backup og meta

ခြေကျင်းဝတ်နာကျင်ခြင်းကို ဘယ်လိုကုသမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေကျင်းဝတ်နာကျင်ခြင်းကို ဘယ်လိုကုသမလဲ

    ခြေကျင်းဝတ်နာကျင်ခြင်း ဆိုတာ ဘာလဲ။

    ခြေကျင်းဝတ်တဝိုက်မှာ နာကျင်ခြင်း၊သက်တောင့်သက်သာ မရှိခြင်းတို့ကို ဆိုလိုပါတယ်။ ခြေကျင်းဝတ်ခေါက်ခြင်း၊လိမ်ခြင်းကြောင့် အဓိက ဖြစ်လေ့ရှိပြီး အောက်ပါအချက်တွေကြောင့်လည်း ခြေကျင်းဝတ်နာကျင်နိုင်ပါတယ်။

    · အဆစ်အမြစ်ရောင်ခြင်း။

    · ဂေါက်ရောဂါ။

    · အာရုံကြောထိခိုက်ခြင်း။

    · သွေးကြောပိတ်ခြင်း။

    · အဆစ်ပိုးဝင်ခြင်း။

    ခြေကျင်းဝတ်ဒါဏ်ရာရခြင်းကို ဘယ်လိုအမြန်ဆုံး ကုသမလဲ။

    အောက်ပါနည်းလမ်းလေးတွေကို အသုံးပြုပြီး အိမ်နေရင်း ကုသပေးနိုင်ပါတယ်။

    အနားပေးပါ : ထိခိုက်ဒါဏ်ရာ ရနေတဲ့ ခြေကျင်းဝတ်ပေါ်ကို နောက်ထပ်ဖိအားတွေ မသက်ရောက်ပါစေနဲ့တော့။ အနားပေးထားပါ။ ဒါကြောင့် ဒါဏ်ရာ ရပြီးပြီးချင်း ရက်အနည်းငယ်အတွင်းမှာ အဆိုပါ ခြေကျင်းဝတ်ကို အသုံးပြုပြီး လှုပ်ရှားသွားလာတာမျိုးကို တတ်နိုင်သမျှ ရှောင်ရှားပါ။

    လမ်းလျှောက်ရလွယ်ကူစေဖို့အတွက် ချိုင်းထောက် ဒါမှမဟုတ် လမ်းလျှောက်တုတ်ကို အသုံးပြုနိုင်ပါတယ်။

    ရေခဲကပ်ပါ : ဒါဏ်ရာရနေတဲ့ ခြေကျင်းဝတ်ပေါ်ကို ရေခဲအိတ်ကပ်ပေးပါ။ တခါကပ်ရင် မိနစ်နှစ်ဆယ်နှုန်းနဲ့ တနေ့ကို လေးငါးခါလောက် ကပ်ပေးရမှာဖြစ်ပြီး တကြိမ်နဲ့တကြိမ်ကြားမှာ တနာရီခွဲလောက် ခွာရပါမယ်။

    ဒီလိုမျိုး ရေခဲကပ်တာကို ဒါဏ်ရာရပြီး သုံးရက်လောက်အထိ လုပ်ပေးရပါမယ်။ ရေခဲဟာ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့အတွက် ထုံကျဉ်ကိုက်ခဲခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

    ပတ်တီးစည်းထားပါ : နာနေတဲ့ ခြေကျင်းဝတ်တဝိုက်ကို ကျုံ့နိုင်ဆန့်နိုင်တဲ့ ပတ်တီးလေးစည်းပေးထားရပါမယ်။ အရမ်းကြီးတင်းတင်းစည်းထားရင် ခြေချောင်းလေးတွေ ပြာနှမ်းတာ၊ထုံကျဉ်လာတာမျိုး ဖြစ်နိုင်တဲ့အတွက် အလျော့မတင်း အနေတော်လေး စည်းပေးရပါမယ်။

    ခြေထောက်ကို မြှောက်ထားပါ : ဒါဏ်ရာရနေတဲ့ ခြေကျင်းဝတ်ကို နှလုံးထက် မြင့်တဲ့နေရာမှာ ရှိနေစေရပါမယ်။ ခေါင်းအုံးတွေကို ထပ်ပြီး ခြေထောက်တင်ထားနိုင်ပါတယ်။

    အထက်ဖော်ပြပါ ကုသမှုတွေ ပြုလုပ်ပြီးတဲ့အခါ ရောင်ရမ်းနာကျင်ခြင်းတွေကို သက်သာစေဖို့အတွက် (ဆရာဝန်ညွှန်ကြားချက်မလိုဘဲ မိမိဖာသာ ဝယ်သောက်နိုင်တဲ့) အကိုက်အခဲပျောက်ဆေးတွေကို သုံးစွဲနိုင်ပါတယ် (ဥပမာ acetaminophen or ibuprofen စသည်)။ အနည်းငယ် သက်သာလာတဲ့အခါ သင့်ခြေကျင်းဝတ်ကို လေ့ကျင့်ခန်းပြုလုပ်ပေးပါ (ခြေကျင်းဝတ်ကို ပတ်ချာလည်လှည့်တာမျိုး)။

    ဒါပေမယ့် ဒီလိုလေ့ကျင့်ခန်းလုပ်နေရင်း နာကျင်မှုတစုံတရာကို ခံစားရရင်တော့ အမြန်ရပ်လိုက်ပါ။ ဒါ့အပြင် သင့်လက်ကို အသုံးပြုပြီး ခြေကျင်းဝတ်ကို ကွေးလိုက်ဆန့်လိုက် ပြုလုပ်ပေးနိုင်ပါသေးတယ်။

    လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းအားဖြင့် ခြေကျင်းဝတ်အနေနဲ့ အလျင်အမြန် ပြန်လည်လှုပ်ရှားလာနိုင်မှာဖြစ်သလို ဒါဏ်ထပ်ဖြစ်ခြင်းကိုလည်း လျှော့ချပေးနိုင်ပါလိမ့်မယ်။

    ဆေးဝါးအကူအညီယူခြင်း

    တကယ်လို့ သင့်ခြေကျင်းဝတ်နာကျင်မှုရဲ့ နောက်ခံအကြောင်းရင်းဟာ အဆစ်အမြစ်ရောင်ရောဂါကြောင့်ဆိုရင်တော့ သင့်အနေနဲ့ ဆေးဝါးအကူအညီ မယူဘဲနဲ့ လုံးဝသက်သာပျောက်ကင်းမှာ မဟုတ်ပါဘူး။ သင်လက်ရှိခံစားနေရတဲ့ အဆစ်အမြစ်ရောင်ရောဂါပုံစံအမျိုးအစားနဲ့ အခြားသော ကျန်းမာရေးအခြေအနေတွေပေါ် မူတည်ပြီး သုံးစွဲရမယ့် ဆေးအမျိုးအစားကွာခြားမှာ ဖြစ်ပါတယ်။

    အများဆုံး သုံးစွဲလေ့ရှိတဲ့ ဆေးတွေကတော့ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးတွေပဲ ဖြစ်ပါတယ်။

    စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးတွေဟာ အဆစ်အမြစ်ရောင်ရောဂါပုံစံအမျိုးမျိုးကြောင့် ဖြစ်လာတဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ ဒါ့အပြင် သူတို့ကို ဝယ်ယူသုံးစွဲဖို့ ဆရာဝန်ဆေးစာ မလိုပါဘူး။

    စတီးရွိုက်ဆေးများ : ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ အာနိသင်ရဖို့ အချိန်အနည်းငယ်တော့ စောင့်ရပါမယ်။ စတီးရွိုက်ဆေးတွေကို သောက်ဆေး၊ထိုးဆေး ပုံစံနှစ်မျိုးလုံးနဲ့ ရရှိနိုင်ပါတယ်။

    အကိုက်အခဲပျောက်ဆေးများ : အဆစ်အမြစ်ရောင်ခြင်းနဲ့ အခြားသော နာကျင်ခြင်းတွေကို အကိုက်အခဲပျောက်ဆေးတွေကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးတွေနဲ့ မတူတဲ့အချက်က ယခုအကိုက်အခဲပျောက်ဆေးတွေဟာ နာကျင်မှုကို သက်သာဖို့ပဲ အဓိကထားပြီး ရောင်ရမ်းခြင်းတွေကို ကာကွယ်မပေးနိုင်ပါဘူး။

    DMARDs ဆေးများ : ဒီဆေးတွေဟာ နာကျင်မှုကို ဖြစ်စေတဲ့ ရောဂါဇစ်မြစ်ကို တဖြည်းဖြည်း ကုသပေးတာကြောင့် rheumatoid အဆစ်အမြစ်ရောင်ရောဂါ၊lupus နဲ့ psoriatic အဆစ်ရောင်ရောဂါတွေကို ကုသဖို့ အသုံးပြုပါတယ်။

    ဂေါက်ရောဂါတွင်သုံးသော ဆေးများ : ဒီဆေးတွေကတော့ သင့်သွေးထဲမှာရှိတဲ့ uric အက်ဆစ်ပမာဏကို လျှော့ချပေးတဲ့အတွက် အဆစ်အမြစ်တွေ ရောင်ရမ်းနာကျင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    ခုခံအားစနစ်ပေါ် အကျိုးသက်ရောက်သော ဆေးများ : ဒီအုပ်စုမှာ ပါဝင်တဲ့ ဆေးတွေဟာ ခန္ဓါကိုယ်မှာ ဖြစ်ပေါ်တဲ့ ရောင်ရမ်းခြင်းဖြစ်စဉ်တွေကို ပိတ်ဆို့လျှော့ချပေးနိုင်ပြီး ခုခံအားစနစ်တခုလုံးကို ဖိနှိပ်တဲ့သဘော မဟုတ်ပါဘူး။

    အရိုးပွရောဂါတွင် သုံးသောဆေးများ : ဒီဆေးတွေဟာ သင့်အရိုးတွေကို ပိုမိုသန်စွမ်းစေတဲ့အတွက် အရိုးကျိုးခြင်း၊ထိခိုက်ဒါဏ်ရာရခြင်းတွေကို လျော့နည်းစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement