backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thurein Hlaing Win မှ ရေးသားသည်။ · 21/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား

ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား ။ မိုးရွာတာနဲ့ ဘာလို့များ အဆစ်အမြစ်တွေ ပိုကိုက်လာရတာလဲ။ ရာသီဥတုအေးတာနဲ့ ဘာလို့များ တဆစ်ဆစ်နာကျင်လာရတာလဲ။ ကိုယ်တိုင်မဟုတ်ပေမယ့်လည်း ကိုယ့်အဖိုးအဖွားတွေ၊ အဖေအမေတွေ ရာသီဥတုကြောင့် အဆစ်အမြစ်တွေကိုက်ခဲရတာကို ပြောနေတဲ့အချိန်တိုင်း ဘာမှလည်းမဆိုင်လောက်ပါဘူး တွေးနေမိလား။

ရာသီဥတုအေးတဲ့အခါ၊ မိုးရွာတဲ့အခါ အဆစ်အမြစ်တွေ ပိုကိုက်လာနိုင်သလား

ဒါဟာ တကယ်မှဟုတ်ရဲ့လား။ အရင်တုန်းကတော့ ဒီအကြောင်းအရာတွေဟာ ဘယ်လိုမှ ဆက်စပ်မှုမရှိဘူးလို့ ထင်ခဲ့ကြတယ်။ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာကြောင့်သာ ဒီလိုမျိုးတွေ ဖြစ်နေတာလို့ သတ်မှတ်ခဲ့ကြတယ်။ ဒါပေမယ့် စနစ်တကျသုတေသနပြုပြီးတဲ့နောက်မှာတော့ ဒီအယူအဆတွေက မှန်သင့်သလောက် မှန်ကန်တယ်ဆိုတဲ့အကြောင်းသိလာရတယ်။

မိုးမရွာခင်မှာကို အဆစ်အမြစ်တွေစနာလာတာဖြစ်နိုင်ပါတယ်။ တချို့အဖိုးအဖွားတွေမိုးမရွာခင်ကတည်းက မိုးရွာတော့မယ်ဆိုတာကို ကြိုသိနေတာမျိုးတောင်ဖြစ်ကြပါသေးတယ်။ ဘာကြောင့်ဆိုတဲ့အကြောင်း အတိအကျကြီး သက်သေမပြနိုင်သေးပေမယ့် ဒီလိုကြိုသိမှုတွေက အမှားတွေတော့မဟုတ်ပါဘူး။

  • လေထုဖိအားပြောင်းလဲမှုက တရားခံ။
  • ဖြစ်နိုင်ခြေအရှိဆုံးသီအိုရီတစ်ခုကတော့ လေထုဖိအား ပြောင်းလဲခြင်းပါ။ အဆစ်အမြစ်တွေကို အသားတစ်ရှူးတွေက ဝန်းရံထားတယ်။ ဒီအသားတစ်ရှူးတွေကို ကျစ်ကျစ်လစ်လစ်နဲ့ သူ့အတိုင်းရှိနေအောင်၊ အဆစ်အမြစ်တွေကို သွားပြီး ဖိမိမနေအောင် ပြင်ပမှာရှိတဲ့ လေထုဖိအားက ဖိအားပေးထိန်းချုပ်ထားတယ်။ ဒါပေမယ့် ရာသီဥတုအေးတဲ့အချိန်၊ မိုးမရွာခင်အချိန်တွေမှာ ပြင်ပမှာရှိတဲ့ လေထုဖိအားက ကျဆင်းသွားတယ်။ လေထုဖိအား ကျဆင်းသွားတဲ့နောက်မှာ တစ်ရှူးတွေကို ဖိအားပေးပြီး မထိန်းထားနိုင်တော့ဘူး။ ဒီတော့ တစ်ရှူးတွေကဖောင်းလာတယ်။ အဲဒါက အဆစ်အမြစ်တွေကို ဖိသလိုဖြစ်ပြီး ကိုက်ခဲမှုတွေစဖြစ်တော့တာပဲ။

    ဒီလို လေထု အပြောင်းအလဲနဲ့ အဆစ်အမြစ်တွေ အပေါ်ကို သက်ရောက်မှုက တကယ်တမ်းတော့ အရမ်း သေးငယ်ပါတယ်။ သာမန်လူတွေအတွက် ဆိုရင် ဘယ်လိုမှ မသိသာနိုင်တဲ့ အရာတစ်ခုပေါ့။ ဒါပေမယ့် နဂို အဆစ်အမြစ် ကိုက်ခဲတတ်တဲ့ အခံရှိသူတွေ အတွက်ကတော့ အာရုံကြောတွေက အရမ်း အာရုံခံစားမှု အားကောင်းနေတော့ ဒီ အနည်းငယ် ပမာဏလေးကတောင် သိသာ ထင်ရှားတဲ့ နာကျင်ခံစားမှုတွေကိုဖြစ်စေပါတယ်။

    ဘယ်လိုဖြေရှင်းကြမလဲ။

    ပြဿနာကို သိပြီဆိုတော့ ဖြေရှင်းတဲ့ နည်းလမ်းတွေလည်း ရှိရမှာပေါ့။ ရာသီဥတု အေးလို့၊ မိုးရွာလို့ အဆစ်အမြစ် ကိုက်သူတွေ အတွက် ဒီနည်းလမ်းတွေကို ကျင့်သုံးကြည့်လို့ ရပါတယ်။

    ၁။ နွေးနွေးထွေးထွေး နေပါ။

    စောင် ထူထူ ခြုံပါ။ အဝတ်အစား ထူထူ ဝတ်ပါ။ အိမ်မှာ နွေးနွေးထွေးထွေး နေပါ။ ကိုက်တတ်တဲ့ အဆစ်အမြစ်တွေကို ရေနွေးအိတ် ကပ်ပါ။

    ၂။ အဆစ်အမြစ်တွေ ရောင်ပြီး မဖောင်းလာအောင် ကြပ်စည်းထားပါ။

    ရေနွေးအိတ် ကပ်တာအပြင် အဆစ်အမြစ်တွေ မရောင်လာအောင် ကြပ်စည်းထာမျိုးလည်း လုပ်နိုင်ပါတယ်။ ဒူးစွပ်၊ ခြေစွပ်၊ လက်စွပ်တွေက ဒါကို အကူအညီ ပေးနိုင်ပါလိမ့်မယ်။

    ၃။ လှုပ်လှုပ်ရှားရှား နေပါ။

    မလှုပ်မရှား နေရင် အဆစ်တွေ ပိုပြီး တောင့်တင်း ကိုက်ခဲလိမ့်မယ်။ ပို နာကျင် ခံရခက်လိမ့်မယ်။ လှုပ်လှုပ်ရှားရှား နေပါ။

    ၄။ စိတ် ကြည်ကြည်လင်လင် ထားပါ။

    နာတာရှည် အဆစ်အမြစ် ရောဂါ ရှိသူ အတွက်က ရာသီဥတု အေးပြီ ဆိုတာနဲ့ နာလာတတ်တော့ စိတ်ဓါတ် အလွယ်တကူ ကျတတ်ကြတယ်။ စိတ်ဓာတ် ကျတော့ ပိုပြီး နာကျင်တာကို ခံစား လာရတတ် ပါတယ်။ ဆိုတော့ စိတ်ဓါတ် မကျဘဲ လုပ်စရာ တစ်ခုခု ရှိနေအောင်နေပါ။ ဒီဝေဒနာက ခဏတာပဲဆိုတာကို သိထားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thurein Hlaing Win မှ ရေးသားသည်။ · 21/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement