backup og meta

နာကျင်မှုကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ ထိခိုက်နေရပြီဆိုရင် ဒူးဆစ်ရိုးတစ်စိတ်တစ်ပိုင်းအစားထိုး ကုထုံးရှိပါတယ်


Dr. Jeffrey Chew မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာကျင်မှုကြောင့် နေ့စဉ်လှုပ်ရှားမှုတွေ ထိခိုက်နေရပြီဆိုရင် ဒူးဆစ်ရိုးတစ်စိတ်တစ်ပိုင်းအစားထိုး ကုထုံးရှိပါတယ်

    သင်ရဲ့ ဒူးနာခြင်းဝေဒနာဟာ လျော့ပါးသက်သာမသွားဘဲ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုပါ အနှောင့်အယှက်ပေးနေပြီဆိုရင်တော့ သင့်အနေနဲ့ MAKOplasty ခွဲစိတ်မှုကို ခံယူဖို့ လိုအပ်ကောင်းလိုအပ်နေပါပြီ။

    အသက်ငယ်ငယ်ရွယ်ရွယ်မှာပဲ ဒူးနာခြင်းဝေဒနာကို ခံစားရတာဟာ နည်းနည်းတော့ လက်ပေါက်ကတ်ပါတယ်။ total knee replacement လို့ခေါ်တဲ့ ဒူးဆစ်ရိုးတခုလုံးကို အစားထိုးလဲလှယ်ဖို့ဆိုတာဟာလည်း သိပ်မဆိုးရွားသေးတဲ့ ဒူးနာခြင်းအတွက် မလိုအပ်သေးဘူးလို့ ယူဆသတ်မှတ်တတ်ကြတာကြောင့် အပ်နဲ့ထွင်းရမယ့်နေရာမှာ ပေါက်ဆိန်နဲ့ပေါက်ရတဲ့ အဆင့်ကို ရောက်သွားတတ်ကြပါတယ်။

    ဒါကြောင့် ဒူးခေါင်းဒါဏ်ဖြစ်ခြင်း သို့မဟုတ် ဒူးနာခြင်းကို ပြင်းထန်မှုအနေအထားအဆင့်အရ သင့်လျော်သလို ကုသပေးနိုင်မယ့် အဆင့်မြင့်နည်းပညာတွေကို Mount Elizabeth ဆေးရုံမှ အရိုးအထူးကုခွဲစိတ်ဆရာဝန် Dr Jeffrey Chew က အခုလို ရှင်းပြပေးထားပါတယ်။

    ဒူးမှာ အပိုင်းသုံးပိုင်း ပါဝင်ပါတယ် ___ အတွင်းဖက်ပိုင်း၊အပြင်ဖက်ပိုင်း နဲ့ ဒူးခေါင်ရိုးတဝိုက် အပိုင်းတွေပဲ ဖြစ်ပါတယ်။ အကယ်၍ အဆိုပါ အပိုင်းသုံးပိုင်းထဲက နှစ်ပိုင်းပျက်စီးပြီဆိုရင်တော့ ဒူးအစားထိုးလဲလှယ်ဖို့ ဆရာဝန်တွေက အကြံပြုလေ့ရှိကြပါတယ်။ တကယ်လို့ တပိုင်းပဲ ထိသေးတယ်ဆိုရင် partial knee replacement လို့ခေါ်တဲ့ ဒူးရဲ့ အစိတ်အပိုင်းတချို့တဝက်ကိုပဲ အစားထိုးလဲလှယ်တဲ့ ခွဲစိတ်ကုသမှုကို ခံယူနိုင်ပါတယ်။

    ယခင်ကဆိုရင် ခွဲစိတ်ဆရာဝန်တွေအနေနဲ့ ဒူးရဲ့ အစိတ်အပိုင်းတချို့တဝက်ကိုပဲ အစားထိုးလဲလှယ်တဲ့ ခွဲစိတ်ကုသမှုကို ပြုလုပ်တဲ့အခါမှာ စက်ကိရိယာအကူအညီမပါဘဲ ကိုယ်တိုင်ပြုလုပ်ရတာမို့ အစားထိုးတဲ့ ပစ္စည်းကို လိုအပ်တဲ့ နေရာအတိအကျမှာ ရှိနေစေဖို့ အတော်လေးလက်ဝင်ပြီး ခက်ခက်ခဲခဲ လုပ်ရတာမျိုးတွေရှိတယ်လို့ Dr Chew က ဆိုပါတယ်။ ဒါပေမယ့် စက်ရုပ်လက်တံလိုမျိုး အဆင့်မြင့်နည်းပညာတွေကို အသုံးပြုမယ်ဆိုရင်တော့ ဒူးရဲ့ အစိတ်အပိုင်းတချို့တဝက်ကိုပဲ အစားထိုးလဲလှယ်တဲ့ ခွဲစိတ်ကုသမှု ပြုလုပ်ရာမှာ ပိုမိုတိကျသေသပ်ပြီး ရလာဒ်လည်း ပိုကောင်းပါမယ်။ ဒူးရဲ့ အစိတ်အပိုင်းတချို့တဝက်ကိုပဲ အစားထိုးလဲလှယ်တဲ့ ခွဲစိတ်ကုသမှု ဥပမာတခုကတော့ MAKOplasty လို့ခေါ်တဲ့ ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။

    MAKOplasty ဆိုတာ ဘာလဲ

    စက်ရုပ်လက်တံအသုံးပြုခွဲစိတ်ခြင်းဟာ minimally invasive surgery တမျိုးဖြစ်ပါတယ်။(minimally invasive surgery ဆိုတာကတော့ ခွဲစိတ်ဒါဏ်ရာ အသေးဆုံးဖြစ်အောင် ခွဲစိတ်နည်းတမျိုးပါ)။ စက်ရုပ်လက်တံမှာ တပ်ဆင်ထားတဲ့ ခွဲစိတ်ကိရိယာတွေကို အထူးပြုလုပ်ထားတဲ့ ကွန်ပြူတာတွေကတဆင့် ခွဲစိတ်ဆရာဝန်က ထိန်းချုပ်ပါတယ်။ ဒီနည်းပညာဟာ ပျက်စီးနေ သို့မဟုတ် ဒါဏ်ဖြစ်နေတဲ့ ဒူးမျက်နှာပြင်တွေကို ပြင်ပအစားထိုးပစ္စည်းတွေနဲ့ လဲလှယ်ပေးခြင်း ဖြစ်ပြီး စက်ရုပ်လက်တံအသုံးပြု minimally invasive surgery ခွဲစိတ်နည်းတမျိုး ဖြစ်ပါတယ်။osteoarthritis အဆစ်အမြစ်ရောင်ရောဂါကြောင့် ပျက်စီးသွားတဲ့ ဒူးအရိုးနုတွေကို အစားထိုးလဲလှယ်ပေးတာမို့ နာကျင်ခြင်းဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

    လူနာရဲ့ ဒူးခေါင်းကို ရိုက်ယူထားတဲ့ ကွန်ပျူတာဓါတ်မှန် (CT scan)ကို ကွန်ပျူတာစနစ်ထဲ ဦးစွာ ထည့်သွင်းရပါတယ်။ အစားထိုးလဲလှယ်မယ့်နေရာ အတိအကျကို သတ်မှတ်ပုံဖော်ပြီးပြီဆိုတာနဲ့ ကွန်ပြူတာစက်ရုပ်စနစ်ဟာ ခွဲစိတ်ဆရာဝန်ကို အမြင်အာရုံ၊အကြားအာရုံ နှစ်မျိုးလုံးကို အသုံးပြုလို့ လမ်းညွှန်ပေးပါတယ်။ ဒါမှသာ ဒူးမျက်နှာပြင်ကို ပြန်လည်ပုံသွင်းခြင်းနဲ့ ဒူးရိုးအစားထိုးပစ္စည်းတွေ လဲလှယ်တပ်ဆင်ခြင်းကို အတိကျဆုံး မှန်ကန်စွာ လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

    MAKOplasty ရဲ့ ကောင်းကျိုးတွေ

    မပျက်စီးသေးတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း —- ဒီခွဲစိတ်မှုဟာ ဒူးရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေကိုပဲ ဦးတည်ချက်ထားပြီး ကုသပေးတာမို့ မကောင်းတော့တဲ့ ဒူးအစိတ်အပိုင်းတွေကို ဖယ်ရှားလိုက်ချိန်မှာပဲ ဘေးနားပတ်လည်မှာ မပျက်မစီးရှိနေသေးတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ခွဲစိတ်မှုကြောင့် ဒါဏ်ဖြစ်ခြင်းကို အနည်းဆုံး ဖြစ်စေမယ့်အပြင် လျင်မြန်စွာ နာလန်ထလာနိုင်မှာပါ။

    အမာရွတ်အနည်းဆုံးဖြစ်ခြင်း —- MAKOplasty ခွဲစိတ်မှုကို ပြုလုပ်တဲ့အခါ သင့်ဒူးနားတဝိုက်မှာ ၄-၆ လက်မလောက်ပဲရှိတဲ့ ခွဲစိတ်ရာအသေးလေးတွေသာ ရှိမှာဖြစ်တဲ့အတွက် အမာရွတ်လည်း နည်းနည်းပဲ ကျန်မှာပါ။

    ခွဲစိတ်ပြီးတဲ့အခါ သဘာဝနဲ့ ပိုမိုတူညီတဲ့ ဒူးကို ရရှိခြင်း —- မပျက်စီးသေးတဲ့ အရိုးနဲ့ တစ်ရှူးတွေကို ဆက်လက်ထိန်းသိမ်းထားတဲ့အပြင် ပြင်ပပစ္စည်းကို အစားထိုးထည့်သွင်းရာမှာလည်း နေရာပိုမိုတိကျတာကြောင့် ပိုပြီးသဘာဝကျတဲ့ ခံစားမှုကို ရရှိမှာ ဖြစ်ပါတယ်။

    အစားထိုးထည့်သွင်းထားတဲ့ ပစ္စည်းကြာကြာခံခြင်း —- အဆိုပါ အစားထိုးပစ္စည်းလေးဟာ ဆယ့်ငါးနှစ်ကနေ အနှစ်နှစ်ဆယ်လောက်အထိ သက်တမ်းရှိတာမို့ ဒူးတခုလုံးအစားထိုးလဲလှယ်ပစ်လိုက်တာနဲ့တောင် နှိုင်းယှဉ်နိုင်ပါတယ်။

    လျင်မြန်စွာ နာလန်ထနိုင်ခြင်း —- လိုအပ်တဲ့ နေရာကိုပဲ ခွဲစိတ်ကုသတာဖြစ်တဲ့အတွက် နာလန်ထချိန်ဟာ တော်တော်လေးမြန်ပါလိမ့်မယ်၊စောပါလိမ့်မယ်။ ခွဲစိတ်ပြီး ရက်အနည်းကနေ ရက်သတ္တပတ်နှစ်ပတ်လောက်အထိပဲ ချိုင်းထောက်ကို သုံးဖို့ လိုအပ်မှာလို့ Dr Chew က ဆိုပါတယ်။ ရက်သတ္တပတ် ခြောက်ပတ်ကြာပြီးချိန်မှာတော့ လူနာအနေနဲ့ ပြေးခြင်း၊ရေကူးခြင်း နဲ့ ဘောလုံးကန်ခြင်း အစရှိတဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပုံမှန်အတိုင်း ပြန်လုပ်နိုင်ပါပြီ။ ဒူးအကွေးအဆန့်လုပ်ရတာလည်း မူလသဘာဝအတိုင်းလို့ကို ခံစားရမှာပါ။

    ဘယ်သူတွေမှာ MAKOplasty ပြုလုပ်သင့်သလဲ

    ရောဂါအတော်လေးရင့်နေတဲ့ ဒူးနာဝေသနာရှင်တွေထက်စာရင် ကနဦးအဆင့်ကနေ သာမန်အဆင့်ဒူးနာခြင်းဝေဒနာကို ခံစားနေရတဲ့ လူနာတွေမှာ ဒီကုသမှုကို ပြုလုပ်သင့်ပါတယ်။ သူတို့ ပုံမှန်ပြုလုပ်နေကျ လှုပ်ရှားသွားလာမှုတွေကို မပြုလုပ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ လူတွေက ကုသမှုခံယူကြတာ များပါတယ်။ တကယ်လို့ ဒူးနာခြင်းဝေဒနာဟာ သင့်ရဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာမှုတွေကို ခက်ခဲအောင် အနှောင့်အယှက်ပေးနေပြီဆိုရင်တော့ MAKOplasty ခွဲစိတ်ကုသမှု ခံယူဖို့ သင့်တော်မှုရှိမရှိ သိနိုင်ဖို့အတွက် သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရပါမယ်။ ဒီခွဲစိတ်မှုဟာ သင်နဲ့ ကိုက်ညီခြင်းရှိမရှိကို သိနိုင်ဖို့အတွက် ဆရာဝန်အနေနဲ့ သင့်ရဲ့ ဒူးကို စေ့ငုံစွာ အသေအချာ လေ့လာစမ်းသပ်စစ်ဆေးရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Jeffrey Chew မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement