backup og meta

ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ကို physiotherapy ကုသမှုက ဘယ်လိုကူညီပေးနိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ကို physiotherapy ကုသမှုက ဘယ်လိုကူညီပေးနိုင်သလဲ

    ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome) ဖြစ်ပြီဆိုရင် နာကျင်ခြင်း၊လှုပ်ရှားသွားလာရ အဆင်မပြေခြင်း စတာတွေကို ခံစားလာရတော့မှာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ physiotherapy ကုသမှုကို ခံယူဖို့ ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။

    ဒါကြောင့် physiotherapy ဟာ ခါးဆစ်ကြောညပ်ခြင်းကို ကုသရာမှာ ဘယ်လိုအကျိုးဖြစ်ထွန်းစေလဲဆိုတာ သိရှိနိုင်ဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရအောင်။

    ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)က ဘာပြဿနာတွေကို ဖြစ်စေနိုင်သလဲ။

    ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာတွေက ပြင်းထန်မှုအဆင့် အမျိုးမျိုး ကွာခြားပါတယ်။ ကျောရိုးဆစ်တွေကြားမှာရှိတဲ့ အခွေလေး ပျက်စီးတာကြောင့်ဖြစ်ပေါ်လာတဲ့ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)မှာ အောက်ပါ လက္ခဏာတွေ ခံစားရပါမယ်။

    · ကျော သို့မဟုတ် လည်ပင်းမှာ နာကျင်ခြင်း။

    · နာကျင်မှုဟာ သင့်ရဲ့ လှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေပါလိမ့်မယ်။ သင်အချိန်ကြာမြင့်စွာ ထိုင်နေတဲ့အခါ ဒါမှမဟုတ် မတ်တပ်ရပ်နေတဲ့အခါ၊ဇက် ဒါမှမဟုတ် ကျောကုန်းကို စောင်းတဲ့အခါ၊ကွေးတဲ့အခါ နာကျင်တာ ပိုဆိုးလာနိုင်သလို လမ်းလျှောက်တဲ့အချိန်၊ပြေးတဲ့အချိန်တွေမှာလည်း နာကျင်မှုက ပိုပြင်းထန်လာနိုင်ပါတယ်။

    · သင့်အနေနဲ့ အချိန်အများစုမှာ နာတာရှည် နာကျင်မှုကို ခံစားနေရမှာဖြစ်တဲ့အပြင် ရံဖန်ရံခါဆိုသလို အလွန်ပြင်းထန်တဲ့ နာကျင်မှုတွေကိုလည်း ရုတ်တရက် ခံစားရမှာဖြစ်ပြီး ဒါဟာ ရက်ပိုင်းကနေ လပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။

    · သင့်ကိုယ်နေဟန်ထားကို မကြာခဏပြောင်းလဲပေးခြင်းအားဖြင့် နာကျင်မှုကို သက်သာစေပါလိမ့်မယ်။

    ကျောရိုးဆစ်တွေကြားမှာရှိတဲ့ အခွေလေး ကျွံခြင်းကြောင့် ဖြစ်လာတဲ့ ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)မှာ အောက်ပါ လက္ခဏာတွေ ခံစားရပါမယ်။

    · ကျောအောက်ခြေနားမှာ ကျောရိုးဆစ်ခွေ ကျွံခြင်းကြောင့် သင့်တင်ပါးနဲ့ ခြေထောက်တွေမှာ နာကျင်မှုကို ခံစားရမှာ ဖြစ်ပြီး လည်ပင်းကျောရိုးဆစ်ခွေကျွံမယ်ဆိုရင်တော့ ပုခုံးနဲ့ လက်တလျှောက်မှာ နာကျင်မှုကို ခံစားရလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ပြဿနာဖြစ်နေတဲ့ ကျောရိုးဆစ်ခွေဟာ အနီးနားမှာရှိတဲ့ အာရုံကြောတွေကို ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောရိုးဆစ်ခွေကျွံခြင်းဟာ ခန္ဓါကိုယ်တခြမ်းတည်းကိုပဲ ထိခိုက်လေ့ရှိပါတယ်။

    · ခြေ၊လက် ဒါမှမဟုတ် ခြေချောင်းလေးတွေ ထုံကျဉ်ခြင်း (ခါးကျောရိုးဆစ်ခွေကျွံခြင်း)၊ ပုခုံး၊လက်၊လက်ချောင်းလေးတွေ ထုံကျဉ်ခြင်း (လည်ပင်းကျောရိုးဆစ်ခွေကျွံခြင်း)။

    · အားနည်းပျော့ခွေခြင်းတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။ ဒီလိုဖြစ်လာရင် အရာဝတ္ထုတွေကို ကိုင်တွယ်ရ၊မ,ရ ခက်ခဲလာစေနိုင်ပါတယ်။ ဒါ့အပြင် လမ်းကောင်းကောင်းမလျှောက်နိုင်တော့ခြင်း၊မတ်တပ်မရပ်နိုင်ခြင်းတို့ကိုလည်း တွေ့ကြုံခံစားရလာနိုင်ပါတယ်။

    ခန္ဓါကိုယ်လေ့ကျင့်လှုပ်ရှားခြင်းကုသမှု (physiotherapy) က ဘယ်လိုကူညီပေးနိုင်မလဲ။

    ကျောရိုးဆစ် အကြောညပ်ခြင်း(disk syndrome)ဟာ သင့်နေ့စဉ်လှုပ်ရှားသွားလာမှုကို ထိခိုက်စေလောက်တဲ့အထိ ပြဿနာအမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓါကိုယ်လေ့ကျင့်လှုပ်ရှားခြင်းကုသမှု (physiotherapy) ဟာ ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။

    တကယ်တော့ ခန္ဓါကိုယ်လေ့ကျင့်လှုပ်ရှားခြင်းကုသမှု (physiotherapy) ဟာ ရောဂါရဲ့ ဇစ်မြစ်ကို ကုသခြင်းထက် ရောဂါလက္ခဏာတွေကို သက်သာစေနိုင်တဲ့သဘောမျိုး ဖြစ်ပါတယ်။ဥပမာ

    · နာကျင်မှုတွေကို သက်သာစေခြင်း။

    · အာရုံကြောပေါ်မှာရှိနေတဲ့ ဖိအားတွေကို လျော့နည်းစေခြင်း။

    · နာကျင်အားနည်းနေတဲ့ ခန္ဓါကိုယ်နေရာတွေကို ပံ့ပိုးထောက်မပေးထားတဲ့ ကြွက်သားတွေကို ပိုမိုသန်စွမ်းစေခြင်း။

    · ကျောရိုးဆစ်ခွေဆီကို သွေးရောက်ရှိမှု ပိုများစေတဲ့အတွက် အဆိုပါနေရာကို အောက်စီဂျင်၊ရေနဲ့ အာဟာရဓါတ်တွေ ပိုမိုထောက်ပံ့ပေးနိုင်ကာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေပါတယ်။

    · နေ့စဉ်လှုပ်ရှားသွားလာမှုတွေကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်စေပါတယ်။

    physiotherapy အလုပ်မဖြစ်နိုင်တဲ့ အခြေအနေတွေက ဘာတွေလဲ။

    ဒါပေမယ့် တကယ်လို့ သင့်ကျောရိုးမှာ အရိုးကျိုးနေရင် ဒါမှမဟုတ် ကင်ဆာဖြစ်နေရင် သင့်အနေနဲ့ physiotherapy ကုသမှုကို ခံယူနိုင်မှာ မဟုတ်ပါဘူး။ ကုသမှု ခံယူနိုင်သည့်တိုင် သိသာထင်ရှားတဲ့ အကျိုးရလာဒ်တွေ တွေ့ရဖို့ မလွယ်ပါဘူး။ဥပမာ

    · အမှန်တကယ် ထိရောက်တဲ့ physiotherapy လေ့ကျင့်ကုသမှုဟာ “အားစိုက်ထုတ်စရာမလို”တဲ့ လေ့ကျင့်ခန်းနဲ့ “အားစိုက်ထုတ်”ရတဲ့ လေ့ကျင့်ခန်း နှစ်မျိုးလုံးပါဝင်သင့်ပေမယ့် သင့်အနေနဲ့ “အားစိုက်ထုတ်စရာမလို”တဲ့ လေ့ကျင့်ခန်းကိုသာ ပြုလုပ်နိုင်ခြင်း။

    · မှန်ကန်တဲ့ လေ့ကျင့်ကုသမှုကို မရရှိခြင်း။ သင့်ကို လေ့ကျင့်လမ်းညွှန်ပေးသူရဲ့ လမ်းညွှန်မှု မှားယွင်းနေခြင်း၊သင့်တော်တဲ့ လေ့ကျင့်ကုသမှုအစီအစဉ်မဟုတ်ခြင်း ဒါမှမဟုတ် သင့်အနေနဲ့ နားလည်မှုလွဲနေတာကြောင့် လေ့ကျင့်ခန်းလုပ်ရာမှာ မှားယွင်းနေခြင်း။ အဆိုပါ အချက်တွေကြောင့် physiotherapy ကုသလေ့ကျင့်မှု မအောင်မမြင် ဖြစ်နိုင်ပါတယ်။

    · လမ်းညွှန်ချက်တွေကို အတိအကျ မလိုက်နာခြင်း။ သင့်အနေနဲ့ ကျွမ်းကျင်သူတွေ ညွှန်ကြားထားသမျှကို ဂရုတစိုက်မလိုက်နာဖူးဆိုရင် မအောင်မြင်တဲ့ physiotherapy လေ့ကျင့်ကုသမှုဆီကို ဦးတည်မှာပဲ ဖြစ်ပါတယ်။

    · physiotherapy ကုသမှုဟာ အချိန်အတိုင်းအတာတခု ယူရမှာဖြစ်တဲ့အတွက် လုံလောက်တဲ့အချိန်မပေးဖူးဆိုရင်လည်း physiotherapy အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ စိတ်ရှည်ရှည်ထားပြီး တိုးတက်မှုတွေကို စောင့်ကြည့်ရပါမယ်။ ခုရေတွင်းတူး ခုရေကြည်သောက်လို့ မရဖူးဆိုတာ သတိထားရပါမယ်။

    ကျောရိုးဆစ်အကြောညပ်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတစ်ခုဖြစ်ပြီး physiotherapy လေ့ကျင့်ကုသမှုက ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ သင့်အနေနဲ့ လမ်းညွှန်ချက်တွေကို စနစ်တကျလိုက်နာပြီး စိတ်ရှည်ဖို့ပဲ လိုပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement