backup og meta

Rotavirus Infection (ရိုတာဗိုင်းရပ်စ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ကဘာလဲ။

Rota virus ဟာ ဝမ်းလျှောစေတတ်တဲ့ ရောဂါပိုးတစ်မျိုးပါ။ ကူးစက်ရောဂါထိန်းချုပ်မှု ဗဟိုဌာနအရ တကမ္ဘာလုံးမှ မွေးကင်းစနဲ့ ကလေးများအားလုံးတို့ ဝမ်းလျှောခြင်းရဲ့ အဖြစ်များဆုံး အကြောင်းအရင်းလို့ ဆိုပါတယ်။ ကာကွယ်ဆေးမပေါ်ခင်အချိန်က အမေရိကန်ပြည်ထောင်စုရှိ ကလေးများဟာ အသက်၅နှစ်အရွယ်မှာ Rota virus ကြောင့် အနည်းဆုံးတစ်ကြိမ် ဝမ်းလျှောပြီးဖြစ်နေတတ်ပါတယ်။

Rota virus ကူးစက်ခြင်းဟာ စိတ်ညစ်ညူးဖွယ်ဖြစ်ပေမယ့် အိမ်မှာပဲ ရေဓါတ်မခမ်းခြောက်စေရန် အရည်များများတိုက်ခြင်းဖြင့် ကုသနိုင်ပါတယ်။ တခါတရံ ပြင်းထန်စွာရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတက်ပြီး ဆေးပုလင်းချိတ်ဖို့ လိုနိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ခြင်းဟာ Rota virus ကူးစက်ခြင်းရဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲတစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေ သေဆုံးရခြင်းရဲ့ အဓိကအကြောင်းအရင်းလည်း ဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးခြင်းဖြင့် သင့်မွေးကင်းစကလေးကို Rota virus ကူးစက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးဖြစ်နိုင်ခြေနည်းတဲ့ ပိုကြီးသော ကလေးများနှင့် အရွယ်ရောက်ပြီးသူများမှာ လက်ကိုမကြာခဏဆေးခြင်းဟာ အကောင်းဆုံးကာကွယ်နည်းပါပဲ။

Rotavirus Infection (ရိုတာဗိုင်းရပ်စ်) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ရဲ့လက္ခဏာတွေကဘာတွေလဲ

Rota virus ကူးစက်ခြင်းဟာ ဗိုင်းရပ်စ်နဲ့ ထိတွေ့ပြီး နှစ်ပတ်အကြာမှာ စဖြစ်ပါတယ်။ အစပိုင်းမှာ ဖျားခြင်း၊ အန်ခြင်းတို့ ဖြစ်ပြီး ၃ရက်မှ ၇ရက်အတွင်းမှာ ဝမ်းလျှောပါတယ်။ ဗိုက်လည်းနာနိုင်ပါတယ်။

ကျန်းမာတဲ့လူကြီးများမှာတော့ ရောဂါလက္ခဏာ နည်းနည်းပဲပေါ်တာနဲ့ လုံးဝမပေါ်တာလည်း ဖြစ်နိုင်ပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ကလေးမှာ

  • ၂၄နာရီထက်ပိုပြီး ဝမ်းလျှောနေလျှင်
  • မကြာခဏ အန်နေလျှင်
  • ကတ္တရာစေးလိုဝမ်းမည်းမည်းသွားလျှင်၊ ဝမ်းထဲ ပြည်/သွေးပါလျှင်
  • အဖျား၁၀၄ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ထို့်ထက်များလျှင်
  • နုံးနေလျှင်၊ ဂျီကျလျှင်၊ နာကျင်နေလျှင်
  • ရေဓါတ်ခမ်းခြောက်သည့် လက္ခဏာများဖြစ်တဲ့ ပါးစပ်ခြောက်ခြင်း၊ ငိုလျှင်မျက်ရည်မထွက်ခြင်း၊ ဆီးသွားနည်းခြင်း/လုံးဝမသွားခြင်း၊ ပုံမှန်မဟုတ်ဘဲ နုန်းခွေနေခြင်း၊ တုန့်ပြန်မှုမရှီခြင်း

လူကြီးမှာရောဂါဖြစ်လျှင်

  • ၂၄နာရီအတွင်း မနားတမ်းရေသောက်နေခြင်း
  • ၂ရက်ထက်ပို ဝမ်းလျှောခြင်း
  • ဝမ်း သို့မဟုတ် အန်သည့်အထဲတွင် သွေးပါခြင်း
  • အဖျား၁၀၃ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ထို့်ထက်များလျှင်
  • ရေဓါတ်ခမ်းခြောက်သည့် လက္ခဏာများဖြစ်တဲ့ ရေအလွန်ငတ်ခြင်း၊ ပါးစပ်ခြောက်ခြင်း၊ ဆီးသွားနည်းခြင်း/လုံးဝမသွားခြင်း၊ အလွန်အားနည်းနေခြင်း၊ မတ်တပ်ရပ်လျှင်မူးခြင်း၊ မိုက်ကနဲဖြစ်ခြင်း

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ကိုဘာတွေကဖြစ်စေသလဲ

Rota virus ဟာ ရောဂါရှိသူရဲ့ ဝမ်းထဲမှာ ရောဂါလက္ခဏာ မပေါ်ခင် သုံးလေးရက်ကနေ ပျောက်ပြီး ၁၀ရက်လောက်အထိ ရှိနေနိုင်ပါတယ်။ ဒီအချိန်မှာ လူနာမှာရောဂါလက္ခဏာမရှိနေပေမယ့် လက်နဲ့ပါးစပ်ထိတွေ့ရာကနေ ဗိုင်းရပ်စ်ဟာ အလွယ်တကူ ပြန့်ပွားနိုင်ပါတယ်။

သင့်မှာ Rota virus ရှိနေပြီး အိမ်သာတက်ပြီး လက်မဆေးလျှင်၊ သင့်ကလေးမှာ Rota virus ရှိနေပြီး သင်က ကလေးအနှီးလဲပေးပြီး အိမ်သာတည်ပေးပြီး လက်မဆေးလျှင် ဗိုင်းရပ်စ်ပိုးဟာ အစားအစာ၊ အရုပ်၊ အသုံးအဆောင်များစသဖြင့် သင်နဲ့ထိမိတဲ့အရာတိုင်းကို ကပ်ငြိသွားနိုင်ပါတယ်။ အခြားလူတစ်ယောက်က သင့်ရဲ့ မဆေးရသေးတဲ့ လက်ကိုဖြစ်စေ၊ ဗိုင်းရပ်စ်ပိုးကပ်နေတဲ့ အရာတစ်ခုခုကိုဖြစ်စေ ထိကိုင်မိပြီးသူ့ပါးစပ်သူထိမိပါက ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ မျက်နှာပြင်တစ်ခုအပေါ်မှာ ထိုနေရာကို ပိုးမသတ်သရွေ့ ရက်သတ္တပါတ်နှင့်ချီပြီး အကြာကြီးရှိနေနိုင်ပါတယ်။

Rota virus အမျိုးမျိုးရှိတဲ့အတွက် သင်ကာကွယ်ဆေးထိုးထားလည်းပဲ တစ်ကြိမ်ထက်ပို ကူးစက်ခံရနိုင်ပါတယ်။ သို့ပေမယ့် ထပ်ဖြစ်တဲ့ရောဂါပိုးတွေဟာ သိပ်မပြင်းထန်တတ်ပါ။

ဖြစ်နိုင်ခြေများ

Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

ကလေးအသက် ၃လမှ ၃နှစ်အတွင်း အထူးသဖြင့် ကလေးထိန်းနေရာများမှာ Rota virus ကူးစက်ခြင်းဖြစ်ပွားနိုင်ချေများပါတယ်။ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို စောင့်ရှောက်သူများမှာလည်း အဖြစ်များပါတယ်။

အထက်ပါဖြစ်ပွားနိုင်ချေများမရှိခြင်းကြောင့် သင့်မှာ့Rota virus ကူးစက်ခြင်း မဖြစ်ဘူးလို့ ပြောလို့မရနိုင်ပါဘူး။ ဒီအချက်လက်များဟာမှီငြမ်းကြည့်ရှုဖို့အတွက်ပဲဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါရာဇဝင်မေးမြန်းခြင်းနဲ့ စမ်းသပ်ခြင်းတို့မှ သိနိုင်ပါတယ်။ အတည်ပြုရန် ဝမ်းနမူနာကို ဓါတ်ခွဲခန်းမှာ စစ်ဆေးကြည့်နိုင်ပါတယ်။

Rotavirus Infection (ရိုတာဗိုင်းရပ်စ်) ကို ဘယ်လိုကုသပါသလဲ

Rota virus ကူးစက်ခြင်းအတွက် သီးသန့် ကုသမှုမရှိပါ။ ပဋိဇီဝဆေးနှင့် ဗိုင်းရပ်စ်ပိုးသတ်ဆေးများနှင့်လည်း မကုသနိုင်ပါ။ ၃ရက်မှ ၇ရက်အတွင်း အလိုလို ပျောက်ကင်းလေ့ရှိပါတယ်။

ရေဓါတ်ခမ်းခြောက်မှုကို ကာကွယ်ဖို့ အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက်နေစဉ် ရေဓါတ်ခမ်းခြောက်ခြင်းကို ကာကွယ်ဖို့ အရည်များများသောက်ပါ။ သင့်ကလေးမှာ ဝမ်းအလွန်လျှောနေလျှင အထူးသဖြင့် ရက်အနည်းငယ်ထက် ပိုကြာအောင်ဝမ်းလျှောနေလျှင် ဆရာဝန်ထံ Pedialyte ကဲ့သို့ဓါတ်ဆားထုတ်တောင်းပါ။

ကလေးများအတွက် ဓါတ်ဆားရည်က ရေနဲ့ အခြားအရည်များထက် ကုန်ခမ်းသွားတဲ့ သတ္တုဓါတ်များကို ပိုမိုထိရောက်စွာ ဖြည့်တင်းပေးနိုင်ပါတယ်။ အပြင်းအထန် ရေဓါတ်ခမ်းခြောက်ပါက ဆေးရုံမှာ ဆေးပုလင်းချိတ်ဖို့ လိုနိင်ပါတယ်။

Rota virus ကူးစက်ခြင်းအတွက် ဝမ်းပိတ်ဆေးများ မပေးရပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက Rota virus ကူးစက်ခြင်းကို ကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် Rota virus ကူးစက်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

  • သင့်ကလေးဖျားနေလျှင် အရည်နည်းနည်းစီ တိုက်ပေးပါ။ နို့စို့အရွယ်ဖြစ်ပါက နို့်စို့ပါစေ။
  • နို့မှုန့်သောက်သော ကလေးဖြစ်ပါက ဓါတ်ဆားရည် သို့မဟုတ် သောက်နေကျနို့မှုန့်အချိုးအဆအတိုင်း တိုက်ပါ။ ဖျော်နေကျနို့မှုန့်ကို ရေပိုမရောပါနှင့်။
  • ကလေးကြီး နေမကောင်းဖြစ်ပါက အနားယူပါစေ။ ပေါင်မုန့်၊ ကရက်ကာဘီစကစ်ကဲ့သို့ အစာပျော့များကျွေးပါ။
  • ဓါတ်ဆားအပါအဝင် အရည်များများတိုက်ဖို့ အရေးကြီးသည်။ ပန်းသီးဖျော်ရည်။ နို့ထွက်ပစ္စည်းများ၊ သကြားများသောအစာများက ဝမ်းလျှောခြင်းကို ပိုဆိုးစေသဖြင့် ရှောင်ပါ။
  • ဝမ်းလျှောနေ/အန်နေပါက စိတ်ကိုတင်းမထားပါနှင့်။ ရေခဲတုံးငုံခြင်း၊ ရေနည်းနည်းချင်းစီသောက်ခြင်း၊ အကြည်ရောင် ဆိုဒါရည်၊ ဂျင်းဖျော်ရည်၊ စွတ်ပြုတ်ရည်သောက်ခြင်းတို့ ပြုလုပ်နိုင်သည်။ အစာပျော့ပျော့စားပါ။
  • ဗိုက်နာစေမယ့် နို့ထွက်ပစ္စည်းများ၊ အဆီများသော အစာများ၊ အရသာကဲသော အစာများ၊ ကဖင်း၊ အရက် ၊ ဆေးလိပ်တို့ကို ရှောင်ပါ။

ရောဂါပိုးပြန့်နှံ့ခြင်းကို လျှော့ချဖို့ လက်ကိုသေချာစွာ မကြာခဏဆေးပါ အထူးသဖြင့် အိမ်သာတက်ပြီး၊ ကလေးအနှီးလဲပြီး၊ ကလေးကို အိမ်သာတည်ပြီး။ သို့သော် လက်သေချာဆေးခြင်းက လုံးလုံးလျားလျားတော့ အာမခံမပေးနိုင်ပါ။

Rota virus အတွက် ကာကွယ်ဆေး၂မျိုးရှိပါတယ်။

  • RotaTeq အသက်၂လ ၄လ ၆လ တို့မှာ ပါးစပ်ကတိုက်ကျွေးရပါတယ်။ ကလေးကြီးများနဲ့ လူကြီးများအတွက် မဟုတ်ပါ။ ဖြစ်ခဲပေမယ့် အသက်အန္တရာယ်ရှိတဲ့ အူစွပ်ခြင်းကို ဒီဆေးထိုးပြီး တွေ့ရပေမယ့် FDA နဲ့ CDCက ဆေးမထိုးတဲ့ ကလေးတွေမှာ ဖြစ်နှုန်းနဲ့ ဆေးထိုးထားတဲ့ကလေးတွေမှာ ဖြစ်နှုန်း အတူတူဆိုတာ တွေ့ရှိခဲ့ပါတယ်။ အလားတူ Rota virus ကာကွယ်ဆေး Rotasheild ကိုလည်း အူစွပ်ခြင်းနဲ့ စပ်ဆက်နေတယ်ဆိုပြီး ၁၉၉၉မှာ ဈေးကွက်ကထုတ်ပယ်ခဲ့ပါတယ်။ တကယ်လို့ ကာကွယ်ဆေးထိုးပြီး သင့်ကလေးမှာ ဗိုက်နာခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းသွားတဲ့အလေ့အကျင့် ပြောင်းလဲခြင်းတို့ဖြစ်ပါက ဆရာဝန်နှင့် ပြပါ။
  • Rotarix, ကလေးအသက် ၂လ နဲ့ ၄လမှာ ၂ကြိမ်သာတိုက်ကျွေးရန်လိုတဲ့ ကာကွယ်ဆေးရည်ဖြစ်ပါတယ်။ စမ်းသပ်မှုများအရ အူစွပ်မှုနှုန်း မမြင့်မားစေကြောင်း သိရပါတယ်။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:
1. Rotavirus. http://www.mayoclinic.org/diseases-conditions/rotavirus/manage/ptc-20186961. Accessed 13 Feb 2017
2. Rotavirus Infection. http://www.medicinenet.com/rotavirus/article.htm. Accessed 13 Feb 2017
3. Rotavirus Infections. https://medlineplus.gov/rotavirusinfections.html. Accessed 13 Feb 2017

ယခုပုံစံ

24/08/2022

Dr. May Myat Hnin Aung မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်မျိုးစိတ်သစ် EG.5.1 အကြောင်း ဘာတွေသိထားဖို့ လိုမလဲ!

ကွာစေ့ကောင် တွေက ကျန်းမာရေးကို ထိခိုက်စေသလား



Dr. May Myat Hnin Aung မှ ရေးသားသည်။ · 24/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement