backup og meta

သွားဖုံးရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွားဖုံးရောဂါတွေကို ဘယ်လိုကာကွယ်ရမလဲ

    သွားဖုံးရောဂါမှာ ပထမအဆင့်က သွားဖုံးရောင်ခြင်း (Gingivitis ) ဖြစ်ပါတယ်။ Gingivitis ဖြစ်လာပြီဆိုရင် သွားဖုံးတွေက ရဲလာမယ်၊ ရောင်ရမ်းလာမယ်၊ ထိတာနဲ့သွေးထွက်လွယ်တယ်။ ခံတွင်းသန့်ရှင်းမှုမလုံလောက်တဲ့အခါ ဖြစ်လာတတ်တဲ့ သွားဖုံးရောင်ခြင်းက စစချင်းမှာ လက္ခဏာသိပ်မသိသာတဲ့အတွက် အမှုမဲ့အမှတ်မဲ့နေလိုက်ကြတာပဲများပါတယ်။ ဆက်ပြီးသေချာဂရုမစိုက်မိကြပါဘူး။ ဒါပေမယ့် ဂရုစိုက်ထိန်းသိမ်းလို့ရတဲ့အဆင့်ကို လျစ်လျူရှုခဲ့တော့ နောက်ပိုင်းမှာ periodontitis လို့ခေါ်တဲ့ တကယ့်သွားဖုံးရောဂါနဲ့ပက်ပင်းတိုးမှာ သေချာပါတယ်။

    သွားဖုံးရောင်တဲ့အဆင့်မှာ ဂရုမစိုက်၊ မဆင်ခြင်ခဲ့တဲ့အခါ periodontitis အဆင့်ကိုရောက်လာနိုင်ပါတယ်။ သွားမှာကပ်ငြိနေတဲ့သွားချေးတွေ၊အညစ်အကြေးတွေက သွားဖုံးအစပ်အောက်နားထိပြန့်သွားနိုင်တာကြောင့် အဲဒီမှာပါလာတဲ့ဘက်တီးရီးယားတွေရဲ့အဆိပ်အတောက်တွေက သွားဖုံးကို ဒုက္ခပေးလာတာပေါ့။ ဘက်တီးရီးယားတွေကြောင့် သွားဖုံးတွေကိုတာရှည်ရောင်ရမ်းစေပြီး သွားကိုအထောက်အပံ့ပေးတဲ့ တစ်ရှူးနဲ့အရိုးတွေကို ပျက်စီးစေနိုင်ပါတယ်။ တဖြည်းဖြည်း သွားဖုံးနဲ့သွားရဲ့ကြားထဲမှာ ကွာဟလာပြီး ရောဂါပိုးဝင်လာပါတယ်။ ရောဂါအဆင့်တက်လာတာနဲ့ အဲဒီကွာဟတဲ့နေရာက ပိုနက်ရှိုင်းလာပြီး ပိုပိုပျက်စီးလာပါတယ်။ နောက်ပိုင်းမှာတော့ သွားကျွတ်တာတွေ၊ နှုတ်ပစ်ရတာတွေဖြစ်လာနိုင်ပါတယ်။

    သွားဖုံးရောဂါရှိနေတယ်ဆို ဘာလက္ခဏာတွေဖြစ်လာမလဲ

    ကျန်းမာတဲ့သွားဖုံးတွေက ချပ်ချပ်ရပ်ရပ်နဲ့ ပန်းရောင်ဖျော့ဖျော့ရှိနေပြီး သွားနဲ့လည်းကွာဟမနေဘဲ ပုံစံတကျရှိနေပါတယ်။ သွားဖုံးရောဂါဖြစ်နေပြီဆိုရင်တော့ ဒီလက္ခဏာတွေဖြစ်လာတတ်ပါတယ် –

    • သွားတိုက်ပြီးတိုင်း သွားဖုံးက သွေးထွက်တာ
    • သွားဖုံးတွေ နီရဲ၊ ရောင်ရမ်း၊ ထိလိုက်ရင်နာနေတာ
    • ခံတွင်းနံ့အမြဲနံနေတာ၊ ပါးစပ်ထဲ ခါးနေတာ၊
    • သွားနဲ့သွားဖုံးကြားမှာ အတော်လေးကွာနေတာ
    • သွားတွေနဲ့လာတာ၊ သွားကျွတ်တာ
    • တစ်ခုခုကိုကိုက်လိုက်တဲ့အခါ ထိထိမိမိကိုက်လို့မရတာ၊ တစိတ်တပိုင်းပဲ ထိမိတာ(သွားတွေပုံသဏ္ဍာန်ပျက်ယွင်းနေလို့ )
    • သွားဖုံးအရောင် ရင့်နေတာ
    • သွားကြားထိုးတဲ့အခါ ၊ သွားပွတ်ကြိုးသုံးတဲ့အခါ သွေးထွက်လွယ်တာ
    • သွားဖုံးတွေတိုသွားတာ (gum recession) တို့ဖြစ်လာတတ်ပါတယ်။

    သွားဖုံးရောဂြါဖစ်စေတဲ့အကြောင်းရင်းများ

    သွားချေးတွေက သွားဖုံးရောဂါဖြစ်စေတဲ့အဓိကအကြောင်းရင်းပါပဲ။ ဒါပေမယ့် ဒီရောဂါဖြစ်လာစေဖို့ ပံ့ပိုးနေတဲ့ တခြားအကြောင်းအချက်တွေလည်းရှိနေတယ်ဆိုတာ သိစေချင်ပါတယ် –

    • ဟော်မုန်းအပြောင်းအလဲ – ကိုယ်ဝန်ဆောင်ခြင်း၊ ပျိုဖော်ဝင်ခြင်း၊ သွေးဆုံးခြင်းနဲ့ လစဉ်ရာသီသွေးဆင်းခြင်းတို့လို ဟော်မုန်းအပြောင်းအလဲဖြစ်ချိန်တွေမှာ သွားဖုံးတွေကအထိခိုက်မခံနိုင်ဖြစ်တတ်ပါတယ်။ အဲဒီအခါ သွားဖုံးရောင်ခြင်းဖြစ်ဖို့ပိုလွယ်ပါတယ်။
    • ရောဂါအခံများ – ကင်ဆာရောဂါ၊ အိတ်ခ်ျအိုင်ဗီတို့လို ခုခံအားကျဆင်းတဲ့ရောဂါတွေကြောင့် သွားဖုံးကိုထိခိုက်စေနိုင်ပါတယ်။ ဆီးချိုရောဂါဆိုလည်း ခန္ဓါကိုယ်ရဲ့သွေးတွင်းသကြားဓါတ်ထိန်းနိုင်စွမ်းကိုထိခိုက်စေနိုင်လို့ ရေစီးကမ်းပြိုရောဂါနဲ့ သွားပိုးပေါက်ဖြစ်ခြင်းအပါအဝင် ရောဂါတွေဖြစ်လာနိုင်ခြေပိုများစေပါတယ်။
    • ဆေးဝါး – သောက်သုံးနေတဲ့ဆေးဝါးတွေထဲက တချို့က တံထွေးထွက်နည်းစေတာကြောင့် သွားနဲ့သွားဖုံးကိုကာကွယ်နိုင်စွမ်းနည်းစေပါတယ်။
    • မကောင်းတဲ့အမူအကျင့် – ဆေးလိပ်သောက်တာလိုမျိုး အမူုအကျင့်တွေကြောင့် သွားဖုံးတစ်ရှူးတွေကိုမာကျောစေပါတယ်။
    • ခံတွင်းသန့်ရှင်းရေးဂရုမစိုက်မှု – သွားမှန်မှန်မတိုက်တာ၊ ခံတွင်းသန့်ရှင်းရေးကိုဂရုမစိုက်တာတွေက သွားဖုံးရောဂါဖြစ်ဖို့ ပိုလွယ်ကူစေပါတယ်။
    • သွားဖုံးရောဂါဖြစ်တတ်တဲ့မိသားစုမျိုးရိုးရှိတာ က သွားဖုံးရောင်ရောဂါဖြစ်လာဖို့ ပံ့ပိုးတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

    ဒါဆို ဘယ်လိုကာကွယ်ရမလဲ

    • ခံတွင်းသန့်ရှင်းရေးကိုဂရုစိုက်ပါ။ သွားကို မနက်နဲ့ည တစ်နေ့နှစ်ကြိမ်၊ နှစ်မိနစ်လောက် သွားပုံမှန်တိုက်ပေးပါ။ သွားကြားတွေကို အနည်းဆုံးတစ်နေ့တစ်ကြိမ်သွားပွတ်ကြိုးနဲ့သန့်ရှင်းပေးပါ။ သွားမတိုက်ခင် သွားကြားကိုရှင်းပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကိုဖယ်ရှားရပိုလွယ်စေပါတယ်။
    • သွားကျန်းမာရေးပုံမှန်စစ်ဆေးပါ။ သွားဆရာဝန်ဆီမှာ ခြောက်လ သို့မဟုတ် တစ်နှစ်တစ်ကြိမ်လောက် သွားကျန်းမာရေးပုံမှန်စစ်ဆေးပြီး သွားကိုသန့်စင်ပေးပါ။ သွားနဲ့သွားဖုံးအခြေအနေကို ဆရာဝန်ကစစ်ဆေးပြီး လိုအပ်တဲ့ကုသစောင့်ရှောက်မှုပေးပါလိမ့်မယ်။
    • ကျန်းမာရေးနဲ့ညီတဲ့ အမူအကျင့်တွေကို မွေးမြူပါ။ အစားအသောက်ဂရုစိုက်ဆင်ခြင်ဖို့၊ ဆေးလိပ်ဖြတ်၊ ကွမ်းဖြတ်ဖို့ အရေးကြီးပါတယ်။ ဆေးလိပ်သောက် သို့မဟုတ် ကွမ်းစားသူတွေဟာ သွားဖုံးရောဂါဖြစ်နိုင်ခြေ ၇ ဆပိုများတယ်လို့ သုတေသနတွေက ဖော်ပြကြပါတယ်။ ကုသမှုဆိုလည်း ထိရောက်မှုပိုနည်းရတယ်လို့ ဆိုပါတယ်။
    • လိုအပ်တဲ့အာဟာရတွေပြည့်အောင်စားပါ။ ကိုယ်ခံအားစနစ်ကို အားပေးကူဖို့ အာဟာရသင့်တင့်အောင်စားသင့်ပါတယ်။ ဥပမာ ဗီတာမင် E (အစေ့အဆန်၊ အစိမ်းရောင်အသီးအရွက်တွေ)နဲ့ ဗီတာမင် C (အချဉ်သီးတွေ၊ ပန်းဂေါ်ဖီစိမ်း၊အာလူး)ပါတဲ့စားစရာတွေက ခန္ဓါကိုယ်မှာပျက်စီးနေတဲ့တစ်ရှူးတွေကိုပြန်လည်ကောင်းမွန်စေပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement