ယောက်ျားတွေရဲ့ မျိုးမအောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံး အကြောင်းရင်း တစ်ခုက သုက်ကောင်အရေအတွက် နည်းခြင်းပဲ ဖြစ်ပါတယ်။ သုက်ကောင် အရေအတွက်ကို နည်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ ရှောင်ရှားလို့ ရတဲ့ အချက် တစ်ခုကတော့ လွန်ကဲတဲ့ အပူနဲ့ ထိတွေ့ခြင်းပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ဆိုတာကို ပြောပြပေးသွားမှာပါ။
ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ
ရေပူချိုးခြင်းက ယောက်ျားတွေမှာ မျိုးမအောင်ခြင်းကို ဘာကြောင့် ဖြစ်စေသလဲ ဆိုတော့ သုက်ကောင်လေးတွေကို ထုတ်လုပ်နိုင်ဖို့ အကောင်းဆုံး အပူချိန်ကတော့ ပုံမှန် လူ့ခန္ဓာကိုယ် အပူချိန်ထက် ၃-၄ ဒီဂရီ နိမ့်တဲ့ အပူချိန်ပဲ ဖြစ်ပါတယ်။ အပူချိန် မြင့်လာလေလေ သုက်ကောင် ထုတ်လုပ်တာကို အနှောင့်အယှက် ဖြစ်လေ ဖြစ်တဲ့အတွက် ရေပူနဲ့ မကြာခဏ ထိတွေ့ခြင်းက သုက်ကောင် အရေအတွက် လျှော့နည်းခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဘယ်လို ပူနွေးမှုမျိုးမဆို အပူချိန် ၁ ဒီဂရီ တက်တိုင်း သုက်ကောင်အရေအတွက် ၄၀ ရာခိုင်နှုန်းခန့်ကို လျှော့ကျစေနိုင်ပါတယ်။ ချွေးထုတ်ခန်း သွားခြင်း၊ ရေနွေးကန် အသုံးပြုခြင်း နဲ့ ရေနွေးဖြင့်ရေချိုးခြင်းတွေက ခဏတာ ဝှေးစေ့ကို အပူလွန်စေတဲ့ အကြောင်းတွေမှာ ပါဝင်ပါတယ်။
တင်းကျပ်တဲ့ အောက်ခံဘောင်းဘီ ဝတ်ဆင်ခြင်းက ဝှေးစေ့ကို အပူများစေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ ပုံမှန် စက်ဘီးစီးခြင်း နှင့် တင်းကျပ်တဲ့ အဝတ်အထည်တွေကို အမြဲလိုလို ဝတ်ဆင်ခြင်းက အထဲမှာ အပူကို သိမ်းဆည်းထားသလို ဖြစ်သွားနိုင်ပါတယ်။
ဝှေးစေ့ကို အပူများစေပြီး ဝှေးစေ့ ကနေ သုက်ကောင် ထုတ်လုပ်မှုကို လျော့နည်းစေတဲ့ အခြား အကြောင်းအရင်းတွေကတော့ အပူနှုန်း မြင့်တဲ့ အလုပ်အကိုင် ပတ်ဝန်းကျင်ပဲ ဖြစ်ပါတယ်။ နွေရာသီမှာဆိုရင် သုက်ကောင်အရေအတွက် ပုံမှန် ပမာဏထက် ၃၀ ရာခိုင်နှုန်း လောက်လျော့နည်းနေတတ်ပါတယ်။ မုန့်ဖုတ်စက်ရုံ၊ သတ္တု အရည်ကြို စက်ရုံ အစရှိတဲ့ အပူချိန်များတဲ့ အလုပ်ပတ်ဝန်းကျင်ကလည်း ဝှေးစေ့အပူချိန်တွေကို မြင့်မားလာစေနိုင်ပါတယ်။
နောက်တစ်ခုကတော့ လက်ပတော့ကို ပေါင်ပေါ်မှာ တင်ပြီး အသုံးပြုတာပါ။ ဒါကလည်း တဖြည်းဖြည်းနဲ့ အပူချိန်များလာစေပြီး ဝှေးစေ့ထဲမှာ အပူတွေ အောင်းစေနိုင်ပါတယ်။ လက်ပတော့ကို ပေါင်ပေါ်မှာ ကြာကြာတင်ပြီး အလုပ်လုပ်တာကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်။
ချွေးထုတ်ခြင်း၊ ရေနွေးကန်သုံးခြင်း စတဲ့ ရေအပူနဲ့ ခဏတာ ထိတွေ့ရတာမျိုး ဆိုရင်တော့ ပုံမှန်အားဖြင့် သုက်ကောင်လေးတွေက အပူလွန်ကဲခြင်းကနေ အမြန် ပြန်ကောင်းနိုင်တာကြောင့် ပုံမှန် သုက်ကောင် ပြန်ဖြစ်ဖို့ အချိန် ၁ပတ်လောက်သာ ကြာတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း လေ့လာမှု တစ်ခုရဲ့ ဖော်ပြချက်အရ သုက်ကောင်တွေကို ပျက်စီးစေမယ့် အကြောင်းအရာကို ဖယ်ရှားလိုက်ရင်တောင် အနည်းဆုံး ၃ လ မပြည့်မချင်း ပုံမှန် သုက်ကောင် အနေအထား ပြန်မရနိုင်ဘူးလို့ သိရပါတယ်။ ၃ လ လောက်ကြာရင်တော့ ပုံမှန် ပြန်ဖြစ်နိုင်ပါတယ်။
သင်က ဖခင် တစ်ယောက် ဖြစ်ချင်ပါသလား။ သင့်ရဲ့ သုက်ကောင်လေးတွေအတွက် ရေအေးက ပိုကောင်းပါတယ်။ အပူချိန် တက်တာကို ဖြစ်စေတဲ့ အရာအားလုံးက သုက်ကောင်အရေအတွက်ကို လျော့နည်းစေပါတယ်။ ရေပူနဲ့ချိုးတာ၊ ထိတွေ့တာကြောင့် သုက်ကောင်အရေအတွက်နဲ့ အရည်အသွေးကို ခဏတာထိခိုက်စေနိုင်တာမှန်ပါတယ်။ တစ်ခါတလေမှ ချိုးတာ၊ ထိတွေ့တာက ပြဿနာမဟုတ်ပေမယ့် အမြဲလိုလို ဝှေးစေ့က အပူဒဏ်ကို ခံနေရမယ်ဆိုရင်တော့ သင့်ရဲ့ သုက်ပိုးအရေအတွက်ကို စိုးရိမ်သင့်ပါပြီ။
[embed-health-tool-bmi]