brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ခြေဖနောင့်နာခြင်းကို kinesiology တိပ်နဲ့ ဘယ်လိုကုသမလဲ

Plantar fasciitis လို့ဆေးပညာဝေါဟာရနဲ့ ခေါ်ဝေါ်တဲ့ ခြေဖနောင့်နာခြင်းဟာ အဖြစ်များတဲ့ ပြဿနာတခုဖြစ်ပြီး အပြေးသမားအများစုမှာ တွေ့ရတတ်ပါတယ်။ ခြေဖနောင့်နာခြင်းကို အကိုက်အခဲပျောက်ဆေး သုံးစွဲခြင်း၊လေ့ကျင့်ခန်းလုပ်ခြင်း ဒါမှမဟုတ် ရေခဲကပ်ခြင်းတွေနဲ့ ကုသလို့ရနိုင်တယ်ဆိုတာ သင်သိပြီးသား ဖြစ်ပါလိမ့်မယ်။

ခြေဖနောင့်နာခြင်းကို kinesiology တိပ်နဲ့ ဘယ်လိုကုသမလဲ

ဒါပေမယ့် kinesiology တိပ်တွေဟာလည်း ဒီပြဿနာကို ဖြေရှင်းပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ မအံ့ဩသွားပါနဲ့။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

Plantar fasciitis ဆိုတာဘာလဲ။

Plantar fasciitis ဆိုတာဟာ ခြေဖနောင့်နာခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။Plantar fascia မှာ ပြဿနာရှိခြင်းကြောင့် Plantar fasciitis ခြေဖဝါးနာခြင်း ဖြစ်ပေါ်လာရပါတယ်။ ခြေဖဝါးအောက်တလျှောက် ဖြတ်သန်းသွားပြီး ဖနောင့်နဲ့ ခြေချောင်းလေးတွေကို ဆက်သွယ်ပေးထားတဲ့ တစ်ရှုးအမျှင်တန်းခပ်ထူထူတွေကို Plantar fascia လို့ခေါ်ပါတယ်။Plantar fascia ဟာ ခြေဖဝါးကို ထောက်မကူညီပေးပါတယ်။

နှစ်ပေါင်းများစွာ ဖိအားဒါဏ်တွေ ခံစားခဲ့ရခြင်း ဒါမှမဟုတ် ထိခိုက်ဒါဏ်ရာ ရရှိခြင်းတွေကြောင့် Plantar fasciitis ခြေဖနောင့်နာခြင်း ဖြစ်ပေါ်လာနိုင်ပြီး အပြေးသမားတွေ၊အဝလွန်သူတွေအပြင် မိမိနဲ့ မသင့်တော်တဲ့ ဖိနပ်တွေကို စီးလေ့ရှိသူတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။

ဒါ့အပြင် အသက် ၄၀နဲ့ ၆၀ကြား ပုဂ္ဂိုလ်တွေမှာလည်း ခြေဖနောင့်နာခြင်း ဖြစ်ပွားနိုင်ချေ ပိုများပါတယ်။Plantar fasciitis ဝေဒနာခံစားရပြီဆိုရင် သင့်ခြေဖနောင့်မှာ နာကျင်လာမှာဖြစ်ပြီး မနက်အိပ်ရာထလို့ လမ်းစလျှောက်ချိန် ဒါမှမဟုတ် အချိန်ကြာမြင့်စွာ ထိုင်နေ၊လဲလျောင်းနေပြီးနောက် လမ်းထလျှောက်ချိန်တွေမှာ ပိုမိုဆိုးရွားလေ့ရှိပါတယ်။

ခြေဖနောင့်နာခြင်းကို Kinesiology နဲ့ ဘယ်လိုကုသမလဲ။

Kinesiology တိပ်တွေကို ချည် ဒါမှမဟုတ် ဆေးဝါးကုသရာမှာသုံးတဲ့ အခရိုင်းလစ်တို့နဲ့ ပြုလုပ်ထားပါတယ်။

Kinesiology တိပ်တွေဟာ နူးညံ့ပါးလျပေါ့ပါးပြီး အလွယ်တကူ ဆန့်နိုင်ကျုံ့နိုင်ကာ ရေစိုခံတဲ့အပြင် သင့်ရဲ့ လှုပ်ရှားမှုတွေကိုလည်း မထိခိုက်စေနိုင်ပါဘူး။ အခြားကြိုးပြားပုံစံတွေကတော့ ဆန့်နိုင်ကျုံ့နိုင်ခြင်း မရှိတဲ့အတွက် နာကျင်နေတဲ့ ကြွက်သားပတ်လည်မှာ တင်းကျပ်စွာ စည်းထားရတာကြောင့် သင့်ရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်ထားသလို ဖြစ်နေပါလိမ့်မယ်။

Kinesiology တိပ်တွေဟာ ခြေဖနောင့်နာကျင်ခြင်းကို သက်သာစေပြီး plantar fascia ပေါ်ဖိအားတွေကို လျော့နည်းစေကာ ခြေဖဝါးကို ထောက်မပေးနိုင်တဲ့အတွက် ခြေထောက်မှာရှိတဲ့ ကြွက်သားတွေကိုလည်း သန်စွမ်းစေပါတယ်။

Kinesiology တိပ်တွေဟာ သင်နဲ့ သင့်တော်ခြင်း ရှိမရှိ ဒါမှမဟုတ် Kinesiology တိပ်တွေကို အသုံးပြုသင့်မသင့်ကို သိရှိနိုင်ဖို့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ပညာရှင်တွေကို ဦးစွာ မေးမြန်းတိုင်ပင်သင့်ပါတယ်။ သင့်မှာ အချို့သော ကျန်းမာရေးပြဿနာတွေပါ ပူးတွဲပြီးရှိနေရင် ဒီပြဿနာတွေဟာ Kinesiology တိပ်နဲ့ကုသခြင်းကို နှောင့်ယှက်မှုရှိမရှိ သိနိုင်ဖို့အတွက် ဆရာဝန်ကို ကြိုတင်အသိပေးထားပါ။

Kinesiology တိပ်တွေကို နှစ်ရက်ကနေ ငါးရက်အထိ အသုံးပြုနိုင်ပြီး သင့်အရေပြားနဲ့ ကောင်းကောင်းကပ်မနေတော့ရင် ခွာပစ်လိုက်သင့်ပါပြီ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ။

kinesiology တိပ်ကို အသုံးပြုပေမယ့် နာကျင်မှုမသက်သာရင်၊ခြေဖနောင့်မှာ နီရဲပြီး သွေးခြေဥလာရင် ဆရာဝန်နဲ့ ပြသသင့်ပါပြီ။ နာကျင်မှုသက်သာဖို့အတွက် သင့်အနေနဲ့ ခွဲစိတ်မှုခံယူဖို့ လိုအပ်ကောင်းလိုအပ်မှာ ဖြစ်ပါတယ်။

ခြေဖနောင့်နာခြင်းကို ထိရောက်စွာ သက်သာပျောက်ကင်းစေမယ့် ကုသမှုတခုအဖြစ် kinesiology တိပ်ကပ်ခြင်းကို ရွေးချယ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ kinesiology တိပ်တွေဟာ အသုံးပြုရလွယ်ကူပြီး နာကျင်မှုကို ကြာရှည်သက်သာစေလို့ပဲ ဖြစ်ပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Thiha Phyo Myint · 01/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။