backup og meta

Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ

    စက်တင်ဘာလ အစောပိုင်းက အမေရိကန် ပြည်ထောင်စုနဲ့ ယူကေနိုင်ငံတို့မှာ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဌာန (FDA) က လူထုကြားထဲမှာ ထိုးနှံခွင့်ပြုလိုက်တဲ့ Omicron မျိုးကွဲ ၂ မျိုးဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ကာကွယ်ပေးနိုင်မယ့် Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး (Bivalent vaccine) ထိုးနှံပြီးချိန်မှာ ဘာတွေ ခံစားရနိုင်လဲ။ ဘယ်လိုတွေ ဂရုစိုက်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကာကွယ်ဆေး ထိုးပြီးရင် side effects ခံစားရတာ ပုံမှန်ပဲလား။

    ကာကွယ်ဆေး ထိုးပြီးရင် side effects ခံစားရတာက တော်တော်များများမှာ ဖြစ်ပါတယ်။ တုပ်ကွေး ကာကွယ်ဆေးကစလို့ ကိုဗစ်ကာကွယ်ဆေးအထိ ကာကွယ်ဆေးတွေ ထိုးပြီးတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မတူပေမယ့် side effects ကိုတော့ ခံစားရလေ့ရှိပါတယ်။

    ကာကွယ်ဆေးဆိုတာက သေချာစမ်းသပ်လေ့လာမှုတွေ လုပ်ဆောင်ပြီးမှ ထုတ်လုပ်ထားတာပါ။ ရောဂါကို ကာကွယ်ဖို့နဲ့ ကူးစက်ခဲ့ရင်တောင် ပြင်းပြင်းထန်ထန် မခံစားရစေဖို့ ရည်ရွယ်ပြီး ထုတ်ထားတာပါ။ ဒါပေမယ့် ကာကွယ်ဆေးဆိုတဲ့ သဘောကတော့ ဆေးထိုးပြီးတဲ့အခါ side effectအနည်းအကျဉ်းကို ခံစားရစမြဲပါ။

    လူတွေရဲ့ ခန္ဓာကိုယ်က တုံ့ပြန်မှုကို လိုက်ပြီးတော့ အချို့မှာ တော်တော်လေး ပြင်းထန်နိုင်ပြီး အချို့မှာတော့ သိပ်မပြင်းထန်တာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ ကာကွယ်ဆေး ထိုးပေမယ့် ထူးထူးခြားခြား လက္ခဏာ တစ်ခုတလေတောင် မခံစားရသူတွေလည်း ရှိနိုင်ပါတယ်။ အကြောင်းကတော့ ကိုယ်ခံအားတုံ့ပြန်မှု ကွာခြားတာကြောင့်ပါ။

    Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး

    ဒီ Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးက အရင် ကိုဗစ်မျိုးစိတ်တွေကိုလည်း ကာကွယ်ပေးမှာ ဖြစ်သလို အပိုဆောင်းအနေနဲ့ အိုမီခရွန် မျိုးကွဲတွေဖြစ်တဲ့ BA.4 နဲ့ BA.5 ကိုပါ ကာကွယ်ပေးမှာဖြစ်ပါတယ်။

    Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေးမှာ mRNA လို့ ခေါ်တဲ့ မော်လီကျူး ပါဝင်နေပြီး ဒီမော်လီကျူးက ကိုဗစ်မူလမျိုးစိတ်တွေက ထုတ်လုပ်တဲ့ spike protein ကိုရော အိုမီခရွန် BA. 4 နဲ့ BA. 5 မျိုးစိတ်တွေက ထုတ်တဲ့ spike protein တွေကိုပါ မှတ်သားဖို့ ကိုယ်ခံအားဆဲလ်တွေကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ Spike protein ဆိုတာက ဗိုင်းရပ်စ် ခန္ဓာကိုယ်ဆဲလ်တွေဆီ ဝင်ရောက်နိုင်စေဖို့ ထောက်ကူပေးတဲ့ ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်က ပရိုတင်းတွေပါ။ မျိုးစိတ်ကိုလိုက်ပြီး ကွဲပြားပါတယ်။

    ကာကွယ်ဆေးထိုးပြီးချိန်မှာ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက mRNAရဲ့ ညွှန်ကြားချက်ကို လက်ခံရရှိမှာ ဖြစ်ပြီး ယာယီအားဖြင့် spike proteins ကို ထုတ်လွှတ်မှာပါ။ ကိုယ်ခံအားက ဒီပရိုတင်းကို သိရှိမှာ ဖြစ်ပြီး ပြင်ပက ဝင်ရောက်လာတဲ့အရာတစ်ခုလို့ သတ်မှတ်ပြီး သဘာဝ ခုခံစနစ်ကို စတင်မှာပါ။ ဒီခုခံစနစ်ထဲမှာ antibodies နဲ့ T cells တွေ ပါဝင်မှာပါ။

    ကာကွယ်ဆေးထိုးပြီးသွားပြီဆိုတာနဲ့ အချိန်အနည်းငယ်ကြာပြီးချိန်မှာ ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ် မျက်နှာပြင်ပေါ်က spike protein ကို သိရှိသွားပြီး ဖြစ်သလို ဗိုင်းရပ်စ်ကို တိုက်ထုတ်ဖို့ အသင့်‌ပြင်ထားပြီးသားလည်း ဖြစ်မှာပါ။ Antibodies နဲ့ ကိုယ်ခံအားဆဲလ်‌တွေက ကိုဗစ်ကို ကာကွယ်ပေးဖို့ရော ဗိုင်းရပ်စ်ကို ချေမှုန်းဖို့ပါ အတူလုပ်ဆောင်မှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ဆဲလ်တွေက ကူးစက်ဝင်ရောက်မှုတွေကို တိုက်ဖျက်ပေးမှာ ဖြစ်ပါတယ်။

    ကာကွယ်ဆေးမှာပါတဲ့ mRAN မော်လီကျူးတွေက ခန္ဓာကိုယ်ထဲမှာ ကြာရှည်ရှိနေမှာ မဟုတ်ပါဘူး။ ကာကွယ်ဆေး ထိုးပြီးတာနဲ့ ခဏတာအတွင်းမှာ ပြိုကွဲသွားမှာပါ။ ဒါပေမယ့် ခန္ဓာကိုယ်ဆဲလ်တွေကို သိရှိစေပြီး ကိုယ်ခံအားကို လှုံ့ဆော်ပေးခဲ့မှာ ဖြစ်ပါတယ်။

    Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ

    Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ

    Omicron ကိုဗစ် ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးရင် ဘာတွေ ခံစားရနိုင်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ လက်ရှိကာလအထိ တွေ့ရှိရသမျှတော့

    • ဆေးထိုးတဲ့နေရာက နာကျင်မယ်
    • ဆေးထိုးထားတဲ့နေရာက နီရဲ ရောင်ရမ်းမယ်
    • ခြေကုန်လက်ပမ်းကျမယ်
    • ခေါင်းကိုက်မယ်
    • ကြွက်သားတွေ နာကျင်မယ်
    • အဆစ်တွေ နာကျင်မယ်
    • ချမ်းတုန်မယ်
    • ဆေးထိုးထားတဲ့လက်မောင်းမှာရှိတဲ့ ပြန်ရည်ကျိတ်တွေ ရောင်ရမ်းမယ်
    • မအီမသာဖြစ်မယ်
    • အော့အန်မယ်
    • အဖျားဝင်မယ် စတာတွေကို ခံစားရနိုင်ပါတယ်။

    ဘယ်လို သက်သာအောင် လုပ်မလဲ

    ကာကွယ်ဆေး ထိုးပြီးချိန်မှာ ခံစားရနိုင်တဲ့ လက္ခဏာတွေကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။

    • ကာကွယ်ဆေး ထိုးပြီးချိန်မှာ ပြည့်ပြည့်ဝဝ အနားယူပါ
    • ရေအပါအဝင် အရည်များများ သောက်ပါ
    • ဆေးထိုးထားတဲ့နေရာမှာ နီရဲရောင်ရမ်းတာကို သက်သာစေဖို့အတွက် ရေအေးဝတ်ကပ်ပါ
    • လက်မောင်းကို အသုံးပြုရတဲ့ လှုပ်ရှားမှုတွေ မလုပ်ပါနဲ့
    • လေ့ကျင့်ခန်း လုပ်တာမျိုး မလုပ်ပါနဲ့
    • နာကျင်ကိုက်ခဲတာ သက်သာစေဖို့  အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုး သောက်ပေးလို့ ရပါတယ်။

    ဒီလက္ခဏာတွေဟာ ခန္ဓာကိုယ်က ကာကွယ်ဆေးကို တုံ့ပြန်နေတာဖြစ်ပြီး  အများဆုံး ၂၄ နာရီသာ ကြာတာ​ကြောင့် အရမ်းမစိုးရိမ်ဖို့ ပြောပါရစေ။

    ဒီလိုခံစားရတာတွေက Bivalent vaccineမှ မဟုတ်ဘဲ ဘယ်ကိုဗစ်ကာကွယ်ဆေးကိုပဲဖြစ်ဖြစ် ထပ်ဆောင်းထိုးတဲ့အခါ ခံစားရနိုင်တာကို သိထားဖို့ လိုပါတယ်။

    သတင်းစကား

    ဒီကာကွယ်ဆေးက လက်ရှိမြန်မာနိုင်ငံမှာ ရဦးမှာ မဟုတ်ပါဘူး။ အမေရိကန်မှာတောင် အရေးပေါ် အသုံးပြုခွင့်ပဲ ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ နိုင်ငံတွင်းမှာ ရနိုင်တဲ့ ကာကွယ်ဆေးတွေကိုပဲ ထပ်ဆောင်းကာကွယ်ဆေးအနေနဲ့ ထိုးထားနိုင်ပါတယ်။ ဒါကလည်း အတိုင်းအတာ တစ်ခုအထိ  ကာကွယ်ပေးနိုင်တာဖြစ်လို့ ဘာမှမထိုးထားတာထက်စာရင် အကျိုးရှိပါတယ်။
    ထပ်ဆောင်းကာကွယ်ဆေး ထိုးတာအပြင် ကိုဗစ် ကာကွယ်ရေးနည်းလမ်းတွေ ဖြစ်တဲ့ လက်ဆေးတာ၊ မတ်ခ်တပ်တာ၊ လူစုလူဝေးရှောင်ရှားတာ၊ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာတွေကို ဆက်လက်လိုက်နာနိုင်ဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement