brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တံတောင်ဆစ် ထိခိုက်ဒဏ်ရာရခြင်းအကြောင်းများ

တံတောင်ဆစ်နာကျင်ခြင်းဟာ သိပ်ဆိုးရွားတဲ့ ပြသနာမဟုတ်ပေမယ့် နေ့စဉ်လှုပ်ရှားမှုတွေမှာ လက်မောင်းနဲ့ တံတောင်ဆစ်ကို အသုံးပြုရများတာကြောင့် ပုံမှန်လုပ်ဆောင်ချက်တွေမှာ ထိခိုက်စေတာ အမှန်ပါပဲ။ ထိခိုက်ဒဏရာရခြင်းဟာ တံတောင်ဆစ်နာခြင်းရဲ့ အဓိကအကြောင်းအရင်းပဲ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတာတွေကတော့ တွေ့ရများတဲ့ တံတောင်ဆစ်ပိုင်းဆိုင်ရာ ထိခိုက်မှုပြသနာတွေပဲ ဖြစ်ပါတယ်။

တံတောင်ဆစ် ထိခိုက်ဒဏ်ရာရခြင်းအကြောင်းများ

တွေ့ရများသော ထိခိုက်ဒဏ်ရာရခြင်း၏ အကြောင်းရင်းများ

ထိခိုက်ဒဏ်ရာရစေတဲ့ အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

– ပြုတ်ကျခြင်း၊ ချော်လဲခြင်း

– ဘောလုံး၊ ဘတ်စကတ်ဘော၊ စက်ဘီး၊ စကိတ် စသည့် အားကစားလှုပ်ရှားမှုများ

– လုပ်ငန်းခွင်ဆိုင်ရာ ကိစ္စရပ်များ

ကလေးများဟာ ချောလဲခြင်း၊ အားကစားလုပ်စဉ် ထိခိုက်ခြင်း စတာတွေကြောင့် တံတောင်ဆစ်ပိုင်း ထိခိုက်ဒဏ်ရာရတတ်ပါတယ်။ သက်ကြီးပိုင်းတွေမှာတော့ အရိုးရဲ့ သိပ်သည်းဆ နည်းသွားတာကြောင့် အရိုးကျိုးတတ်ပါတယ်။ သူတို့ရဲ့ ကိုယ်နေဟန်ချက်ကို မထိန်းနိုင်ခြင်းတွေ၊ အမြင်အာရုံချို့ယွင်းခြင်းတွေတို့ကြောင့် ချော်လဲလွယ်တတ်ပါတယ်။

လတ်တလောရတတ်သော ထိခိုက်ဒဏ်ရာများ

ချောလဲရာမှဖြစ်စေ၊ တံတောင်ဆစ်ကို လိမ်မိ ထောက်မိ ပုံမှန်မဟုတ်ဘဲ ကွေးမိရာကဖြစ်စေ ထိခိုက်ဒဏ်ရာ ရတတ်ပါတယ်။ ဆိုးရွားတဲ့ နာကျင်မှု၊ ရောင်ရမ်းမှု ခံစားရပြီး အညိုအမည်းစွဲတတ်ပါတယ်။ အောက်ပါ အခြေအနေတွေ ကြုံနိုင်ပါတယ်။

– တံတောင်ဆစ်၏ အရွတ်၊ ကြွက်သားချောင်း စသည်တို့ ထိခိုက်မိခြင်း

– အရွတ်များ စုတ်ပြဲခြင်း၊ ဆွဲဆန့်မိခြင်းကြောင့် ဒဏ်ဖြစ်ခြင်း

– တံတောင်ဆစ်ကြွက်သား အလွန်အကျွံ ဆွဲဆန့်မိခြင်းကြောင့် ဒဏ်ဖြစ်ခြင်း

– ကြွက်သားများစုတ်ပြဲခြင်း

– တံတောင်ဆစ် အရိုးကျိုးခြင်း

– အဆစ်လွဲခြင်း

နာတာရှည်ထိခိုက်ဒဏ်ရာရခြင်း

ထပ်တလဲလဲ ဖိအားသက်ရောက်မှုတွေကြောင့် တံတောင်ဆစ်မှာ ထိခိုက်မှုဖြစ်တတ်ပါတယ်။ လှုပ်ရှားမှုတချို့ကို ဆက်တိုက် အလွန်အကျွံလုပ်မိရင် ဖြစ်တတ်ပါတယ်။ အောက်ပါအခြေအနေတွေ တွေ့ရပါတယ်။

– ကြွက်သားချောင်းရောင်ခြင်း။ ဒီအခြေအနေကို တင်းနစ်သမား တံတောင်ဆစ်၊ ဂေါ့ဖ်သမား တံတောင်ဆစ်လို့ ညွှန်းကြပါတယ်။ ကြွက်သားချောင်း ရောင်ရမ်းလာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ ဖြစ်တဲ့တံတောင်ဆစ်ကို လှုပ်၇ှားရင် နာကျင်မှု ပိုဆိုးလာတတ်ပါတယ်။ တောင့်တင်းခြင်း၊ အားနည်းခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

– အဆစ်အတွင်းအရည်အိတ်ရောင်ခြင်း။ တံတောင်ဆစ်ကို ထပ်တလဲလဲလှုပ်ရှားလို့ ဖြစ်တတ်ပါတယ်။ လှုပ်ရှားရင်၊ ဖိမိရင် နာတတ်ပါတယ်။ တံတောင်ဆစ်ဟာ တောင့်တင်းရောင်ရမ်းပြီး နီရဲနေတတ်ပါတယ်။

– အာရုံကြောနာခြင်း။ ထပ်တလဲလဲ လှုပ်ရှားမှုများကြောင့် တံတောင်ဆစ် အာရုံကြောများ နာကျင်နေတတ်ပါတယ်။

ကုသမှု

လက်စည်းစည်းခြင်း၊ ကာယကုသခြင်း၊ ဆေးဝါးကုသခြင်း၊ ကျပ်စည်းခြင်း၊ ခွဲစိတ်ခြင်း စတဲ့နည်းလမ်းတွေ ပါဝင်ပါတယ်။ ကုသမှုဟာ အောက်ပါအခြေအနေတွေပေါ် မူတည်ပါတယ်။

– ထိခိုက်သည့်နေရာ

– နာကျင်ခြင်း၏ ဆိုးရွားပြင်းထန်မှု

– လှုပ်ရှားနိုင်စွမ်း

– ဒဏ်ရာရသည့်အချိန်

– အသက်အရွယ်၊ ကျန်းမာရေး အခြေအနေ၊ အလုပ်အကိုင်၊ အားကစားလှုပ်ရှားမှု

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ

အိမ်တွင်းကုထုံးတွေဟာ အထောက်အကူပြုပါတယ်။ ဒါပေမယ့် အောက်ပါအခြေအနေမှာ ဆရာဝန်ပြသင့်ပါတယ်။

– တံတောင်ဆစ် နာကျင်မှုဆိုးရွားနေတဲ့အခါ

– တံတောင်ဆစ်ဟာ ပုံမှန်မဟုတ်ဘူးလို့ ထင်ရတဲ့အခါ

– ထုံကျင်အားနည်းခြင်း ခံစားရသောအခါ

– အသားအရေ အေးပြီး ဖြူဖျော့ ပြာနှမ်းသောအခါ

– ထိခိုက်မိတဲ့ တံတောင်ဆစ် မလှုပ်ရှားနိုင်သောအခါ

– အလေးအပင်မမနိုင်သောအခါ

– ရောင်ရမ်းနာကျင်ခြင်း မသက်သာသောအခါ

– ရောဂါပိုးဝင်သည်ဟု ထင်ရသောအခါ၊ ဖျားနာပြီး နီရဲပူနွေးသောအခါ

တံတောင်ဆစ်ဟာ ထိခိုက်လွယ်ပါတယ်။ အလွန်အကျွံ အသုံးပြုတဲ့အခါ ထိခိုက်ဒဏ်ရာ ဖြစ်တတ်ပါတယ်။ ကုသမှုနည်းလမ်းဟာ မိမိအခြေအနေပေါ် မူတည်ပါတယ်။ အိမ်တွင်းကုထုံးတွေနဲ့ ကုသနိုင်သလို လိုအပ်ရင် ဆရာဝန်ပြသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thant Zin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/01/2022 ဖြစ်ပါသည်။