backup og meta

အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား

အသီးဖျော်ရည်တွေက သင့်သွားတွေကို ပျက်စီးစေသလား

ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ အခုနောက်ပိုင်း ဟော့ဖြစ်နေပြီး အသောက်များလာကြပါတယ်။

ဒီသစ်သီးဖျော်ရည်တွေကို နေ့စဉ်သောက်ခြင်းဟာ ကိုယ်အလေးချိန်ကျစေတယ်ဆိုပေမယ့် သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်စေတယ်လို့ London Smiling သွားနဲ့ခံတွင်းအဖွဲ့အစည်းက သွားဆရာဝန် Dr Uchenna Okoye က ဆိုပါတယ်။

အဆိုပါ သစ်သီးဖျော်ရည်တွေဟာ သင့်ကို ပိန်သွယ်စေရုံသာမက ခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့အပြင် နှင်းခူလိုမျိုး အရေပြားရောဂါတွေကိုတောင် ကုသပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဆိုပါ ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေဟာ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားသုံးမှုကို တဖက်တလမ်းက များပြားစေတဲ့အတွက် ဗီတာမင်ဓါတ်ချို့တဲ့မှုကို လျှော့ချပေးနိုင်တဲ့အပြင် အမျှင်ဓါတ်ရရှိမှုကိုလည်း များပြားစေတာကြောင့် အစာကြေဝမ်းမှန်စေတယ်လို့လည်း ဖျော်ရည်ပရိသတ်တွေက ပြောပါတယ်။

သစ်သီးဖျော်ရည်တွေဟာ ချိုလွန်းသလို အက်ဆစ်ဓါတ်လည်း ကဲလွန်းတယ်။

သစ်သီးတွေမှာ ပါဝင်တဲ့ သကြားအချိုဓါတ်ဟာ သဘာဝအလျောက် ပါဝင်နေတာဖြစ်လို့ အဆိုပါ သကြားဓါတ်ကို ခန္ဓါကိုယ်အနေနဲ့ စွမ်းအင်အဖြစ် ပြောင်းလဲဖို့ ပိုမိုလွယ်ကူသလို အဆီအနေနဲ့ သိုလှောင်ထားနိုင်ချေလည်း နည်းတယ်လို့ ကျွန်တော်တို့ သိထားလေ့ရှိကြပါတယ်။

ဒါပေမယ့် အချိုဓါတ်လွန်ကဲခြင်းဟာ ကျွန်တော်တို့တတွေရဲ့ သွားနဲ့ သွားဖုံးကို ပိုမိုယိုယွင်းပျက်စီးစေပြီး ဆိုးရွားတဲ့ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။

သွားကြွေလွှာတွေကို ထိခိုက်စေတဲ့အပြင် သွားဖုံးတွေကိုလည်း ပျက်စီးစေပါတယ်။ တဖြည်းဖြည်းနဲ့ သင့်သွားတွေဟာ ပိုမိုယိုင်နဲ့ပျက်စီးလာမှာ ဖြစ်တာမို့ အဆိုပါ သစ်သီးဖျော်ရည်တွေကို အသုံးပြုပြီး သင့်ခန္ဓါကိုယ်က အဆိပ်အတောက်ဖယ်ရှားမှုကို ဆက်လက်ပြုလုပ်သွားမယ်ဆိုရင် နောက်ဆုံးမှာ သွားတွေကျွတ်ထွက်သွားပါလိမ့်မယ်။

သစ်သီးအများစု (အထူးသဖြင့် ချဉ်တဲ့အသီးတွေ)ဟာ အက်ဆစ်ဓါတ်တွေ ပါဝင်တာကြောင့် သွားကို ပျက်စီးစေနိုင်ပါတယ်။ သံပုရာသီးက အဆိုးဆုံးပါပဲ။ သူတို့မှာ citric acid ပမာဏ မြင့်မားစွာ ပါဝင်တာမို့ သွားကြွေလွှာတွေကို တခဏအတွင်းမှာ ပျက်စီးစေနိုင်ပါတယ်။

အဆိုပါ ကြွေလွှာတွေဟာ ဆိုးရွားစွာ တခါပျက်စီးပြီးရင် အသစ်ပြန်ဖြစ်ဖို့ ခက်ခဲပြီး ပြုပြင်ဖို့ မဖြစ်နိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

သွားကြွေလွှာပျက်စီးခြင်းရဲ့ လက္ခဏာတွေက

သွားအရောင်ပြောင်းခြင်း : သွားတွေဖြူဖွေးနေအောင် ကြွေလွှာတွေက လုပ်ပေးထားပါတယ်။ ကြွေလွှာတွေပျက်စီးတဲ့အခါ သွားအတွင်းဖက်မှာရှိတဲ့ dentin ဆိုတဲ့ ဓါတ်ပစ္စည်းတမျိုးက အပေါ်ယံကို ထွက်ပေါ်လာတာကြောင့် သွားတွေဟာ အဝါရောင်ပြောင်းလာရပါတယ်။

သွားထပ်တွေ အကြည်ရောင် ဖြစ်လာခြင်း : သွားထိပ်တွေ အကြည်ရောင်ဖြစ်လာပြီဆိုရင် ကြွေလွှာတွေပါးလာပြီး လိုအပ်သလောက် ကြံ့ခိုင်မှုမရှိတော့ဖူးဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

သွားကျဉ်ခြင်း

dentin ဟာ သွားအာရုံကြောတွေနဲ့ ထိစပ်လို့ နေပါတယ်။ ဒါကြောင့် သွားကြွေလွှာတွေပါးပြီး ပျက်စီးသွားပြီဆိုရင် ပေါ်လာတဲ့သွားအတွင်းဖက်အလွှာဟာ အေးတဲ့အစားအသောက်တွေကို စားသောက်ရင် မခံနိုင်ဘဲ ကျဉ်လာရပါတယ်။

အထက်ပါ ဘေးထွက်အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်မလဲ။

ဟုတ်ပြီ၊ အပေါ်မှာ ပြောပြခဲ့တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်တော့လည်း ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေကို မသောက်တော့ဘဲ ရှောင်စရာတော့လည်း မလိုပါဘူး။

အန္တရာယ်တွေ ရှိလာနိုင်တယ်ဆိုပေမယ့် သင့်အနေနဲ့ ထိခိုက်မှုတွေကို ကြိုတင်ရှောင်ရှားနိုင်ပါတယ်။ ဘယ်လိုကြိုတင်ကာကွယ်ရှောင်ရှားရမလဲဆိုတာကို အောက်မှာ မျှဝေပေးထားပါတယ်။

အဆိုပါ ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေကို ရေခဲနဲ့ သောက်ပါ။

အပူချိန်ကျသွားတဲ့အတွက် အက်ဆစ်နဲ့ သင့်သွားထိတွေ့နိုင်ချေ နည်းသွားပါလိမ့်မယ်။

ဖျော်ရည်တွေသောက်ပြီးပြီးချင်း သွားမတိုက်ပါနဲ့။

ဒီလိုတိုက်ခြင်းဟာ citric acid လောလောလတ်လတ်ဖျက်ဆီးထားတဲ့ သွားကြွေလွှာကို ပိုမိုပျက်စီးသွားအောင် လုပ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။ သွားမတိုက်မီ အာလုပ်ကောင်းကောင်း ကျင်းပါ။

ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေကို သောက်တဲ့အခါ သွားနဲ့တတ်နိုင်သမျှ မထိအောင် ကြိုးစားပြီး သောက်ပါ။ ဖြစ်နိုင်ရင် ပိုက်နဲ့သောက်ပါ။

ကျန်းမာရေးအထောက်အကူပြု သစ်သီးဖျော်ရည်တွေအစား ခန္ဓါကိုယ်အတွက် လိုအပ်ပြီး အကျိုးလည်းရှိတဲ့ အဆီတွေကို ပြောင်းစားပါ။ သစ်သီးဖျော်ရည်တွေ ပေးစွမ်းနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေအားလုံးကို အဆိုပါ အဆီတွေကနေ ပေးစွမ်းနိုင်တဲ့အတွက် သူတို့ဟာ သစ်သီးတွေနေရာမှာ ကောင်းစွာ အစားထိုးဝင်ရောက်နိုင်ပါလိမ့်မယ်။

ဒါ့အပြင် သင့်သွားတွေကို ထိခိုက်မှာလည်း မပူရတော့ပါဘူး။ ရေတခွက်ထဲမှာ အဆီလေးတစက်နှစ်စက်လောက် ထည့်ပေးလိုက်ရုံပါပဲ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reference:
Are Juice Detoxes Ruining Your Teeth?

https://www.gymcube.com/blog/health/Are-Juice- Detoxes-

Ruining-Your- Teeth
How trendy juice diets are ruining our TEETH: Dental damage is ‘soaring’ due to sugar and acid in the
drinks eroding away enamel.

http://www.dailymail.co.uk/health/article-3135834/How- trendy-juice-

diets-ruining- TEETH-Dental- damage-soaring- sugar-acid- drinks-eroding- away-tooth- enamel.html
Lemon Water is Destroying Your Teeth. Here is How to Fix It!

https://www.davidwolfe.com/lemon-
water-in- morning-bad- for-teeth/

ယခုပုံစံ

27/09/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လျှပ်စစ် သွားပွတ်တံတွေရဲ့ ကောင်းကျိုးဆိုးပြစ်တွေ

ကလေးများကိုသွားကျန်းမာရေးအတွက်ဘယ်လိုသင်ပေးမလဲ


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 27/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement