backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သင်္ဘောရွက် အကြောင်း တစေ့တစောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 17/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင်္ဘောရွက် အကြောင်း တစေ့တစောင်း

သဘာဝတရားကြီးက သက်ရှိတွေကို အကောင်းဆုံးတွေပဲ ပေးထားတာပါ။ သဘာဝမှာ အလေ့ကျလိုပေါက်လာတဲ့ အပင်တွေကလည်း ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အကောင်းဆုံးအထောက်အပံ့ပေးနေပါတယ်။ ဒီတစ်ခေါက်တော့ ကျန်းမာရေအတွက် အထောက်အပံ့ပေးတယ်ဆိုတဲ့ သင်္ဘောရွက် အကြောင်းလေး ပြောပြပေးချင်ပါတယ်။

သင်္ဘောရွက် ဆိုတာ

ထွေထွေထူးထူးပြောနေစရာမလိုအောင် မြင်ဖူးကြမှာပါ။ သင်္ဘောပင်ရဲ့ ခပ်ဖားဖား စိမ်းစိမ်းအရွက်တွေပါ။ အာရှတိုက်ဒေသ တော်တော်များများနဲ့ အမေရိကတိုက်တို့မှာ တွေ့ရနိုင်ပါတယ်။ သင်္ဘောပင်က အသီးကို စားလို့ရသလို အရွက်နုနုလေးတွေကိုလည်း သုပ်စားတာဖြစ်ဖြစ်၊ လက်ဖက်နဲ့စားတာဖြစ်ဖြစ် စားလို့ရပါတယ်။

သင်္ဘောရွက်မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝပါတယ်။ဆေးဖက်ဝင်သလို ဟင်းလျာတစ်ခုအဖြစ်နဲ့တောင် စားသုံးလို့ရတဲ့ အရွက်တစ်မျိုးပါ။ သင်္ဘောရွက်မှာ ပါပါအင်ဆိုတဲ့ဓာတ်နဲ့ အခြားသော အကျိုးပြုအင်ဇိုင်းတွေပါဝင်နေပါတယ်။

သင်္ဘောရွက် အကြောင်း တစေ့တစောင်း

အာဟာရဓာတ်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝတဲ့ သင်္ဘောရွက်က အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ သင်္ဘောရွက်မှာ ပါတဲ့ ပါပါအင်ဆိုတဲ့ ဓာတ်က အဆီတွေ၊ ကာဗိုဟိုက်ဒရိတ်တွေ၊ ပရိုတင်းတွေကို ဖြိုခွဲပေးပြီး အဆီပိုတွေကို ဖယ်ရှားပေးသလို အစာခြေစနစ်ကို ကျန်းမာအောင် ထောက်ပံ့ပေးပါတယ်။ ပါတိန်းလို့ခေါ်တဲ့ ဓာတုပစ္စည်းတစ်မျိုးက ကပ်ပါးပိုးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

သင်္ဘောရွက်က ကျန်းမာရေး အကျိုးကျေးဇူးအနေနဲ့

  • အစာကြေစေနိုင်တယ်
  • သင်္ဘောရွက်မှာ chymopapain၊ papain၊ protease နဲ့ amylase တို့လိုမျိုး အင်ဇိုင်းတွေပါဝင်တာကြောင့် အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ အစာအိမ်အနာရှိသူတွေအတွက်လည်း သင့်တော်ပါတယ်။ နာကျင်ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တာကြောင့် အစာအိမ်နဲ့ အူမကြီးရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။

    • ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

    သင်္ဘောရွက်မှာပါတဲ့ acetogenin လို့ခေါ်တဲ့ ဒြပ်ပေါင်းက အဆုတ်၊ ပန်ကရိယ နဲ့ ရင်သားကင်ဆာဖြစ်နိုင်ခြေတို့ကို လျော့ကျစေနိုင်ပါတယ်။ ကင်ဆာဖြစ်နေသူတွေအတွက်လည်း အထောက်အကူပြုပေးနိုင်ပါတယ်။

    • အသည်းကျန်းမာစေနိုင်ပါတယ်

    အသည်းကို သန့်စင်ပေးခြင်းက အသည်းထိခိုက်နိုင်ခြေကို သိသိသာသာလျော့ကျစေနိုင်ပါတယ်။ အသည်းသန့်စင်ပေးနိုင်တဲ့ သဘာဝပစ္စည်းအများအပြားထဲမှာ သင်္ဘောရွက်ကလည်း တစ်ခု အပါအဝင်ပါ။ ဒါကြောင့် အသည်းကျန်းမာပြီး အသည်းရောဂါကင်းစေဖို့အတွက် သဘာဝဆေးဖက်ဝင်စားစရာတစ်ခုဖြစ်တဲ့ သင်္ဘောရွက်ကို စားပေးလို့ရပါတယ်။

    • ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်တယ်

    ရာသီလာစဉ် နာကျင်ကိုက်ခဲမှုက ပျိုမေလေးတို့ကို တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။ ဒီပြဿနာကို ကင်းစေဖို့က ဟော်မုန်းတွေကို ထိန်းညှိနိုင်ဖို့လိုပါမယ်။ ကိုယ်တွင်းဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး ရာသီလာစဉ် နာကျင်ကိုက်ခဲမှု သက်သာစေဖို့ဆိုရင်တော့ သင်္ဘောရွက်လေးက အသုံးတည့်မှာ အသေအချာပါ။

    • နှင်းခူသက်သာစေနိုင်တယ်

    အရေပြားပြဿနာ တစ်ခုဖြစ်တဲ့ နှင်းခူသက်သာစေနိုင်ဖို့အတွက် သင်္ဘောရွက်ကို အသုံးပြုပေးလို့ရပါတယ်။ နှင်းခူဖြစ်နေတဲ့ နေရာပေါ်ကို ဆေးကြောသန့်စင်ထားတဲ့ သင်္ဘောရွက်ကို ကြိတ်ခြေပြီး အရည်ဆွတ်လို့ ကပ်ပေးမယ်ဆိုရင် နာကျင်ရောင်ရမ်းမှုကို သက်သာစေမှာပါ။

    • ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတယ်

    အစာခြေစနစ်မှာ အကျိုးမပြုဘက်တီးရီးယားတွေ များနေတာက ခန္ဓာကိုယ်ကျန်းမာမှုကို တော်တော်လေး ထိခိုက်စေနိုင်တာပါ။ သင်္ဘောရွက်မှာ ပါတဲ့ဒြပ်ပေါင်းတွေက ကိုယ်တွင်းက အကျိုးပြုဘက်တီးရီးယားတွေရော၊ အကျိုးမပြုဘက်တီးရီးယားတွေကိုပါ ဟန်ချက်ညီမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ အူတွင်းအကျိုးပြုဘက်တီးရီးယားအရေအတွက် တိုးပွားစေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။

    • ဆံသားကျန်းမာစေနိုင်တယ်

    သင်္ဘောရွက်မှာ ပါတဲ့ ဓာတ်တွေက ဦးရေပြားကို အာဟာရဖြည့်ပေးပြီး ဆံသားကို ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး ဗောက်မထအောင် ကာကွယ်ပေးပါတယ်။

    • အသားအရေကျန်းမာစိုပြေစေတယ်

    ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝမှုကြောင့် အသားအရေကို ထိခိုက်ပျက်စီးမှုလျှော့ချပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ အရေပြားမှာ ဆဲလ်သစ်တွေကိုဖြစ်ပေါ်စေနိုင်တယ်။ အရွယ်တင်နုပျိုစေနိုင်တဲ့ အာနိသင်ရှိပါတယ်။

  • အားအင်ပြည့်ဖြိုးစေတယ်
  • ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်ပေးပြီး အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ သွေးစီးဆင်းမှု ကောင်းမွန်စေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်နေစေအာင် လုပ်ဆောင်ပေးနိုင်ပါတယ်။

    ဘာတွေ သတိထားရမလဲ

    ဆေးဖက်ဝင်တာ မှန်ပေမယ့် အများကြီး အသုံးပြုတာ၊ အလွန်အကျွံ အသုံးပြုတာမျိုး မလုပ်မိဖို့ လိုပါမယ်။ အများကြီးစားရင် ကျန်းမာရေး ထိခိုက်စေနိုင်တာကြောင့်ပါ။

    ဘယ်သူတွေ အသုံးမပြုသင့်ဘူးလဲ

    သင်္ဘောရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပါ။ လိုအပ်သလောက်ပဲ သုံးဖို့ပြောပါရစေ။ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ ရောဂါအခံတစ်ခုခုရှိသူတွေ အနေနဲ့ ကတော့ မသုံးသင့်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အသုံးပြုသင့်ပါတယ်။ ရောဂါအခံ ရှိသူတွေ၊ ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်အတွက် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်။

    သတင်းစကား

    သင်္ဘောရွက်က ဆေးဖက်ဝင်တယ်ဆိုပေမယ့် ကောင်းကျိုးဆိုးကျိုး သေချာသိရဖို့ လေ့လာစမ်းသပ်မှုတွေ လိုပါသေးတယ်။ ဘယ်အရာမဆို တန်ဆေး လွန်ဘေးဖြစ်တဲ့အတွက် သတိထား အသုံးပြုတာ အကောင်းဆုံးပါ။ အထူးသဖြင့် ရောဂါဝေဒနာတတစ်ခုခု ခံစားရတဲ့အခါ သင်္ဘောရွက်ကိုပဲ အားမကိုးဘဲ တတ်ကျွမ်းနားလည်သူတွေနဲ့ သေချာကုသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 17/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement