backup og meta

သွားများကို ပျက်စီးစေနိုင်သော အကြောင်းအရာ ၁၀ ချက်

သွားများကို ပျက်စီးစေနိုင်သော အကြောင်းအရာ ၁၀ ချက်

နေ့စဉ်ပုံမှန်ပြုလုပ်နေကျဖြစ်သော အရာအချို့ဟာသင့်ရဲ့သွားများကို ပျက်စီးယိုယွင်းစေနိုင်ပါတယ်။

ဒီလိုမဖြစ်စေဖို့ ဘယ်လိုအကြောင်းအရာ၊ အမူအကျင့်တွေကို ရှောင်ကြဉ်သင့်သလဲဆိုတဲ့ အချက်အလက်များကိုဖော်ပြပေးမှာဖြစ်ပါတယ်။

• ရေခဲကိုဝါးစားခြင်း

ရာသီဥတုအရမ်းပူပြင်းနေတဲ့အချိန်မှာ ရေခဲဝါးစားခြင်းဟာ လွန်စွာစွဲမက်စရာကောင်းပြီး နေသာထိုင်သာရှိလှပါတယ်။ ဒါပေမယ့် ကြာလာတဲ့အခါ သင့်ရဲ့သွားတွေကို ဆိုးဆိုးရွားရွားထိခိုက်စေပြီး အက်ကွဲစေတဲ့ အထိဖြစ်စေနိုင်ပါတယ်။

• သွားစွပ် (Mouth guard) မပါဘဲကြမ်းတမ်းသော အားကစားများအပြင်းအထန်ကစားခြင်း (ဥပမာ- လက်ဝှေ့ထိုးခြင်း)၊ သွားမရှိတဲ့ အပြုံးကိုမပိုင်ဆိုင်လိုရင် ပြင်းထန်တဲ့အားကစားလုပ်တိုင်း သွားစွပ်ကိုအမြဲတပ်ဆင်ပါ။

• နို့ဘူးသောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ ညစဉ်ညတိုင်း နို့ဘူးစုပ်သောက်ခြင်းဟာသွားများကိုပုံပန်းပျက်စေပါတယ်။

• ပါးစပ်တွင် အပေါက်ဖောက်ပြီး အလှတန်ဆာဆင်ခြင်းကို ရှောင်ကြဉ်ပါ။ ပါးစပ်ကိုအပေါက်ဖောက်ပြီး အလှတန်ဆာဆင်သူများဟာ ယခုအခါ ပေါများလာပါတယ်။ ဒါပေမယ့် ဒီလိုဖောက်ခြင်းဟာ ကူးစက်ရောဂါဖြစ်ပွားခြင်း၊ သွားများအထိမခံနိုင်အောင်ဖြစ်ခြင်းနှင့် သွားဖုံးထိခိုက်ခြင်းတို့ ဖြစ်ပွားစေနိုင်ပါတယ်။

• စေးကပ်သောဂျယ်လီများ ၊ ကပ်စေးနှဲများစားသုံးခြင်းကိုလျှော့ချပါ။ အများစုသောလူများဟာ ထိုအစားအစာများကို လွန်စွာနှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် အလွန်အကျွံစားသုံးခြင်းဟာ သင့်သွေးတွင်းသကြားဓါတ်ပမာဏကို မြင့်တက်စေသည့်အပြင် သွားများကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

• ပစ္စည်းများ (အထုပ်များ) ဖောက်ဖွင့်ရန် သွားနှင့်ဆွဲဖြဲခြင်းကို ရှောင်ကြဉ်ပါ။ ကပ်ကြေးကိုလိုက်ရှာနေမယ့်အစား ဖော်ပြပါအမူအကျင့်ကို ပြုလုပ်ခြင်းဟာ အချိန်ကုန်သက်သာတဲ့အတွက်ကြောင့် လူအတော်များများအလွယ်တကူပြုလုပ်လေ့ရှိပါတယ်။

• အဆက်မပြတ် မရပ်မနားစားသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အချို့သူများဟာ အစားအသောက်ကိုလွန်စွာ နှစ်ခြိုက်ကြပါတယ်။ ဒါပေမယ့် တစ်ခုခုကို တရစပ်ဝါးနေခြင်း (သို့) သောက်ဖွယ်ရာများကို မရပ်မနားသောက်ခြင်းဟာ သွားသက်တမ်းကို လျော့ကျစေပြီး အလွယ်တကူထိခိုက်ပျက်စီးစေနိုင်ပါတယ်။

• ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ပါ။ စီးကရက်(သို့) ဆေးရွက်ကြီးသောက်ခြင်းဟာ သင့်ကျန်းမာရေးအထူးသဖြင့် အဆုတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံသာမက သင့်သွားများကိုပါ ပျက်စီးစေပါတယ်။ နောက်မကျသေးခင် ဆေးလိပ်သောက်ဖြတ်ပါ။

• ကော်ဖီသောက်ခြင်းကိုလျှော့ချပါ။ အချို့သောသူများဟာ ကော်ဖီကိုမသောက်ရရင် မနေနိုင်တဲ့သူများ ဖြစ်ပါတယ်။ ကော်ဖီထဲမှာပါတဲ့ ကဖင်းဓါတ်ဟာ လူကိုနိုးကြားစေပြီး အာရုံစူးစိုက်မှုအားကောင်းစေတဲ့အတွက် အလုပ်များတဲ့သူတွေမှာ မရှိမဖြစ်သောက်သုံးတဲ့ အလေ့အကျင့်ဖြစ်ပေါ်လာပါတယ်။ ဒါပေမယ့် ကဖင်းဓါတ်ဟာခံတွင်း တံတွေးထုတ်လုပ်ကို အနှောင့်အယှက်ဖြစ်စေပြီး ခံတွင်းခြောက်စေတဲ့အတွက် သွားများကိုထိခိုက်စေနိုင်ပါတယ်။ ကြာရှည်သောက်သုံးခြင်းဟာ သွားပိုးစားခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။

• သစ်သီးဖျော်ရည်များကို သတိထားပါ။ သစ်သီးဖျော်ရည်များတွင် ဗီတာမင် အေ၊ ဗီတာမင်စီ နှင့် သက်စောင့်ဓါတ် အမြောက်အမြားပါဝင်ပေမယ့်လည်း လွန်ကျွံစွာသောက်သုံးရင် သွားပိုးစားစေနိုင်ပါတယ်။ သစ်သီးတွေထဲမှာပါတဲ့ သဘာဝသကြားဓါတ်ဟာ သွားများကိုပျက်စီးစေနိုင်ပါတယ်။

နေ့စဉ်လုပ်ဆောင်နေကျ ရိုးစင်းပြီး အန္တရာယ်မပေးနိုင်တဲ့ အချို့သောအကြောင်းအရာများဟာ ကြာရှည်စွာလုပ်ဆောင်လာရင် သင့်သွားများကို ယိုယွင်းပျက်စီးစေနိုင်ပါတယ်။ ဒါကြောင့် သင့်သွားများကျန်းမာကြံ့ခိုင်ပြီး ကြာရှည်စွာအသုံးပြုနိုင်ရန် ဖော်ပြပါ အကြောင်းအရာ (၁၀) မျိုးကိုသတိထားရှောင်ကြဉ်ရမှာဖြစ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Teeth-Wrecking Things You Need to Stop Doing

http://www.pinoylistnetwork.com/10-teeth-wrecking-things-you-need-to-stop-doing/ Accessed March 24, 2017

10 Ways Your Kids Are Wrecking Their Teeth

https://www.patientconnect365.com/dentalhealthtopics/article/10_ways_your_kids_are_wrecking_their_teeth Accessed March 24, 2017

Slideshow: 19 Habits That Wreck Your Teeth

http://www.webmd.com/oral-health/ss/slideshow-teeth-wreckers Accessed March 24, 2017

ယခုပုံစံ

28/09/2022

Dr. Sandar Lin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သွားကိုထိခိုက်စေတဲ့ နေ့စဉ်ဘဝ အမူအကျင့် ၁၁ ခု

သွားပေါက်ခြင်း


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Sandar Lin မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/09/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement