များသောအားဖြင့် ထိခိုက်မိတာ၊ နေထိုင်မှုပုံစံမှားယွင်းတာ၊ တစ်ကိုယ်ရေအာသာဖြေခြင်း၊ လိင်ဆက်ဆံခြင်း ပုံစံအနေအထား မမှန်တာ၊ အားကစားအပြင်းအထန် လုပ်တာကြောင့် လိင်တံဟာ ထုံကျဉ်သွားနိုင်ပါတယ်။ အခြေအနေပေါ်မူတည်ပြီး တချို့နေရာတွေပဲ ကွက်ပြီး ထုံနေတာမျိုးလည်း ရှိသလို လိင်အင်္ဂါတစ်ခုလုံး ထုံကျဉ်နေသလို ဖြစ်နိုင်ပါတယ်။
၁။ ထိခိုက်မိခြင်း
မတော်တဆ ထိခိုက်မိတာ၊ လိင်အင်္ဂါတစ်ဝိုက်ကို အကန်ခံရတာ၊ အထိုးခံရတာ အစရှိသဖြင့် မတော်တဆထိခိုက်မှုတွေကြောင့် လိင်တံအတွင်းမှာ ရှိတဲ့ သွေးကြော၊ အာရုံကြောတွေကို ထိခိုက်မိပြီး ထုံကျဉ်သွားနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီထုံကျဉ်မှုဟာ ရက်အနည်းငယ်သာကြာတတ်ပြီး အချိန်တော်တော်ကြာလို့မှ လုံးဝပြန်မကောင်းလာဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်သင့်ပါတယ်။
၂။ စက်ဘီး၊ ဆိုင်ကယ် အကြာကြီးစီးခြင်း
စက်ဘီးပေါ် အချိန်အကြာကြီးထိုင်ပြီး စီးမိတဲ့အခါ လိင်တံ၊ ဝှေးစေ့နဲ့ လိင်အင်္ဂါနဲ့ စအိုကြားနေရာကို ဖိအားသက်ရောက်မှုဖြစ်စေပြီး သွေးကြောအတွင်း သွေးစီးဆင်းမှုနည်းကာ လိင်တံထုံသွားစေနိုင်ပါတယ်။
၃။ အချိန်ကြာကြာ ထိုင်ခြင်း
သက်သောင့်သက်သာ မဖြစ်တဲ့ ထိုင်ခုံတွေမှာ ထိုင်တာ၊ ထိုင်တဲ့အနေအထားကြောင့် လိင်တံပတ်လည်မှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဖိအားသက်ရောက်သွားပြီး ထုံကျဉ်နေတတ်ပါတယ်။
၄။ တစ်ကိုယ်ရေသန့်ရှင်းမှု ပစ္စည်းများ
အနံ့ပြင်းလွန်းတဲ့ ဓာတုဗေဒပစ္စည်း အများအပြား ပါဝင်တဲ့ မျက်နှာသစ်ဆပ်ပြာ၊ ကိုယ်တိုက်ဆပ်ပြာတွေဟာ လိင်အင်္ဂါအရေပြားကို ယားယံစေပြီး အခန့်မသင့်ရင် ထုံသွားတဲ့အထိ ပြင်းထန်နိုင်ပါတယ်။
၅။ ကျပ်လွန်းတဲ့ အတွင်းခံတွေ ဝင်ခြင်း
အတွင်းခံဘောင်းဘီကို ကျပ်သိပ်နေအောင် ဝတ်ထားတဲ့အခါ လေဝင်ပေါက်ပိတ်သွားသလို လိင်အင်္ဂါရော ကပ္ပာယ်အိတ်ပါ အထဲမှာ စုပြုံပြီးထိုးထည့်သွားသလို ဖြစ်နေတဲ့အတွက် ယားယံခြင်း၊ အသားထဲက ဆူးစူးသလို ဖြစ်ခြင်း၊ အရေပြားနီရဲခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ထုံကျဉ်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။