backup og meta

ပုံမှန်မဟုတ်သော လိင်တံကောက်ကွေး ခြင်း

ပုံမှန်မဟုတ်သော လိင်တံကောက်ကွေး ခြင်း

အမျိုးသားတွေမှာ ပုံမှန်အားဖြင့်လည်း လိင်တံက တဖြောင့်တည်း မရှိတတ်ပါဘူး။ ထောင်မတ်နေချိန်မှာ အနည်းငယ်တော့ ဟိုကောက် ဒီစောင်း ဖြစ်တတ်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေး ခြင်းလည်း ရှိပါတယ်။ ဒါကိုတော့ Peyronie’s Disease လို့ ခေါ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေး ခြင်းဆိုတာ

ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်း ဖြစ်ရတာ လိင်တံမှာ အမာရွတ်တွယ်နေလို့ပါ။ ဒီအမာရွတ်ပေါ် မူတည်ပြီး လိင်တံက ကောက်တာ၊ ကွေးတာ၊ တိုသွားတာ၊ လုံးပတ်မညီတာတာ စတာတွေ ဖြစ်တတ်ပါတယ်။ အမာရွတ်တစ်ရှူးကို လက်နဲ့ ဒီတိုင်းစမ်းလို့ရပါတယ်။ တချို့တွေမှာ လိင်တံထောင်မတ်ချိန်ဆို ကောက်ကွေးတာက ပိုပြီး သိသာပါတယ်။ နာလည်း နာပါတယ်။

ထူးထူးခြားခြား လိင်တံရဲ့ အရင်းမှာ မဟုတ်ဘဲ အလယ်မှာ အမာရွတ် လာတွယ်နေတဲ့သူလည်း ရှိပါတယ်။ ဒါဆိုရင်တော့ သူက လိင်တံကောက်နေမှာ မဟုတ်ပါဘူး။ တဖြောင့်တည်းမှာပဲ အလယ်က ညှစ်သလို ဖြစ်နေတာကြောင့် သဲနာရီပုံစံ ဖြစ်နေနိုင်ပါတယ်။

ဘာကြောင့် ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်း ဖြစ်ရတာလဲ။

ဘာကြောင့် ဒီလိုမျိုး အမာရွတ်တွေ လာတွယ်နေရသလဲဆိုတာကို ခုထိ မသိကြသေးပါဘူး။ တချို့တွေကတော့ ဒါက လိင်တံထောင်မတ်နေချိန်မှာ ထိခိုက်ဒဏ်ရာရတာ၊ လိင်တံကို အတင်းကော့ပစ်တာကြောင့်လို့ ယူဆကြပါတယ်။ အထူးသဖြင့် လိင်ဆက်ဆံချိန်မှာပေါ့။ ဒါပေမယ့် ၈၀ ရာခိုင်နှုန်းသော အမျိုးသားတွေကတော့ သူတို့ဒီလို ဖြစ်အောင် လုပ်ခဲ့မိသလားဆိုတာ မမှတ်မိကြပါဘူး။

ဖြစ်နိုင်တာကတော့ နည်းနည်းစီ ထိခိုက်မိလို့လည်း ဖြစ်နိုင်ပါတယ်။ Peyronie’s Disease ရှိတဲ့ အမျိုးသားတွေက သာမန်အမျိုးသားတွေနဲ့ ယှဉ်ရင် အမာရွတ်ဖြစ်လွယ်တာကြောင့်လည်း ပါပါတယ်။

ဘာကြောင့် ဖြစ်သလဲဆိုတာ အတိအကျ မသိပေမယ့် အောက်ပါအမျိုးသားတွေကတော့ ဖြစ်နိုင်ခြေများနိုင်ပါတယ်။

-မိသားစုထဲမှာ Peyronie’s Disease လိင်တံမှာ အမာရွတ်တွယ်တတ်သူတွေ

-တွယ်ဆက်တစ်ရှူး ရောဂါရှိသူတွေ

-သွေးတွင်းသကြားဓာတ်များသူတွေ

-အမျိုးသားဆီးခုံနေရာနဲ့ လိင်အင်္ဂါနေရာကို ထိခိုက်ဒဏ်ရာရဖူးသူတွေ

-အနာကောင်းကောင်း မကျက်သူတွေ

-ဆေးလိပ်နဲ့ ဆေးရွက်ကြီး သောက်သုံးသူတွေ

-ခုခံအားကမောက်ကမဖြစ်တဲ့ Autoimmune ရောဂါရှိသူတွေမှာ တွေ့ရတတ်ပါတယ်။

ပုံမှန်မဟုတ်ဘဲ လိင်တံကောက်ကွေး တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ။

လက္ခဏာတွေက ရုတ်တရက် ဖြစ်လာတာရှိသလို တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာလည်း ရှိနိုင်ပါတယ်။ တွေ့ရများတဲ့ လက္ခဏာတွေကတော့

  • အမာရွတ်ရှိနေတာ- လိင်တံရဲ့ တစ်နေရာရာမှာ အမာရွတ် ကျပ်ခဲကြီး စမ်းမိတတ်ပါတယ်။
  • လိင်တံက သိသိသာသာ ကွေးကောက်နေတာ
  • လိင်တံမထောင်မတ်နိုင်တာ
  • အမာရွတ်ကြောင့် လိင်တံတိုသွားတာ
  • ထောင်မတ်ခြင်း ရှိရှိ မရှိရှိ အမာရွတ်က ဆွဲထားတာကြောင့် လိင်တံနာနေတာ
  • လိင်တံ ပုံပျက်တာ (ဥပမာ လုံးပတ်မညီတာ၊ အလယ်မှာ ချိုင့်နေတာ၊ သဲနာရီလိုမျိုး ဖြစ်နေတာ)

လိင်တံက ပုံမှန်မဟုတ်ဘဲ ကွေးကောက်လာတာ၊ တိုလာတာတွေက စဖြစ်ဖြစ်ချင်းကနေ ၃လ၊ ၁နှစ်လောက်ထိ ဆက်တိုက်ဖြစ်နေပါတယ်။ နောက်ပိုင်းကျမှ  နည်းနည်းသက်သာသွားပါတယ်။ နာတာကလည်း ၁-၂ နှစ်လောက်ကြာရင် နည်းနည်းသက်သာလာပါတယ်။

ပုံမှန်ဖြစ်တတ်တဲ့ လိင်တံကောက်တာလား၊ ရောဂါလား။

ပြောခဲ့သလိုပဲ အမျိုးသားတွေက ပုံမှန်အားဖြင့်လည်း လိင်တံကောက်ပါတယ်။ ဒီ Peyronie’s diseaseမှာလည်း လိင်တံကောက်တာပဲဆိုတော့ ဘယ်လိုခွဲကြမလဲ။ ပုံမှန်အတိုင်းကောက်တာက အမာရွတ်ကြောင့် မဟုတ်ပါဘူး။ မွေးရာပါကိုက ကောက်နေတာပါ။ ပိုဆိုးလာတာ၊ ကောင်းသွားတာမျိုးလည်း မရှိပါဘူး။ ဒီတိုင်းဆိုရင်လည်း သိပ်မသိသာပါဘူး။ လိင်တံထောင်မတ်မှပဲ သိသာတာဖြစ်ပါတယ်။

ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေး ခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာ

Peyronie’s diseaseက ကူးစက်တာ၊ ကင်ဆာပြောင်းတာ၊ မြုံစေတာ၊ ဆီးလမ်းကြောင်းပြဿနာတွေကို မဖြစ်စေပါဘူး။ ဒါပေမယ့် လိင်တံကောက်ကွေးနေတာကြောင့်

  • အတူနေတဲ့အခါ အနှောင့်အယှက်ဖြစ်တာ
  • လိင်တံထောင်မတ်ဖို့ ခက်ခဲတာ
  • လိင်တံ ပုံစံပျက်နေတာကြောင့် စိတ်ဓာတ်ကျတာ
  • လိင်မှုဘဝမှာ သောကရောက်ရတာ
  • တိုက်ရိုက်မြုံစေတာ မဟုတ်ပေမယ့် အတူနေဖို့ ခက်ခဲတာကြောင့် ကလေးရဖို့ပါ ထိခိုက်သွားတာ
  • လိင်တံတိုသွားတာ
  • လိင်တံနာတာကြောင့် စိတ်ရှုပ်ရတာ စတာတွေ ဖြစ်တတ်ပါတယ်။

Peyronie’s disease ကို ကုသလို့ ရနိုင်မလား။

Peyronie’s diseaseကို ကုသဖို့ နည်းလမ်းတွေကတော့ အများကြီးရှိပါတယ်။ ကိုယ့်ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသရပါတယ်။

  • လိင်တံကောက်ကွေးတာက သိပ်မဆိုးဘူး။ အတူနေလို့လည်း ရတယ်။ လိင်တံထောင်မတ်တာကိုလည်း ထိခိုက်တာမျိုး မဟုတ်ဘူးဆိုရင်တော့ မကုဘဲထားပြီး စောင့်ကြည့်နိုင်ပါတယ်။
  • အခြေအနေသိပ်မဆိုးရင် လိင်တံဆွဲဆန့်တဲ့ ကိရိယာနဲ့ ဆွဲဆန့်ပေးနိုင်ပါတယ်။ ဒါက အချိန်တော့ လိုပါတယ်။ စိတ်လည်း ရှည်ရပါတယ်။ တချို့ကိရိယာတွေဆိုရင် အိပ်နေတဲ့ အချိန်မှာပါ ဝတ်ထားရပါတယ်။ သူက ကောက်နေတာရဲ့ ဆန့်ကျင့်ဘက်ကို ဆွဲပေးတာမျိုးပါ။
  • ဆေးဝါးတွေလည်း သုံးလို့ရပါတယ်။ လိင်တံနာတာကို သက်သာစေတဲ့ ဆေးတွေ၊ လိင်တံကို သွေးကောင်းကောင်း လျှောက်စေတဲ့ ဆေးတွေရှိပါတယ်။ ဒါတွေကတော့ လက္ခဏာတွေကိုပဲ သက်သာစေပါတယ်။
  • လိင်တံထဲကို ဆေးထိုးပြီး အမာရွတ်တွေကို ဖျော်ချတာမျိုးလည်း ရှိပါတယ်။
  • ခွဲစိတ်ကုသပြီး အမာရွတ်တွေကို ဖယ်ထုတ်တဲ့ နည်းလည်း ရှိပါတယ်။

တစ်ခုရှိတာက ဒီလိုမျိုး ကုသပြီးပေမယ့်လည်း အမာရွတ်က ပြန်တွယ်တတ်ပါတယ်။ ရောဂါရဲ့ သဘာဝကိုက နည်းနည်းထိခိုက်တာနဲ့ များများအမာရွတ်တွယ်တာကြောင့်ပါ။

Peyronie’s diseaseကို ကာကွယ်လို့ရသလား။

လူတိုင်းမှာတော့ ကာကွယ်လို့ ရချင်မှ ရမှာပါ။ ဥပမာ မျိုးဗီဇကြောင့်၊ မိသားစုထဲမှာ မျိုးရိုးရှိနေတာ၊ autoimmune ရောဂါရှိနေတာကြောင့်ဆိုရင်တော့ ခက်ပါတယ်။

သာမန်အမျိုးသားတွေကတော့ အောက်ပါနည်းလမ်းတွေနဲ့ ကာကွယ်ကြည့်ပါ။ အမျိုးသားတွေရဲ့ လိင်တံက အသက်ကြီးလာတာနဲ့အမျှ မာလာတတ်ပါတယ်။ ဆိုလိုတာက အတူနေတဲ့အခါ ပိုပြီး ထိခိုက်လွယ်ပါတယ်။ နည်းနည်းနဲ့ ခဏခဏ ထိခိုက်ရင် အမာရွတ်တွယ်လာနိုင်တဲ့အတွက် ဒီအချက်တွေကို သတိထားပါ။

  • အတူနေတဲ့အခါ ချောဆီသုံးပါ။
  • အတူနေရင်းနဲ့ လိင်တံကျွတ်ထွက်သွားခဲ့သည်ရှိသော် လက်နဲ့ ထိန်းပြီးမှ ပြန်ထည့်ပါ။
  • အဖော်က အပေါ်ကနေ ဆက်ဆံတဲ့အခါ သတိထားပါ။ ဒီလိုအနေအထားက လိင်တံကို ထိခိုက်နိုင်ခြေ များစေပါတယ်။
  • အတူနေတဲ့အခါ လိင်တံကို ကွေးကောက်ပြီး ဆက်ဆံခြင်းကို ရှောင်ပါ။ တတ်နိုင်သမျှ တည့်တည့်တန်းတန်းသာ ဖြစ်ပါစေ။

Takeaway

အမျိုးသားတွေအတွက် လိင်တံကျန်းမာရေးက အရေးကြီးပါတယ်။ ပုံမှန်မဟုတ်တဲ့ လိင်တံကောက်ကွေးခြင်းက ဖြစ်တတ်ပေမယ့် အများစုက ဖွင့်ဟတိုင်ပင်လေ့မရှိတာကြောင့် ကုသမှု ခံယူဖို့ နောက်ကျတတ်ပါတယ်။ ဒါက ရုပ်ပြဿနာသက်သက် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ၊ လိင်မှုဆိုင်ရာ ပြဿနာတွေကိုပါ ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် ဒီလို ရောဂါဝေဒနာခံစားနေရတဲ့အခါ ကြိတ်မှိတ်သည်းခံမနေဘဲ ဆရာဝန်နဲ့ တိုင်ပင်ကုသဖို့ အကြံပေးလိုပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://my.clevelandclinic.org/health/diseases/10044-peyronies-disease

https://www.mayoclinic.org/diseases-conditions/peyronies-disease/symptoms-causes/syc-20353468

https://www.urologyhealth.org/urology-a-z/p/peyronies-disease

ယခုပုံစံ

28/02/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပုံမှန်မဟုတ်တဲ့ လိင်တံကွေးကောက်ခြင်း

သင့်ရဲ့ လိင်တံက ကျုံ့ပြီးတိုသွားနိုင်လား


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


28/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement