backup og meta

ကလေးများတွင် ခြေကျင်းဝတ်ရိုးများ ကျိုးအက်ခြင်း

ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းဆိုတာဘာလဲ ?

ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းဆိုတာက ကလေးအရွယ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ထိခိုက်မှုတစ်မျိုးပါ။ ဒီခြေကျင်းဝတ်ရိုးကျိုးအက်ခြင်းဆိုတာက ခြေကျင်းဝတ်ကို ဖွဲ့စည်းထားတဲ့ အရိုးလေးတွေထဲက တစ်ခုဖြစ်စေ အများကြီးဖြစ်စေ ကျိုးအက်သွားခြင်းကို ဆိုလိုတာပါ။ ကလေးတွေမှာတော့ ဒီထိခိုက်မှုက ခြေကျင်းဝတ်ရိုးကို ဖွဲစည်းထားတဲ့ အရိုးလေးတွေထဲမှာပါဝင်တဲ့ tibia နဲ့ fibula (ခြေထောက်အောက်ပိုင်းအရိုးရှည်များ)နဲ့ talus (အရိုးတိုလေးများ) မှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ Tibia နဲ့ Fibula အရိုးရှည်တွေရဲ့ အစွန်ပိုင်းတွေ ကျိုးခြင်းက အရိုးဖွံ့ဖြိုးဖို့အတွက် အဓိကအစိတ်အပိုင်းဖြစ်တဲ့ အရိုးနုတစ်ရှူးကို ထိခိုက်စေနိုင်ပြီး အရိုးမှန်ကန်စွာဖွံ့ဖြိုးစေမှုကို သက်ရောက်မှုရှိနိုင်ပါတယ်။

Symptoms များ

ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ ?

ခြေကျင်းဝတ်ကျိုးခြင်းက စကိတ်စီးတာလိုမျိုးနဲ့ စကူတာစီးတာမျိုးတွေကို ပြုလုပ်ရင်း ခြေထောက်ခေါက်ခြင်း၊ ချော်လဲခြင်းအခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။ တကယ်လို့ ခြေကျင်းဝတ်ရိုးကျိုးသွားခဲ့ပြီးဆိုရင် နာကျင်မှုနဲ့ ရောင်ရမ်းခြင်းက ချက်ခြင်းဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာလူတော်တော်များများက လမ်းလျှောက်ဖို့မပြောနဲ့ ကျိုးသွားတဲ့ဘက်မှာ ခြေထောက်တောင် ကောင်းကောင်း မထောက်နိုင်ကြပါဘူး။

ခြေကျင်းဝတ်ပုံပျက်တာနဲ့ စုတ်ပြဲထိခိုက်တဲ့အရာတွေပေါ်လာတာက နာရီအနည်းငယ်အကြာမှာ ဖြစ်ပေါ်လာတတ်ပါတယ်။

ဓါတ်မှန်မရိုက်ဘဲနဲ့ ခြေကျင်းဝတ်အဆစ်လွဲခြင်းနဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းကို ကွဲကွဲပြားပြားမသိနိုင်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ နှစ်မျိုးလုံးက နာကျင်မှုနဲ့ရောင်ရမ်းမှုကိုဖြစ်စေလို့ပါ။

တချို့အခြေအနေတွေမှာ အပေါ်မှာပြောသွားတဲ့ လက္ခဏာတွေထဲမှာ မပါတာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ တကယ်လို့ ရောဂါလက္ခဏာတွေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေ့သင့်လဲ ?

သင့်ကလေးမှာ အောက်ဖော်ပြပါ အချက်တွေ တွေ့ရပြီဆိုရင် ဆရာဝန်ဆီ အမြန်ဆုံးအကြောင်းကြားပါ။

• ပတ်တီးတစ်ဝိုက်မှာ သွေးများစိမ့်ထွက်လာခြင်း

• ခြေကျင်းဝတ် အလွန်အမင်းနာကျင်လာခြင်း

• ကျောက်ပတ်တီးက အရင်းတင်းကျပ်နေတယ်လို့ ခံစားရခြင်း

• ခြေချောင်းတွေ ခြေဖဝါးတွေ အေးပြီးထုံကျဉ်လာခြင်း

• ခြေသည်းများ အပြာရောင် သို့မဟုတ် အညိုရောင်သို့ပြောင်းလဲလာခြင်း

• ရောင်ရမ်းခြင်းက ပိုဆိုးလာခြင်း

ခြေကျင်းဝတ်ကျိုးအက်ခြင်း ဖြစ်စေသောအကြောင်းအရင်းများ

ဘာတွေက ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းကို ဖြစ်စေပါသလဲ?

လည်ထွက်သွားစေသော အားသက်ရောက်မှု

ကလေးတွေမှာ အထူးသဖြင့် ပြင်းပြင်းထန်ထန်ကစားခြင်းနဲ့ အားကစားလုပ်ခြင်း စတာတွေကို လုပ်ရာမှာ မထင်မှတ်ဘဲ ခြေထောက်လည်ထွက်သွားစေနိုင်ပြီး ခြေကျင်းဝတ်ကျိုးအက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဘေးတိုက် လှုပ်ရှားရတဲ့ အားကစားမျိုး ဒါမှမဟုတ် ဘတ်စကက်ဘောလို အမြင့်ခုန်ရတဲ့ အားကစားမျိုးတွေဟာ ကလေးငယ်တွေရဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းရဲ့ အဓိကတရားခံတွေပါ။

အရိုးကြီးထွားမှုဖြစ်သော နေရာများ

လူ့ခန္ဓါကိုယ်ရဲ့အရိုးရှည်တွေက အလယ်ကနေ ရှည်ထွက်တာမဟုတ်ပါဘူး။ အရိုးရဲ့ တစ်ဘက်တစ်ချက်အဆုံးနေရာတွေမှာ အရိုးကြီးထွားတဲ့ growth plates ဆိုတဲ့နေရာတွေရှိပြီး အဲနေရာတွေကသာ အရိုးကိုရှည်ထွက်စေတာပါ။ ကလေးတွေ ဖွံဖြိုးပြီးအရွယ်မှာ ဒီ growth plates ဆိုတဲ့နေရာတွေက အရိုးမာအဖြစ်ကိုပြောင်းသွားပါတယ်။ ဘာလို့လဲဆိုတော့ growth plates တွေက အရိုးရဲ့ မာကျောဖို့နောက်ဆုံးကျန်တဲ့ အစိတ်အပိုင်းတွေမို့လို့ပါ။ ဒါ့အပြင် သူတို့ကကျိုးပဲ့လွယ်ပါတယ်။ အဲဒါကြောင့် အရွယ်ရောက်သူတွေမှာဆိုလျင် ခြေချင်းဝတ်လည်တဲ့အခါ အဆစ်လွဲတာပဲ ဖြစ်စေပြီး အရွယ်မရောက်သေးသူတွေမှာဆိုရင်တော့ ခြေကျင်းဝတ်ရိုး ကျိုးအက်ခြင်းအထိဖြစ်စေပါတယ်။

ကျောင်းသားအရွယ်ကလေးငယ်တွေမှာ ဒီလိုခြေကျင်းဝတ်နဲ့ လက်ရိုး ထိခိုက်မှုတွေက အရွယ်ရောက်ပြီး သူတွေ နဲ့စာရင် ပိုအဖြစ်များပါတယ်။ ကလေးတွေက အားစိုက်ရတဲ့ အားကစားပွဲတွေမှာဝင်ပါလေ့ရှိပြီး သူတို့ရဲ့ growth plates တွေက မမာကျောသေးလို့ပါ။

တခြားသော ခြေကျင်းဝတ်ကျိုးအက်စေမှုကို ပိုဖြစ်နိုင်စေတဲ့အကြောင်းရင်းများ။

ဘယ်အချက်အလက်တွေက ကလေးတွေမှာ ခြေကျင်းဝတ်ကျိုးအက်ခြင်းကိုပိုဖြစ်စေနိုင်သလဲ။ ?

ကလေးတွေမှာ ဘယ်လိုကလေးတွေက (အသက်အရွယ် (သို့) ကျားမ) ဒီခြေကျင်းဝတ်ကျိုးအက်ခြင်း ဖြစ်နိုင်သလဲ ?

အသက်အရွယ် ကျားမ မရွေး ကလေးငယ်တိုင်း ဒီခြေကျင်းဝတ်ကျိုးအက်ခြင်းဆိုတဲ့ ထိခိုက်မှုဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ ဒီထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအရင်းတွေက ထိခိုက်မှုရှိနိုင်တဲ့ အားကစားတွေဖြစ်တဲ့ ဘောလုံးကစားခြင်း ဘတ်စကက်ဘော ကစားခြင်းတို့အပြင် အဝလွန်ခြင်း စတာတွေဖြစ်ပါတယ်။

အပေါ်က အကြောင်းအရင်းတွေရှိတိုင်း ခြေကျင်းဝတ်ကျိုးအက်ခြင်း ဖြစ်ကိုဖြစ်မယ်လို့ မဆိုလိုပါဘူး။ သူတို့ကြောင့် ဖြစ်နိုင်ခြေများတယ်ဆိုတဲ့သဘောပါ။

ခြေကျင်းဝတ်ကျိုးကြောင်း အတည်ပြုခြင်းနှင့် ကုသမှုများ

(ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာအရ အကြံပြုခြင်းနှင့် ကုသမှုများအတွက် အစားထိုးအသုံးပြုရန်အတွက်မဟုတ်ပါ။ အချက်အလက်များပိုမိုရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ)

ကလေးတွေရဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းကို ဘယ်လိုအတည်ပြုမလဲ။

အောက်မှာဖော်ပြထားတာတွေက ကလေးတွေမှာဖြစ်တတ်တဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းရဲ့ လက္ခဏာတွေ ဒါမှမဟုတ် ယေဘူယျပုံစံတွေပါ

• ခြေကျင်းဝတ်တစ်ဝိုက်အရေပြားစုတ်ပြခြင်း

• ရောင်ရမ်းခြင်း၊ နာကျင်နေခြင်းနှင့် ထိခိုက်စုတ်ပြဲနေတဲ့ဒဏ်ရာများရှိခြင်း

• ခြေကျင်းဝတ်ပုံစံပျက်နေခြင်း

ဓါတ်မှန်ရိုက်ခြင်း

ခြေကျင်းဝတ်ကျိုးအက်ခြင်း ဟုတ်မဟုတ်သိနိုင်ဖို့က အရိုးပုံစံကို ရှင်းလင်းစွာပြနိုင်တဲ့ဓါတ်မှန် ရိုက်ခြင်းက အဓိကဖြစ်ပါတယ်။

Magnetic Resonance Imaging (MRI)

ဆရာဝန်က ကလေးငယ်မှာ ခြေကျင်းဝတ်ကျိုးအက်ခြင်းဖြစ်နေကြောင်းပြောပြီးဓါတ်မှန်ရိုက်ပေမယ့် ပုံအတိအကျမပေါ်လာတဲ့အခါ MRI ကိုထပ်ရိုက်ခိုင်းပါလိမ့်မယ်။ MRI က ဓါတ်မှန်ထက်စာရင် ပိုပြီးကြည်လင်ပြတ်သားတဲ့ ပုံရိပ်ကိုပေးနိုင်လို့ပါ။

ကလေးငယ်တွေရဲ့ ခြေကျင်းဝတ်ကျိုးအက်မှုအတွက် ကုသမှုကဘယ်လိုလဲ ?

အိမ်မှာမိမိဘာသာဂရုစိုက်နိုင်မယ့် အချက်လေးတွေရှိပါတယ်။

ထိခိုက်ထားတဲ့ ခြေကျင်းဝတ်ကို ဘာနဲ့မှမထိစေဘဲ တစ်ခုခုနဲ့ပင့်ထားခြင်းက ရောင်ရမ်းခြင်းနဲ့ တောင့်တင်းခြင်းကို လျော့ကျစေပါတယ်။

ဒဏ်ရာတစ်ဝိုက် အအေးထုပ်ကပ်ထားခြင်းက နာကျင်မှုနဲ့ ရောင်ရမ်းမှုကိုသက်သာစေပါတယ်။ ရေခဲကိုတိုက်ရိုက်မကပ်သင့်ပါ။ တစ်ခါသုံးအအေးထုပ်တွေက ၄၈ နာရီအထိခံပါတယ်။

Ibuprofen ဆိုတဲ့ဆေးက ခြေကျင်းဝတ်ကျိုးအက်ခြင်းအတွက် အသင့်တော်ဆုံးဆေးပါ။ သူဟာနာကျင်မှုအပြင် ရောင်ရမ်းမှုကိုပါ သက်သာစေပါတယ်။

ကလေးငယ်တွေရဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းနဲ့ပတ်သက်ပြီး အကြောင်းခံတွေကိုလိုက်ကာ အမျိုးအစားတွေခွဲထားပါတယ်။

• ထိခိုက်မှုအဆင့်

• ထိခိုက်မှုဖြစ်တဲ့အချိန် ခြေဖဝါးရဲ့အနေအထား

• ထိခိုက်မှုဖြစ်တဲ့အချိန် အားရဲ့ဦးတည်ချက်

ကုသမှုကိုစီစဉ်တဲ့အခါ ဆရာဝန်ကအပေါ်က အကြောင်းခံတွေကို စဉ်းစားပါလိမ့်မယ်။ သင့်ဆရာဝန်က သင့်ကလေးကို ချိုင်းထောက်နဲ့လမ်းလျှောက်စေပြီး ခြေကျင်းဝတ်ကိုအလေးချိန်မပိအောင် လုပ်ကောင်းလုပ်နိုင်ပါတယ်။ အရိုးကို ခွဲစိတ်ကုသမှုမလုပ်ဘဲ ဆရာဝန်ရဲ့အပြင်ဆေးခန်းမှာပဲ နေရာမှန်အောင်ပြန်ဆက်တာမျိုးလည်းလုပ်နိုင်ပါတယ်။ ပြင်းထန်တဲ့ထိခိုက်မှုတွေဖြစ်တဲ့ အရိုးပြုတ်ထွက်ခြင်း နေရာလွဲခြင်း စတာတွေကိုတော့ ခွဲစိတ်ကုသမှုလိုပါလိမ့်မယ်။ အရိုးခွဲစိတ်ဆရာဝန်က သင့်ကလေးရဲ့ ခွဲစိတ်မှုအတွက် အခြေအနေတွေနဲ့ နောက်ဆက်တွဲဂရုစိုက်ပေးရမယ့်အခြေအတွေကို ဆွေးနွေးပေးပါလိမ့်မယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးဆေးများ

ကလေးတွေရဲ့ ခြေချင်းဝတ်ကျိုးအက်ခြင်းအတွက် အထောက်အကူပေးနိုင်တဲ့ နေထိုင်မှုပုံစံနဲ့ အိမ်သုံးဆေးဝါးတွေက ဘာတွေလဲ ?

အောက်ဖော်ပြပါ နေထိုင်မှုပုံစံနဲ့ အိမ်သုံးဆေးဝါးတွေက သင့်ကလေးကို အထောက်အကူပြုပါလိမ့်မယ်။

ကလေးငယ်တွေရဲ့ ခြေကျင်းဝတ်ကျိုးအက်ခြင်းကို ဘယ်လိုကာကွယ်မလဲ ?

ကလေးငယ်တွေရဲ့ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ အားကစားလှုပ်ရှားမှုတွေကို ဂရုစိုက်ပေးဖို့လိုပါတယ်။

ခြေကျင်းဝတ်ကျိုးအက်ခြင်းနဲ့ တခြားထိခိုက်မှုတွေကို ကာကွယ်နိုင်တဲ့အချက်တွေက –

ဘတ်စကက်ဘောလို ခြေကျင်းဝတ်ကျိုးမှု ဖြစ်နိုင်ချေများတဲ့ အားကစားကိုကစားတဲ့အခါ သူနဲသက်ဆိုင်တဲ့ အဝတ်အစား အကာအကွယ် အားလုံးကိုဝတ်ဆင်ခြင်းက ထိခိုက်မှုကိုကာကွယ်နိုင်ပါတယ်။

ခြေထောက်နဲ့ သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ကိုဝတ်ဆင်ခြင်းကလည်း မတော်တဆမှုများကို ကာကွယ်နိုင်ပါတယ်။

ကယ်လ်စီယံဓါတ်များများပါတဲ့ နို့ ဒိန်ချဉ် ဒိန်ခဲ စတာတွေကို စားသုံးခြင်းကလည်း အရိုးတွေသန်မာစေပါတယ်။

ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ပေးခြင်းကလည်း အရိုးတွေကို သန်မာစေပါတယ်။

မရှင်းလင်းတာရှိခဲ့လျင် ဆရာဝန်နဲ့တိုင်ပင်တာကသာလျင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://orthoinfo.aaos.org/topic.cfm?topic=A00632. Accessed November 25, 2016.

http://www.dovemed.com/ankle-fracture-in-children/ . Accessed November 25, 2016.

http://orthokids.org/I-Broke-My/Ankle-Fractures-in-Children . Accessed November 25, 2016.

https://www.drugs.com/cg/ankle-fracture-in-children.html. Accessed November 25, 2016.

 

 

ယခုပုံစံ

05/07/2022

Kyaw Thura Htun မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လက်ပြင်ကြောနာနေတာကို သက်သာစေဖို့အတွက် နည်းလမ်းကောင်းများ

အရပ်ပြန်ပု သွားတာ ဘာကြောင့်လဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Kyaw Thura Htun မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/07/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement