျက်စိကမြင်သမျှနဲ့ ဦးနှောက်ကသိနိုင်စွမ်း အပြည့်အဝမချိတ်ဆက်နိုင်သေးပါဘူး။ ချိတ်ဆက်မှုကောင်းမွန်မှ ကလေးရဲ့လေ့လာသင်ယူနိုင်စွမ်း၊ မှတ်ဉာဏ်နဲ့ ကျန်းမာဖွံ့ဖြိုးမှုတွေရလဒ်ကောင်းစေနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့်မွေးစကနေ အရွယ်ရောက်တဲ့အထိ ကလေးရဲ့ဖွံ့ဖြိုးမှုကို မျက်ခြေမပြတ်စောင့်ကြည့်ရမယ်၊ ဖွံ့ဖြိုးမှုကို ပိုကောင်းမွန်အောင် အမြဲလုပ်ဆောင်ပေးရမယ်ဆိုတဲ့ မိဘတွေရဲ့တာဝန်က အရေးကြီးပါတယ်။

    ကလေးရဲ့အမြင်အာရုံနဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုပိုကောင်းအောင် ဘာတွေလုပ်ပေးမလဲ

    ကလေးကိုရင်းနှီးကြင်နာစွာပြုစုခြင်း

    နေ့စဉ်ကြုံတွေ့နေရသမျှတွေက ကလေးရဲ့ဦးနှောက်မှတ်ဉာဏ်မှာ ထင်ဟပ်စေပြီး စူးစမ်းလေ့လာနေတဲ့ကလေးဆီမှာ ပုံသွင်းသလိုပြောင်းလဲသွားစေနိုင်ပါတယ်။ ကလေးတွေကိုလေ့လာသင်ယူနိုင်ခွင့်ရစေမယ့် ပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးနိုင်သင့်ပါတယ်။ ဒါ့အပြင် ကလေးရဲ့အမူအရာက ဆာနေတာလား၊ ပင်ပန်းနေတာလား၊ အိပ်ချင်နေတာလားကိုယ်ကသိနိုင်မှ လုပ်ပေးနိင်မှာဖြစ်လို့ ကလေးရဲ့သင်္ကေတပြမှုတွေကို မှတ်သားရပါမယ်။ သူတို့လေးတွေရဲ့တုံ့ပြန်မှုတွေကိုနွေးနွေးထွေးထွေးလက်ခံပေးပြီး နားလည်ကြောင်းပြနိုင်မှ ကလေးကနောက်တစ်ဆင့်သင်ယူဖို့ ပိုလွယ်စေပါတယ်။ ဒီလိုလုပ်ရင် သူလိုချင်တာရတယ်ဆိုတာမျိုး မှတ်ထားကြတာကိုး။ တစ်ခုသတိပြုဖို့က ငိုတိုင်းလိုတာကို မပေးလိုက်ဖို့ပါ။ အဲဒီလိုဆိုရင်ကလေးက ငိုတိုင်းလိုတာရတယ်ဆိုတာကို သင်ယူပြီးဖြစ်တဲ့အတွက် ငိုဖို့ကို အားသန်လာပါလိမ့်မယ်။ ကလေးရဲ့ဖွံ့ဖြိုးမှု၊ သင်ယူတတ်မြောက်မှုတွေမှာ ချစ်ချစ်ခင်ခင် ဂရုတစိုက်နဲ့ မိဘတွေရဲ့တုံ့ပြန်မှုက အင်မတန်အရေးကြီးပါတယ်။

    မျက်လုံးချင်းဆက်သွယ်ပါ

    ကလေးဆိုတာ သူတို့မသိသေးတဲ့ ကမ္ဘာလောကကို မျက်လုံးလေးကတဆင့်ပဲလေ့လာကြတာပါ။ အနီးဆုံးမြင်တွေ့နေရတဲ့ မိဘကို ကြည့်တဲ့အခါ သူတို့ကို လူကြီးတွေဘယ်လိုချော့မြှူလဲ၊စကားပြောဆိုလဲဆိုတာ မှတ်သားတတ်ပါတယ်။ ကလေးကို စကားတစ်ခုခုပြောတဲ့အခါတိုင်း မျက်လုံးချင်းဆုံအောင် ကြည့်ပြောမယ်ဆိုရင် ကလေးက ပိုအာရုံစိုက်မိ၊ မှတ်မိလွယ်ပါတယ်။

    ကလေးကို စကားပြောပေးပါ

    ကလေးက ဝူးတူးဝါးတား စကားလေးတွေလှမ်းပြောတဲ့အခါ ခပ်ဆင်ဆင်အသံတွေနဲ့ပြန်ချော့မြှူတတ်ကြပါတယ်။ ဒါပေမယ့် ကလေးက စကားသင်ယူတဲ့အရွယ်မို့ စကားနဲ့ပဲပြောတာပိုကောင်းပါတယ်။ဖေဖေမေမေခေါ်ခိုင်းတာမျိုး၊ ကလေးကမပီတဲ့အသံလေးထွက်လာရင်တော်လိုက်တာ၊ခေါ်ကြည့်ပါဦး စသည်ဖြင့် အသံကျယ်ကျယ်နဲ့ စကားပြောနေပေးပါ။ ကလေးဘေးမှာ အလုပ်တစ်ခုခုလုပ်နေရင်း ကိုယ်ပြောချင်တဲ့စကားတွေ တတွတ်တွတ်ပြောနေတာကလည်း စကားလုံးတွေပိုမှတ်သားမိစေပါတယ်။ ရိုင်းပျတဲ့စကားတွေတော့ မကြားမိစေဖို့ သတိပြုပါ။

    ကလေးကိုမေးခွန်းလေးတွေမေးပါ

    ကလေးကို တစ်ခုခုစဉ်းစားမိစေဖို့မေးခွန်းလေးတွေမေးမေးပေးတာလည်းကောင်းပါတယ်။ စကားမတတ်သေးပေမယ့် ကလေးက ခေါင်းငြိမ့်၊ခေါင်းခါ၊ခြေဟန်လက်ဟန်တွေနဲ့တုံ့ပြန်တတ်နေပြီဖြစ်ပါတယ်။မေမေ့ကို ချစ်လား၊မေမေ့သားလေးကဘယ်မှာလဲ စသည်ဖြင့်မေးပေးရင် ကလေးက တုံ့ပြန်ဖြေပေးရင်း စကားနားလည်နိုင်စွမ်းတိုးတက်လာမယ်။နောက်ပိုင်းကျ ဘယ်လိုပြန်ဖြေရမလဲ သိလာနိုင်ပါတယ်။

    ကလေးကို ပတ်ဝန်းကျင်မှာ စူးစမ်းခွင့်ပေးပါ

    ကလေးကို အဖော်လုပ်ကစားပေးတာက ကလေးရဲ့ဉာဏ်ရည်နဲ့ လုပ်ဆောင်နိုင်စွမ်း၊လေ့လာသင်ယူနိုင်စွမ်းတွေ တိုးတက်စေဖို့ အထောက်အကူပြုပါတယ်။ အိမ်ရှေ့လိုက်ပြတာ၊ ဒါက ဘာလေးခေါ်တယ်၊ ဘယ်လိုရှိတယ် ကလေးကိုရှင်းပြပေးတာက ပြင်ပလောကက သူမြင်တွေ့ရတဲ့အရာတွေကို စိတ်ဝင်စားမှတ်သားလာစေပါတယ်။ အရာရာကို စူးစမ်းသိရှိခွင့်ရတဲ့ ကလေးဟာ အကြား၊ အမြင်၊ အထိအတွေ့၊အရသာနဲ့ အနံ့ တို့ အာရုံခံနိုင်စွမ်းပိုကောင်းလာစေပါလိမ့်မယ်။

    မျက်စိလေ့ကျင့်ခန်းဖြစ်အောင် ဖန်တီးပေးပါ

    ကလေးခြင်ထောင်အပေါ်မှာ တွဲလောင်းအရုပ်လေးတွေထားပေးတာ၊ ကလေးထိုင်ခုံလှည်းမှာ ချစ်စရာ ရောင်စုံအရုပ်လေးတွေထားပေးတာက အရောင်တွေ၊ ပုံသဏ္ဍာန်တွေကို ကလေးကမှတ်သားမိလာစေဖို့ အထောက်အကူပြုပါတယ်။ ဥပမာ – သားရေ ဒါဘာရောင်လဲ၊ အဝါရောင် ဆိုပြီး အဝါရောင်မှတ်မိအောင် အရုပ်ကိုပြပြီး သင်ပေးလို့ရပါတယ်။

    ကလေးငယ်ကို ဒစ်ဂျစ်တယ်ပစ္စည်းတွေ မကြည့်စေသင့်သေးပါဘူး

    အရုပ်မြင်ရင်သဘောကျပြီး ကာတွန်းကြိုက်တတ်တာ ကလေးတွေဆိုပေမယ့် ကလေးစိတ်ဝင်စားအောင်လို့ ဖုန်းထဲက ကာတွန်းပြတာ၊ တီဗီဖွင့်ပေးထားတာတွေမလုပ်သင့်ပါဘူး။ နုနယ်လွန်းတဲ့ မျက်လုံးလေးတွေကို အပြည့်အဝမဖွံ့ဖြိုးခင်မှာ ထိခိုက်နိုင်တဲ့အကြောင်းအရာတွေကို တတ်နိုင်သမျှရှောင်ကြဉ်ပေးပါ။

    အစားအစာ၊ အာဟာရဓါတ်စာ ဂရုစိုက်ပါ

    မိခင်နို့ သို့မဟုတ် အာဟာရနို့မှုန့် တိုက်ကျွေးရတဲ့အရွယ်တွေမှာ အစာအာဟာရဘယ်လောက်ဝင်သလဲစောင့်ကြည့်နေရပါမယ်။ ငယ်ရွယ်စဉ်ကလေးရဲ့ဖွံ့ဖြိုးမှုမှာ အစာအာဟာရက အဓိကကျတာမို့ ကလေးရဲ့အမြင်အာရုံနဲ့ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ဓါတ်တွေပြည့်စုံဖို့ ဂရုစိုက်ပါ။ DHA ဆိုတဲ့ omega-3 fatty acid တစ်မျိုးက ကလေးရဲ့ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ဓါတ်ဖြစ်လို့ နို့မှုန့်ရွေးချယ်ရာမှာ အာဟာရဖြည့်စွက်စာတွေရွေးချယ်ရာမှာ DHA ပြည့်ပြည့်၀၀ပါဝင်တဲ့အမျိုးအစားကိုရွေးချယ်ဝယ်ယူဖို့ သတိပြုရပါမယ်။ နို့တိုက်ကျွေးနေသေးတယ်ဆိုရင်လည်း မိခင်က Omega 3 Fatty Acid နဲ့ DHA ဓါတ်တွေကြွယ်ဝတဲ့ အစားအသောက်တွေကိုပြည့်ပြည့်၀၀ စားသုံးပေးရပါမယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement