backup og meta

ဆေးလိပ်ငွေ့တွေကနေ ကိုဗစ်ကူးနိုင်သလား။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ငွေ့တွေကနေ ကိုဗစ်ကူးနိုင်သလား။

    ကိုဗစ်ရဲ့ ကူးစက်ပုံက နှာချေ၊ ချောင်းဆိုးရာက ထွက်တဲ့ အမှုန်အမွှားတွေကို ကိုင်တွယ်မိပြီး မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်တို့ကို ပွတ်သပ်မိရင် ဒါမှမဟုတ် ဒီအမှုန်အမွှားတွေကို အနီးအနားက လူတွေက ရှူမိရင်လို့ သိထားပါတယ်။ ဒီအမှုန်အမွှားတွေကို ရှူမိဖို့ဆိုတာက ရောဂါရှိတဲ့သူက အနီးအနားမှာ အကာအကွယ်မဲ့ ချောင်းလာဆိုးတာ၊ နှာလာချေတာ အပြင် ခပ်ကျယ်ကျယ် အားနဲ့ အော်တာ၊ သမ်းတာ၊ သီချင်းဆိုတာ စတာတွေပါ ပါဝင်ပါတယ်။

    ဆိုလိုတာက အသက်ရှူလမ်းကြောင်းက အမှုန်အမွှားတွေကို အားပြင်းပြင်းနဲ့ အပြင်ကို ရှိုက်ထုတ်တဲ့ အပြုအမူတွေ အားလုံးပါဝင်ပါတယ်။ ဒီတော့ ဆေးလိပ်သောက်တာ၊ vape သောက်တာဆိုတာကလည်း ဒီလို အပြုအမူမျိုးနဲ့ ခပ်ဆင်ဆင်ပဲ မလား။ အားနဲ့ရှိုက်သောက်ပြီး အားနဲ့ ရှိုက်ထုတ်တာဆိုတော့ အနီးအနားက လူတွေကို ကူးနိုင်မလားလို့ မေးစရာ ရှိပါတယ်။

    ဆေးလိပ်ငွေ့ တွေက ကိုဗစ်ကူးနိုင်သလား။

    အဖြေကတော့ ဖြစ်နိုင်ခြေ ရှိတယ်ဆိုတာပါပဲ။ ဒါပေမယ့် ဘယ်လောက်ထိကူးသွားနိုင်လဲဆိုတဲ့ အသေးစိတ်ကိုတော့ လေ့လာမှုတွေ မလုပ်ရသေးပါဘူး။ ခုနကလို ယေဘုယျစဉ်းစားကြည့်ရင်တော့ ကူးနိုင်ခြေ ရှိတယ်လို့ပြောရမှာပါ။

    ပိုဆိုးတာက အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ်တာ၊ သမ်းတာ၊ နှာချေ၊ ချောင်းဆိုးတာက နှာခေါင်းစည်းနဲ့ အုပ်ထားရင် ကူးနိုင်ခြေ လျှော့သွားပေမယ့် ဆေးလိပ်ကတော့ နှာခေါင်းစည်း အုပ်ပြီး သောက်တာ မဟုတ်တဲ့အတွက် ကူးမယ်ဆို ကူးနိုင်ခြေ ပိုများမှာပါ။ နောက်ပြီး အားပြင်းပြင်းနဲ့ မှုတ်ထုတ်လေလေ အမှုန်အမွှားတွေက ဝေးဝေးကို ရောက်လေလေ ကူးနိုင်ခြေ များလေလေပါပဲ။

    ဒါဆို ဘယ်လိုကာကွယ်ကြမလဲ။

    • ကိုဗစ်ကာလမှာ အကောင်းဆုံးကတော့ ဆေးလိပ်သောက်တတ်သူတွေ ဆေးလိပ်ဖြတ်ဖို့ ဒါမှမဟုတ် ဆေးလိပ်လျှော့သောက်တာ အကောင်းဆုံးပါပဲ။ ဆေးလိပ်ငွေ့က ကူးသည်ဖြစ်စေ၊ မကူးသည်ဖြစ်စေ ဒီတိုင်းဆိုရင်တောင် ဆေးလိပ်သောက်သူတွေရဲ့ အဆုတ်က အားနည်းနေတာကြောင့် ရောဂါပိုးဒဏ်ကို ခံနိုင်ရည် မရှိပါဘူး။ ပိုးဝင်လွယ်တဲ့အပြင် နောက်ဆက်တွဲဆိုးကျိုးတွေကို သူများတွေထက် ပိုခံစားရမှာပါ။
    • တဆင့်ခံဆေးလိပ်ငွေ့ ရှူနေရသူတွေလည်း ဒီတိုင်းပါပဲ။ ကိုဗစ်မပါတဲ့ ဆေးလိပ်ငွေ့သက်သက်ကတောင် လူကို ဒုက္ခပေးနိုင်တာ၊ ဆေးလိပ်ငွေ့ထဲမှာ ကိုဗစ်ပါလာရင်တော့ ဘယ်လိုမှ မစားသာပါဘူး။
    • ဒါကြောင့် ဆေးလိပ်သောက်သူတွေအနေနဲ့ ဖြတ်နိုင်ရင်ဖြတ်၊ မဖြတ်နိုင်သေးရင် လျှော့သောက်ပါ။
    • လျှော့သောက်စဉ် ကာလအတွင်းမှာလည်း တတ်နိုင်ရင် လူအများစုတဲ့နေရာ (ဥပမာ စျေး၊ ကားဂိတ်လို နေရာ)မှာ ဆေးလိပ်မသောက်ပါနဲ့။ တစ်ယောက်တည်း သီးသန့်သောက်လို့ရတဲ့ နေရာမှာ သွားသောက်ပါ။
    • ကိုယ့်အနားမှာ တစ်ယောက်ယောက်လာသောက်ရင် ဝေးဝေးရှောင်ပါ။ ကိုယ်က နှာခေါင်းစည်းတပ်ထားရင်တောင် သူက နှာခေါင်းစည်း တပ်မထားတဲ့အတွက် ကူးနိုင်ခြေ ရှိပါသေးတယ်။ ဒါကြောင့် ကိုယ့်ဘက်ကစ ဝေးဝေး ရှောင်တာ အကောင်းဆုံးပါပဲ။
    • အနံ့ရနေသ၍ အငွေ့တွေကို ကိုယ်ရှူမိနေတာပါ။ ဒါကြောင့် အနံ့ မရတော့တဲ့ အကွာအဝေးအထိ ရှောင်ပါ။
    • ဆေးလိပ်ငွေ့လို့ ပြောပေမယ့်  vapeကလည်း အလားတူ အန္တရာယ်ရှိနေတာမို့လို့ ဒါကိုပါ လတ်တလောမှာ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။

    ဆေးလိပ်ငွေ့က ကူးနိုင်လားဆိုရင် ဖြစ်နိုင်ခြေ ရှိတယ်လို့ ပြောပါရစေ။ လေ့လာချက်တွေ ခိုင်ခိုင်မာမာ မရှိသေးပေမယ့် သတိထားပြီး ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။ ဆေးလိပ်ငွေ့ချည်းသက်သက်ကလည်း ကောင်းကျိုးမှ မရှိတာ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဆေးလိပ်သောက်သူတွေနဲ့ ဝေးဝေးနေပါ။ နှာခေါင်းစည်းတပ်ပါလို့ အကြံပြုချင်ပါတယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement