backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုကိုတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အတွင်းခံ ရွေးချယ်နည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုကိုတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အတွင်းခံ ရွေးချယ်နည်း

အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အရေးပါလှတဲ့ အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ရာမှာ လွဲမှားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ၃ ချက်ရှိပါတယ်။

  • တချက်ကတော့ အတွင်းခံဘောင်းဘီတွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတဲ့ အချက်တွေကို သိရှိနားလည်သူ နည်းပါးတာကြောင့်ဖြစ်ပါတယ်။
  • နောက်တစ်ချက်ကတော့ အရောင်းကောင်တာတွေရဲ့ သဘောသဘာဝကြောင့် ရွေးချယ်ဝယ်ယူရခက်ခဲတာပဲဖြစ်ပါတယ်။ သေသေချာချာစစ်ပေါက်ပေါက် ရွေးချယ်ဝယ်ယူချင်စိတ် ရှိနေရင်တောင်မှ အရောင်းကောင်တာတွေမှာ ရောင်းချပေးနေသူတွေက အမျိုးသမီးငယ်လေးတွေဖြစ်နေတာကြောင့် မေးရမြန်းရမှာ ရှက်ပြီး ကြုံတာကို ဝယ်ဝတ်ဖြစ်ကြတာက အမျိုးသား အများစု ကြုံနေကြပြဿနာဖြစ်ပါတယ်။
  • နောက်ဆုံးပြဿနာကတော့ အမျိုးသားပီပီ ကြုံသလိုနေတတ်တဲ့အကျင့်တွေကြောင့်လည်း အဆင်ပြေသလိုသာ ဝယ်ဝတ်ကြတဲ့ ပြဿနာဖြစ်ပါတယ်။
  • မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ် ဝတ်ဆင်ဖို့ ဘာကြောင့်လို့အပ်တာလဲ

    တကယ်တော့ အမျိုးသားတွေအနေနဲ့ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ်ဝတ်ဆင်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ အတွင်းခံအဝတ်အထည်ဆိုတာဟာ အဝတ်အစားတွေထဲမှာ အခြေခံအကျဆုံး အဝတ်အစားဖြစ်ပြီးတော့ ကျန်းမာရေး တစ်ကိုယ်ရေသန့်ရှင်းရေးတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့အရာလည်းဖြစ်ပါတယ်။ မှန်ကန်သင့်လျော်စွာ မဝတ်ဆင်ရင်၊ ကိုယ်နဲ့ မကိုက်ညီတာကို ဝတ်ဆင်နေမိရင် ကျန်းမာရေးသာမက လူမှုဆက်ဆံရေးမှာပါ အနှောင့်အယှက်ဖြစ်နိုင်တာမို့ပါ။

    ဒါ့အပြင် မသင့်လျော်၊ မကိုက်ညီ၊ မသန့်ရှင်းတဲ့ အတွင်းခံမျိုးကို ဝတ်ဆင်နေမိမယ်ဆိုရင် ကိုယ့်ရဲ့ လူမမြင်အပ်တဲ့အရပ်မှာ လိင်အင်္ဂါရေယုန် (Genital Herpes) ၊ ကာလသားရောဂါ (Syphilis) ၊ ဝဲခြောက်ယားနာ (Scabies) ၊ အနီဖုဖြစ်စေတဲ့ ရောဂါပိုး (Molluscum Contagiosum) ၊ လိင်တံထိပ်ဖူးရောင် ရောဂါ (Balanitis) ၊ အရေပြား ဓာတ်မတည့်မှု (Contact Dermatitis) ၊ အရေပြားမှိုစွဲခြင်း (Yeast Infection) ၊ ပေါင်ခြံပွေး (Tinea Cruris) ၊ လိင်အင်္ဂါ နှင်းခူ (Genital Eczema) တို့လိုရောဂါမျိုးတွေ ဖြစ်ပွားဖို့ ဖိတ်ခေါ်နေသလိုဖြစ်သွားနိုင်ပါတယ်။

    ဘယ်လိုအမျိုးအစားတွေရှိသလဲ

    အမျိုးသားဝတ်အတွင်းခံတွေက အမျိုးအစား၊ စတိုင်မျိုးစုံရှိပါတယ်။ Boxers ၊ Briefs ၊ Boxer briefs နဲ့ Trunks တို့လို လူဝတ်များတဲ့အမျိုးအစားတွေရှိသလို Midway briefs ၊ Jockstrap ၊ Thong ၊ Bikini ၊ String တို့လို အခြေအနေပေါ်မူတည်ပြီးဝတ်ဆင်တဲ့ အမျိုးအစားတွေလည်း ရှိပါတယ်။ အတွင်းခံရွေးချယ်ရာမှာ ဈေးနှုန်းထက် ကိုယ်နဲ့ ကိုက်ညီသင့်လျော်မှုက ပိုအရေးပါပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ ခန္တာကိုယ်ပုံစံနဲ့ ကိုက်ညီမှုရှိတဲ့ အတွင်းခံအမျိုးအစားကို ရွေးချယ်ဝတ်ဆင်တာဟာ ကျန်းမာရေးတွက်ရော သက်သောင့်သက်သာရှိတဲ့ နေထိုင်မှုပုံစံကိုရော ရရှိစေနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသားအများစုဟာ အတွင်းခံကို ကိုယ့်ရဲ့ ခန္တာကိုယ်ပုံစံနဲ့ ကိုက်ညှိရွေးချယ်ရမယ်ဆိုတာကို မသိရှိကြတာများပါတယ်။ နောက်ပြီး ကိုယ်ရွေးချယ်ဝတ်ဆင်တဲ့ အတွင်းခံဟာ လေဝင်လေထွက်ကောင်းမွန်ပြီး သက်သောင့်သက်သာရှိစေမယ့် ချည်သားအထည်မျိုးလည်းဖြစ်သင့်ပါတယ်။

    ကိုယ့်ခန္တာကိုယ်နဲ့ ကိုက်ညီတဲ့ အတွင်းခံမျိုးကို ဘယ်လိုရွေးချယ်မလဲ

    အတွင်းခံလို့ တွေးလိုက်တာနဲ့ ဒါဟာ ခန္တာကိုယ်ပေါ်က အဝတ်အစားတွေအားလုံး သက်သောင့်သက်သာဖြစ်စေဖို့အတွက် အခြေခံအကျဆုံးဆိုတာကို တွေးမိကြမှာပါ။ လူမြင်ကွင်းမှာ ရှိမနေပေမယ့် အဓိကအကျဆုံး အလွှာဖြစ်ပါတယ်။ ဒါကြောင့် အရေးအကြီးဆုံးလို့ ဆိုရတာပါ။

    • ကိုယ်ဝတ်ဆင်ထားတဲ့ အတွင်းခံဟာ ရုံးစားပွဲမှာပဲထိုင်ထိုင်၊ လမ်းပဲလျှောက်နေနေ၊ ဘတ်စ်ကားပဲ စီးစီး၊ လေ့ကျင့်ခန်းပဲလုပ်လုပ် သက်သောင့်သက်သာနဲ့ ပေါ့ပေါ့ပါးပါးဖြစ်နေစေရပါမယ်။
    • ခန္တာကိုယ်ကထွက်ရှိတဲ့ အစိုဓာတ်နဲ့ ပေါင်ခြံကြားက ချွေးတွေကို စုပ်ယူနိုင်ရမယ်။ ကိုယ်ဝတ်ဆင်ထားတဲ့ ဘောင်းဘီကိုလည်း မညစ်ပေစေရဘူး။

      ကိုယ့်လိင်အင်္ဂါကိုလည်း မထိခိုက်စေရဘူး။ သက်သောင့်သက်သာတည်ရှိနေစေဖို့ ပံ့ပိုးပေးနိုင်ရမယ်။

    • ဖွားဖက်တော်ကို ပွန်းပဲအောင် ပွတ်တိုက်နိုင်တဲ့ အထည်စမျိုးလည်းမဖြစ်ရဘူး။
    • ခန္တာကိုယ်အောက်ပိုင်းရဲ့ ကိုယ်တွင်းအပူချိန်ကို လျှော့ချပေးနိုင်ရမယ်။

    ဒါ့အပြင် ကျန်းမာရေးနဲ့ ကိုက်ညီဖို့အတွက်ဆိုရင် အရမ်းဈေးပေါတဲ့ အတွင်းခံမျိုးတွေကို ရှောင်ဖို့လည်းလိုအပ်ပါမယ်။ အရမ်းဈေးပေါလွန်းတာတွေက လျှော်ပါများရင် ပျော့ရိသွားတတ်လို့ပါ။

    နောက်ပြီး အကြံပေးလိုတဲ့ အချက်ကတော့ ကိုယ့်ခန္တာကိုယ်နဲ့ ကိုက်ညီတာမျိုးကို ရွေးချယ်ဖို့ပါပဲ။ အရင်ဆုံးကိုယ့်ရဲ့ ခန္တာကိုယ်ဟာ ဘယ်လို ပုံစံမျိုးရှိတယ်ဆိုတာကို အရင်သိထားဖို့ လိုအပ်ပါတယ်။ ကိုယ်က ဝတဲ့လူလား၊ ပိန်တဲ့သူလား၊ ခန္တာကိုယ် လေးထောင့် ဆန်ဆန်လား၊ ခါးလျားရှည်တဲ့သူလား စသဖြင့်ပေါ့။ ဒါတွေက ကိုယ့်ခန္တာကိုယ်ကို မှန်ထဲအရင်ကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်။

    ပြီးရင်တော့ အောက်မှာဖော်ပြထားသလို ကိုယ့်ခန္တာကိုယ်နဲ့ ကိုက်ညီတဲ့အမျိုးအစားမျိုးတွေကို ရွေးချယ်ပြီး ဝတ်ဆင်သင့်ပါတယ်။

    • ခန္တာကိုယ် သေးသွယ်သူတွေဟာ Briefs ၊ Trunk နဲ့ Boxer Briefs တွေကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
    • ခန္တာကိုယ် တောင့်တင်းပြီး Fitting ကျသူတွေကတော့ Briefs ၊ Trunk ၊ Boxer နဲ့ Boxer Briefs အားလုံးကို ဝတ်ဆင်နိုင်ပါတယ်။
    • ခန္တာကိုယ်အပေါ်ပိုင်းကြီးပြီး ကြွက်သားတောင့်တင်းသူတွေဟာလည်း Briefs ၊ Trunk ၊ Boxer နဲ့ Boxer Briefs အားလုံးကို ဝတ်ဆင်နိုင်ပါတယ်။

      ခန္တာကိုယ့် ဝဖြိုးတဲ့သူတွေကတော့ Boxer နဲ့ Boxer Briefs တွေကို ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။

    • ဘီယာဗိုက်လို ဗိုက်ပဲကွက်ပူနေတဲ့သူတွေကတော့ Trunk နဲ့ Boxer Briefs တွေကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။

    ဒီလို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ့်ခန္တာကိုယ် အနေအထားနဲ့ ကိုက်ညီတဲ့ အတွင်းခံတွေကို ရွေးချယ်ဝတ်ဆင်သွားမယ်ဆိုရင် လူမြင်မခံလိုတဲ့ ရောဂါမျိုးတွေ မဖြစ်ပွားအောင် ကာကွယ်တားဆီးနိုင်မှာဖြစ်ပြီး လူနေမှုဘဝမှာလည်း ပေါ့ပါးလွတ်လပ်တဲ့ ခံစားချက်မျိုးကို ပိုင်ဆိုင်နိုင်မှာဖြစ် ပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement