backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကြွက်သားဒဏ်ဖြစ်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ကဘာလဲ။

ကြွက်သားကို ဆွဲစုတ်လိုက်တဲ့အခါ ဒါမှမဟုတ် ပြဲစုတ်သွားတဲ့အခါမှာ ကြွက်သားဒဏ်ဖြစ်ခြင်း ဒါမှမဟုတ် ဆန့်သွားခြင်းဖြစ်ပေါ်လာပါတယ်။ ဒဏ်ဖြစ်တာကတော့ ဘယ်ကြွက်သားမဆိုဖြစ်နိုင်သော်လည်း ခါးအောက်ပိုင်း၊ လည်ပင်း၊ ပုခုံးနဲ့ ပေါင်နောက်ပိုင်းကြွက်သားတွေမှာတော့ ပိုဖြစ်နိုင်ပါတယ်။

muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ အန္တရာယ်ရှိအချက်များကို ရှောင်ကြဉ်ခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

လက္ခဏာများ

muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ကြွက်သားဒဏ်ဖြစ်ခြင်းကို ဝေဒနာခံစားရခြင်းဖြင့်သိရှိနိုင်ပါတယ်။

ရောဂါလက္ခဏာတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

  • ချက်ချင်းထနာလာခြင်း
  • အလွန်နာကျင်ခြင်း
  • လှုပ်ရှားနိုင်မှုကျလာခြင်း
  • အညိုအမဲစွဲခြင်း ဒါမှမဟုတ် အရောင်တွေပြောင်းလဲခြင်း
  • ရောင်ရမ်းခြင်း
  • တင်းပြီးနာခြင်း
  • တောင့်တင်းခြင်း
  • အားနည်းခြင်း

သိပ်ဒဏ်မဖြစ်ဘူးဆိုရင်တော့ အနည်းငယ်သာ တောင့်တင်းတယ်လို့ခံစားရပြီး အသုံးပြုဖို့လှုပ်ရှားနိုင်ပါဦးမယ်။ ကြွက်သားစုတ်ပြဲသွားမယ်ဆိုရင်တော့ ဆိုးရွားစွားဒဏ်ဖြစ်သွားပါလိမ့်မယ်။ ထိုသို့ဖြစ်မယ်ဆိုရင်တော့ နာကျင်ပြီး လှုပ်ရှားနိုင်စွမ်းတွေနည်းသွားနိုင်ပါတယ်။ အထက်တွင်မဖော်ပြထားသော လက္ခဏာများလည်းရှိပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ ပတ်သက်ပြီး မေးစရာတွေရှိမယ်ဆိုရင်တော့ ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သိသာပြင်းထန်တဲ့ ကြွက်သားဒဏ်ရာတွေရှိမယ် ဒါမှမဟုတ် အိမ်တွင်းဆေးနည်းတွေနဲ့ ၂၄နာရီအတွင်းမှာ မသက်သာဘူးဆိုရင် ဆရာဝန်ဖြင့် ပြသပေးပါ။

ထိခိုက်မိတဲ့နေရာမှာ ဖျောက်ခနဲမြည်မယ်၊ လမ်းမလျှောက်နိုင်ဘူး၊ သိသိသာသာရောင်နေမယ်၊ နာကျင်မယ်၊ အဖျားရှိမယ် ဒါမှမဟုတ် ပြတ်ရှရာတွေရှိမယ်ဆိုရင် အရေးပေါ်ဌာနာမှာ စစ်ဆေးသင့်ပါတယ်။ အထက်တွင်ဖော်ပြထားသော လက္ခဏာတွေရှိနေမယ် ဒါမှမဟုတ် မေးစရာတွေရှိမယ်ဆိုရင် ဆရာဝန်ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။ လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်တုံ့ပြန်ပုံချင်းမတူကြပါဘူး။ သင့်အခြေအနေအတွက် ဘာကအသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

အကြောင်းရင်းများ

muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

မမျှော်လင့်ပဲ ရုတ်တရက် ကြွက်သားစုတ်ပြဲသွားမယ်ဆိုရင် အသည်းအသန်ဒဏ်ဖြစ်လာပါလိမ့်မယ်။ ထိုအခြေအနေဟာ ထိခိုက်ဒဏ်ရာရမှုတွေကြောင့် ဖြစ်ပွားနိုင်ပါတယ်။ တရားခံကတော့ အောက်ပါတို့ပါ။

  • ကိုယ်လက်လှုပ်ရှားမှုမလုပ်ခင် သွေးပူလေ့ကျင့်ခန်းကို မှန်မှန်ကန်ကန်မလုပ်မိခြင်း
  • ခန္ဓါကိုယ်မပျော့ပျောင်းခြင်း
  • အပြင်းအထန်ကိုယ်လက်လှုပ်ရှားခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်းများ

အသည်းအသန်ဒဏ်ဖြစ်ခြင်းတွေက အောက်ပါတို့ကြောင့်ပါ။

  • ခြေချော်ကျခြင်း
  • ခုန်ခြင်း
  • ပြေးခြင်း
  • တစ်ခုခုကို ပစ်ပေါက်ခြင်း
  • လေးသောအရာများကို မခြင်း
  • ကိုယ်နေကိုယ်ထားမမှန်ဘဲ လေးသောအရာများကို မခြင်း

အေးရင် ကြွက်သားဒဏ်ဖြစ်ခြင်းက ပိုဆိုးတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပူချိန်နည်းသွားရင်ကြွက်သားတွေ ပိုတောင့်လာလို့ပဲဖြစ်ပါတယ်။ ထိုအချိန်တွေမှာ သွေးပူအောင်လုပ်ဖို့ အရေးကြီးပါတယ်။

နာတာရှည် ကြွက်သားဒဏ်ဖြစ်ခြင်းကတော့ လှုပ်ရှားမှုအချို့ကို ထပ်ခါထပ်ခါလုပ်နေရခြင်း၏ အကျိုးဆက်ပါ။ အောက်ပါတို့ကြောင့်ပဲဖြစ်ပါတယ်။

  • လှေလှော်၊ တင်းနစ်၊ ဂေါက်နဲ့ ဘေ့စ်ဘောလိုမျိုး အားကစားများပြုလုပ်ခြင်း
  • စားပွဲရှေ့ထိုင်ပြီးအလုပ်လုပ်နေချိန်မျိုးတွင် ကိုယ်နေကိုယ်ထားမမှန်ကန်ဘဲ ခေါင်းနဲ့ခါးကို မတ်ထားခြင်း
  • ကိုယ်နေကိုယ်ထားမှန်ကန်စွာ မနေထိုင်ခြင်း

ဖြစ်နိုင်ခြေများ

muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • အစီအစဉ်တကျမဖြစ်ဘဲအားကစားပြုလုပ်ခြင်း။ အကြောလျော့၊ သွေးပူတွေမလုပ်ဘဲ ပင်ပန်းပြင်းထန်တဲ့အားကစားတွေ ပြုလုပ်ခြင်းက ကြွက်သားတွေ၊အရွတ်တွေကို ဒဏ်ဖြစ်စေနိုင်ပါတယ်။
  • ကြွက်သားနှင့် အရွတ်တို့ပင်ပန်းနွမ်းနယ်ခြင်း။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်နေစဉ်နဲ့ လုပ်ပြီးနောက် ကြွက်သား၊အရွတ်တွေ ပင်ပန်းနွမ်းနယ်သွားတဲ့အချိန်မှာ နားရမယ့်အစား ထပ်လုပ်နေမိရင်လည်း ဒဏ်ဖြစ်တတ်ပါတယ်။ ဥပမာအားဖြင့် မာရသွန်ပြေးနေတဲ့လူတစ်ယောက်ဟာ ပန်းဝင်ဖို့ နောက်ဆုံးမိုင်အနည်းငယ်အလိုလောက်ရောက်ပြီဆိုရင် ခြေကျင်းဝတ်ဒဏ်ဖြစ်နိုင်ခြေမြင့်မားလာပါတယ်။
  • ကိုယ်လက်လှုပ်ရှားမှုမပြုလုပ်ခင်မှာ သွေးပူလေ့ကျင့်ခန်းမလုပ်ခြင်း။ သွေးပူလေ့ကျင့်ခန်းမလုပ်ဘဲ ပြင်းထန်တဲ့ အားကစားတွေပြုလုပ်မယ်ဆိုရင် ဒဏ်ဖြစ်နိုင်ပါတယ်။ ဥပမာအားဖြင့် အသာအယာအကြောလျော့ခြင်း၊ သွေးပူလမ်းလျောက်ခြင်းတို့မပြုလုပ်ဘဲ တာတိုပြေးမိမယ်ဆိုရင် ခြေခေါက်နိုင်ခြေနဲ့ ခြေကျင်းဝတ်ဒဏ်ဖြစ်နိုင်ခြေ မြင့်မားလာတာကို တွေ့ရမှာပါ။ သွေးပူမရှိဘူးဆိုရင် ကြွက်သားတွေ၊အရွတ်တွေဟာ ပြေလျော့မှုမရှိဘဲ တင်းခံနေတာကြောင့် ပြဲစုတ်သွားနိုင်ကြပါတယ်။
  • အလွန်လေးသောပစ္စည်းများကိုသယ်ဆောင်ခြင်း။ အလေးချိန်များတဲ့ပစ္စည်းတွေဟာ အဆစ်တွေပေါ်မှာ ဝန်ထုတ်ဝန်ပိုးတွေ အလွန်အကျွံပေးနေပါတယ်။ ထိုသို့ဖြစ်နေခြင်းက လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့အချိန်အတွင်းမှာ ကြွက်သား၊အရွတ်တွေ စုတ်ပြဲနိုင်ခြေကို မြင့်မားစေပါတယ်။ အဝလွန်တဲ့လူတွေ၌ ခြေကျင်းဝတ်လည်နိုင်ခြေနဲ့ ဒဏ်ဖြစ်နိုင်ခြေတွေဟာ မိန်းမတွေထက် ယောက်ျားတွေမှာ ဖြစ်နိုင်ခြေပိုများတယ်လို့ လေ့လာတွေ့ရှိရပါတယ်။
  • အသက်၃၀ကျော်အားကစားသမားမိန်းမများ။ လေ့လာမှုပေါင်းများစွာအရ ကိုယ်အလေးချိန်ကို ထည့်မတွက်ဘဲဖယ်ထားမယ်ဆိုရင် အသက်၃၀ကျော်မိန်းမတွေဟာ ယောက်ျားတွေထက် ခြေကျင်းဝတ်ဒဏ်ဖြစ်နိုင်ခြေ မြင့်မားနေတာကို တွေ့ရှိရပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ဆရာဝန်က ဆေးမှတ်တမ်းတွေမေးမြန်းပြီး ကိုယ်ကာယပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ပြုလုပ်ပါလိမ့်မယ်။ စစ်ဆေးမှုတွေမှာ ကြွက်သားလုံဝစုတ်ပြဲသွားတာလား တစ်စိတ်တစ်ပိုင်းစုတ်ပြဲသွားတာလားဆိုတာ စစ်ဆေးဖို့ အရေးကြီးပါတယ်။ လုံးဝစုတ်ပြဲသွားတာဆိုရင်တော့ ပြန်လည်ကောင်းမွန်ဖို့ကြာနိုင်တဲ့အပြင် ခွဲစိတ်ကုသမှုတွေပါလိုအပ်နိုင်ပြီး ထပ်တိုးရောဂါတွေလည်းရသွားနိုင်ပါတယ်။

ထိခိုက်မှုတွေရှိမယ် ဒါမှမဟုတ် ပိုးဝင်နေမယ်ဆိုရင် ဓါတ်မှန်ရိုက်ဖို့နဲ့ ဓါတ်ခွဲခန်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့လိုအပ်နိုင်ပါတယ်။

muscle strain (ကြွက်သားဒဏ်ဖြစ်ခြင်း) ကို ဘယ်လိုကုသပါသလဲ

အရောင်ကျစေဖို့နဲ့ အနာသက်သာစေဖို့ ဆေးဝါးတွေအပြင် ကြွက်သားတွေပြန်လည်သန်မာစေပြီး နဂိုအတိုင်းပြန်လည်လှုပ်ရှားနိုင်စေဖို့ ဗဟိဒ္ဓကုထုံးတွေလည်း အသုံးပြုရပါလိမ့်မယ်။ အခြေအနေအရမ်းဆိုးနေမယ်ဆိုရင်တော့ ကြွက်သားတွေပြန်လည်ပြင်ဆင်ဖို့ ခွဲစိတ်ကုသမှုလိုအပ်ပါတယ်။

လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းဆေးနည်းများ

ကြွက်သားဒဏ်ဖြစ်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ လူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေကဘာတွေလဲ။

အောက်ပါလူနေမှုဘဝပုံစံပြောင်းလဲခြင်းနှင့် အိမ်တွင်းဆေးနည်းတွေက ကြွက်သားဒဏ်ဖြစ်ခြင်းကို ရင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

အများစုကတော့ အိမ်မှာအလွယ်တကူ ပျောက်ကင်းနိုင်ကြပါတယ်။ အသေစားဒဏ်ဖြစ်တာတွေကတော့ အနားယူခြင်း ရေခဲကပ်ခြင်း၊ ဖိပေးခြင်းနဲ့ မြောက်ပေးခြင်း (RICE)လောက်ဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။

အနားယူခြင်း

အထူးသဖြင့် လှုပ်ရှားလိုက်လို့နာမယ်ဆိုရင် ရက်အနည်းငယ်လောက် အနားယူဖို့လိုအပ်ပါလိမ့်မယ်။ အရမ်းအနားယူလိုက်မယ်ဆိုရင်တော့ ကြွက်သားတွေအားနည်းသွားပြီး ပြန်ကောင်းဖို့ ကြာသွားပါလိမ့်မယ်။ ၂ရက်လောက်ကြာရင်တော့ ဂရုတစိုက်နဲ့ ဖြည်းဖြည်းချင်းပြန်လှုပ်ရှားကြည့်ပါ။ အရမ်းကြီး မလှုပ်ရှားပါနှင့်။

ရေခဲကပ်ခြင်း

ကြွက်သားထိခိုက်ဒဏ်ရာ ရရခြင်း ရေခဲကပ်ပေးပါ။ ရောင်တာအနည်းဆုံးဖြစ်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။ အရေပြားကို ရေခဲနဲ့ တိုက်ရိုက်မကပ်ပါနှင့်။ ရေခဲထုပ် ဒါမှမဟုတ် အဝတ်ထုပ်နဲ့ ကပ်ပေးပါ။ မိနစ်၂၀ခန့်ဖြစ်ပါစေ။ ပထမဦးဆုံးနေ့မှာ တစ်နာရီတစ်ခါကပ်ပေးပါ။ နောက်ရက်တွေမှာတော့ ၄နာရီခြားကပ်ပေးပါ။

ဖိပေးခြင်း

အရောင်ကျစေဖို့ ဒဏ်ရာရတဲ့နေရာကို အရောင်မပျောက်မချင်း ပတ်တီးဖြင့်စီးပေးထားပါ။ တင်းကြပ်နေအောင်မစီးဖို့ ဂရုစိုက်ပေးပါ။ ဘာကြောင့်လဲဆိုတော့ သွေးလည်ပတ်မှုကို ကျဆင်းစေနိုင်လို့ပဲဖြစ်ပါတယ်။

မြှောက်ပေးခြင်း

ဒဏ်ရာရတဲ့အပိုင်းကို အချိန်တိုင်း ဖြစ်နိုင်သမျှ နှလုံးထက်ပိုမြင့်အောင် မြှောက်ပေးထားပါ။

အောက်ပါနည်းလမ်းတို့ဖြင့်လည်း မိမိဘာသာပျောက်ကင်းအောင် လုပ်ဆောင်နိုင်ပါတယ်။

အိုင်ဗျူပရိုဖန်လိုမျိုး ဆေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်မယ့် အရောင်ကျဆေးတွေ အသုံးပြုနိုင်ပါတယ်။ ထိုဆေးတွေက အနာသက်သာစေနိုင်သလို၊ အရောင်လည်းကျစေနိုင်ပါတယ်။

၃ရက်ကြာပြီးနောက်မှာ တစ်နေ့ကို အကြိမ်ပေါင်းများစွာ အပူကပ်ပေးပါ။ ထိုသို့ပြုလုပ်ပေးခြင်းက ဒဏ်ရာရတဲ့နေရာမှာ သွေးလည်ပတ်မှုကောင်းစေခြင်းအားဖြင့် မြန်မြန်ပျောက်ကင်းစေနိုင်ပါတယ်။

အချိန်ကြာကြာကြီး ကြွက်သားကို အနားမပေးပါနှင့်။ ကြွက်သားတောင့်တင်းခြင်းတွေနဲ့ အားနည်းလာခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဖြည်းဖြည်းချင်းပြန်ဆန့်တန်းပေးပါ။ လှုပ်ရှားနိုင်မှုကို ပြန်လည်တဖြည်းဖြည်း မြှင့်တင်ပေးပါ။

ပုံမှန်ပြန်လှုပ်ရှားနိုင်ပြီဆိုရင် ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ခင်မှာ သွေးပူလုပ်ပေးဖို့ မမေ့ပါနှင့်။

ခန္ဓါကိုယ် ကျန်းမာကြံ့ခိုင်နေစေဖို့ ကြိုးစာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြွက်သားတွေ သန်မာနေရင် ဒဏ်ဖြစ်နိုင်ခြေနည်းပါးလို့ပဲဖြစ်ပါတယ်။

ဒဏ်ဖြစ်တာက ပြင်းထန်မယ်ဆိုရင် ဆေးပညာပိုင်းဆိုင်ရာစောင့်ရှောက်မှု လိုအပ်ပါလိမ့်မယ်။ ကိုယ်ကာယပိုင်းဆိုင်ရာကုထုံးတွေလည်း အကြံပြုထားပါတယ်။

နောက်တစ်ဆင့်ကတော့ ကာကွယ်ခြင်းပါပဲ။

  • နေ့တိုင်းအကြောလျော့ပေးခြင်းဖြင့် ဒဏ်မဖြစ်အောင် ကာကွယ်ပေးပါ။
  • လုပ်ရမယ့် ကိုယ်လက်လေ့ကျင့်ခန်းအစီအစဉ်တွေကို ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
  • တစ်နေရာထဲမှာပဲ ၂မိနစ်လောက် ဖြည်းဖြည်းလေး ပတ်ပြေးခြင်းလိုမျိုး သွေးပူလေ့ကျင့်ခန်းကို ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေမတိုင်ခင်မှာ ပြုလုပ်ပေးပါ။

မေးစရာတွေရှိမယ်ဆိုရင် အကောင်းဆုံးဖြေရှင်းနည်းလမ်းတွေကို ပိုမိုသိရှိနားလည်စေနိုင်ရန်အတွက် ဆရာဝန်ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/11/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement