backup og meta

တိုက်ဖွိုက်ဖြစ်နေချိန်မှာ ဘာစားကြမလဲ။

တိုက်ဖွိုက်ဖြစ်နေချိန်မှာ ဘာစားကြမလဲ။

တိုက်ဖွိုက်ဖြစ်နေရင် အစာမာ မစားရဘူးဆိုတာ သိပြီးသားပါ။ ဒါပေမယ့် တိုက်ဖွိုက်ရဲ့ လက္ခဏာတွေကို ကြည့်မယ်ဆိုရင် ဗိုက်နာမယ်၊ အားပျော့မယ်၊ ဝမ်းလျှော ဒါမှမဟုတ် ဝမ်းချုပ်မယ်၊ ပါးစပ်ပျက်မယ်၊ အန်မယ် စသဖြင့် ခံစားရပါတယ်။ ဒီလိုအချိန်မှာ အစာမာမစားရလို့ အာဟာရမပြည့်ဘူးဆိုရင် ရောဂါဒဏ်ရော၊ ဆေးဒဏ်ရောပါ ခံရမှာပါ။ အစာမာ မစားရဘူးဆိုတာကလည်း ပိုးကြောင့် ပျက်စီးနေတဲ့ အူက အစာမာနဲ့ တွေ့တဲ့အခါ ပိုပြီး ပျက်စီးသွားမှာစိုးလို့ပါ။ ဒါကြောင့် ဒီကာလမှာ အားရှိမယ့် အရည်တွေ၊ အစာပျော့ပျော့တွေ ကျွေးရတာပါ။ ပါးစပ်ကလည်း ပျက်၊ အားလည်းမရှိ၊ အစာမာလည်း စားလို့မရတဲ့ လူနာကို အားရှိအောင် ဘာတွေကျွေးကြမလဲ။ တိုက်ဖွိုက်ဖြစ်နေချိန်မှာ ဘာစားကြမလဲ။ အစာပြင်တဲ့သူလည်း အလုပ်မရှုပ်၊ စားလို့လည်း အရသာဖြစ်နိုင်မယ့်ဟာတွေကို ကျွေးကြရအောင်။

တိုက်ဖွိုက်ဖြစ်နေချိန်မှာ ဘာစားကြမလဲ။

အရင်ဆုံး ဘာတွေကျွေးရမလဲ၊ ဘာတွေနဲ့ တည့်မလဲဆိုတာကို ဆရာဝန်ကို အရင်မေးပါ။ စစချင်းဆိုရင်တော့ အရည်ပဲ သောက်ရဖို့များပါတယ်။ လူနာကလည်း ပါးစပ်ပျက်နေတာဆိုတော့ ကျွေးရင်တောင် စားနိုင်ချင်မှ စားနိုင်မှာပါ။ လိုအပ်ရင် ဆရာဝန်က ပုလင်းကြီး ချိတ်ပေးပါလိမ့်မယ်။ နည်းနည်းစားနိုင်ပြီ၊ ဆရာဝန်ကလည်း ကျွေးဖို့ခွင့်ပြုပြီဆိုရင် အစာပျော့ပျော့ ကျွေးလို့ရပါပြီ။ အစာက မဝါးဘဲ မျိုချနိုင်လောက်အောင် ပျော့နေရင် ပိုကောင်းပါတယ်။ နောက်ပြီး အရင်လို တစ်နေ့ ၃ခါကျွေးတာထက်စာရင် နည်းနည်းနဲ့ ခဏခဏ ကျွေးတာက ပိုကောင်းပါတယ်။ ဒါက ကျွေးရမယ့် ပုံစံပါ။

ဘာတွေ ကျွေးကြမလဲ။

  • ကယ်လိုရီများတဲ့ အစားအစာတွေ

လူနာက အားနည်းနေတဲ့အတွက် ကယ်လိုရီများတာတွေကို ကျွေးပေးရပါမယ်။ လူနာက နာလန်ထစဆိုတော့ နည်းနည်းစားရုံနဲ့ အားရှိမယ့် အစားအစာမျိုး ကျွေးရပါမယ်။ ဥပမာ ဆန်ကို နူးအိနေအောင် ပြုတ်ထားတဲ့ ဆန်ပြုတ်၊ ပေါင်မုန့်ဆိုလည်း ဒီတိုင်းကျွေးတာထက် နို့နဲ့ စိမ်ပြီး ပျော့အိနေမှ ကျွေးတာမျိုး လုပ်ပေးပါ။ တစ်နပ်နဲ့ တစ်နပ် တူစရာ မလိုပါဘူး။ ဆန်ပြုတ်ကျွေးလို့ ၄-၅ဇွန်းလောက် ဝင်သွားရင် နောက် ၃-၄နာရီလောက်နေရင် ပေါင်မုန့်နို့စိမ်လေး ကျွေးတာမျိုး လုပ်ပေးလို့ရပါတယ်။

ခုနက ကယ်လိုရီများတဲ့ အစားအစာတွေနဲ့ တူတူပါပဲ။ ဆန်ပြုတ်တို့၊ ပေါင်မုန့်တို့ ကျွေးရမှာပါ။ နည်းနည်းထက်စားလို့ ရလာရင် ကြက်ဥပြုတ်လည်း ကျွေးလို့ရပါတယ်။

  • အသားဓာတ်ကြွယ်ဝတာတွေ

အဆီထုတ်ထားတဲ့ နွားနို့တို့၊ ဒိန်ချဉ်တို့ တိုက်လို့ရပါတယ်။ ဒါတွေက အသားဓာတ်များသလို နာလန်ထတာကို ပိုမြန်စေပြီး ခုခံအားကို တက်စေပါတယ်။ နာလန်ထစမှာ အသားတွေ ကျွေးတာထက်စာရင် နို့တို့၊ ဥတို့က ပိုပြီး အဆင်ပြေပါတယ်။ နောက်ပြီး ပဲလေးတွေကို နူးအိအောင် ပြုတ်ပြီး ပေါင်းပြီး စားလို့ရပါတယ်။ ဟင်းချိုချက်သောက်လို့ရပါတယ်။ အသားစားလို့ရပြီဆို အသားကို နူးအိအောင် ပေါင်းစားတာ၊ ပြုတ်စားတာ ရပါတယ်။ ကြက်သားဆို ကြက်စွပ်ပြုတ်လေး လုပ်သောက်နိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ပါရချင်ရင် မြူစွမ်တို့၊ ဆန်ပြုတ်တို့နဲ့ စားလို့ရပါတယ်။

  • နာလန်ထစေမယ့် အစားအစာတွေ

ပေါ့ပေါ့ပါးပါးနဲ့ အားပြန်ပြည့်စေမယ့် အစားအစာတွေလည်း ကျွေးပေးဖို့ မမေ့ပါနဲ့။ အရွက်ပြုတ်ရည်လေးတွေ၊ အသားပြုတ်ရည်လေးတွေက အားရှိပြီး ခုခံအားစနစ်ကိုလည်း တက်စေပါတယ်။

တိုက်ဖွိုက်ဖြစ်နေရင် ဝမ်းတွေလျှောပြီး ဖျားနေတာကြောင့် သာမန်အချိန်ထက် ရေဓာတ်ပိုလိုပါတယ်။ ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေအတွက် ရိုးရိုး ကျိုချက်ပြီးသား ရေလည်း သောက်လို့ရသလို၊ အုန်းစိမ်းရည်၊ လတ်ဆတ်တဲ့ အိမ်လုပ် သစ်သီးဖျော်ရည်တွေ၊ အသီးအရွက်ပြုတ်ရည်၊ စွပ်ပြုတ်၊ ထမင်းရည်၊ နို့ စတာတွေလည်း သောက်ပေးလို့ရပါတယ်။ အရေးကြီးတာက ဆုံးရှုံးသွားတာနဲ့ ကာမိအောင် ပြန်ဖြည့်တင်းဖို့ပါပဲ။

ဘာတွေ ရှောင်ကြမလဲ။

  • အသီးအရွက်တွေ အများကြီး မစားပါနဲ့။ ဆိုလိုတာက အရင်လို ချက်စား၊ ကြော်စားတာမျိုးကို ပြောတာပါ။ ဘာကြောင့်လဲဆိုတော့ အသီးအရွက်တွေက အမျှင်ဓာတ်များတဲ့အတွက် အူက အားသုံးပြီး အစာချေရပါတယ်။ ဒါက အူကို ဝန်ပိစေပါတယ်။ ပေါ့ပေါ့ပါးပါး အသီးအရွက်ပြုတ်ရည်သောက်တာလောက်တော့ ရပါတယ်။
  • အစပ်မစားပါနဲ့။
  • အဆီများတာတွေ မစားပါနဲ့။
  • အသင့်စား အစားအစာတွေ မစားပါနဲ့။
  • ခြုံပြောရရင် အစာအိမ်နဲ့ အူလမ်းကြောင်းကို ဝန်ပိစေမယ့် အစားအစာတွေကို ရှောင်သင့်ပါတယ်။

ဘယ်လိုမျိုး ချက်ပြုတ်ကြမလဲ။

အစားအစာပြင်ဆင်တဲ့သူတွေအနေနဲ့လည်း အာဟာရရှိတာအပြင် သန့်ရှင်းဖို့ကိုပါ ဂရုစိုက်ရမှာပါ၊။

  • လူနာကို အိမ်မှာပဲ သေချာ ချက်ပြုတ်ပြင်ဆင် ကျွေးပါ။ တတ်နိုင်ရင် အပြင်စာတွေ ဝယ်မကျွေးပါနဲ့။ ကျွေးမယ်ဆိုလည်း သန့်ရှင်းပြီး စိတ်ချရတဲ့ ဆိုင်မှာပဲ သုံးပါ။
  • အသီးအနှံတွေ စားမယ်ဆို၊ ဖျော်ရဉ်လုပ်တိုက်မယ်ဆို သေချာရေဆေးပါ။
  • ရေကို ကျိုချက်ပြီးသား ဒါမှမဟုတ် ရေသန့်ပဲ သောက်ပါ။
  • အစားအစာ မချက်ခင်၊ လူနာကို မကျွေးခင်မှာ လက်ကို ဆပ်ပြာနဲ့ သေချာဆေးပါ။

ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ တိုက်ဖွိုက်ဖြစ်လည်း လူနာက အာဟာရရှိရှိ စားနိုင်ပြီး မြန်မြန် နာလန်ထူမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.netmeds.com/health-library/post/typhoid-fever-dietary-management-and-foods-to-avoid-during-typhoid-fever

https://www.medindia.net/patients/lifestyleandwellness/diet-during-typhoid.htm

ယခုပုံစံ

20/06/2024

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မြန်မြန်နာလန်ထဖို့အတွက် ရေဓာတ်နဲ့ အာဟာရဓာတ်က ဘာကြောင့် အရေးပါသလဲ။

Typhoid Fever (အူရောင်ငန်းဖျားရောဂါ)


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 20/06/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement