backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုလက်စထရောကျစေမည့် ဆေးဖက်ဝင်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုလက်စထရောကျစေမည့် ဆေးဖက်ဝင်များ

လူသားတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အပင်တွေနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေကို အစားအစာချက်ပြုတ်ရာမှာသာမက ဆေးဖြစ်ဝါးဖြစ် ပုံစံနဲ့လည်း အသုံးပြုခဲ့ကြပါတယ်။ အဆိုပါဆေးဖက်ဝင်တွေဟာ သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပြီး ကျန်းမာရေးကိုကောင်းမွန်စေတယ်လို့ လူအများက လက်ခံယုံကြည်ထားကြပါတယ်။ ဒီယူဆချက်မှန်မှန်ဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ လေ့လာဖတ်ရှူနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက သွေးတွင်းကိုလက်စထရောပမာဏကို ရာခိုင်နှုန်းအတိုင်းအတာတစ်ခုအထိ လျော့ချပေးနိုင်ကြောင်း လေ့လာစမ်းသပ်မှုအချို့က သက်သေပြခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်ဟာ ကြာရှည်မခံတဲ့အတွက် ကြက်သွန်ဖြူကထုတ်လုပ်ထားတဲ့ ဖြည့်စွက်စာနဲ့ဆေးဝါးများ အသုံးပြုခြင်းက သင့်ကျန်းမာရေးအတွက် အားကိုးရလောက်တဲ့ အထောက်အကူ ရစေမှာမဟုတ်ပါဘူး။ ပိုဆိုးတဲ့အချက်ကတော့ ကြက်သွန်ဖြူကို အချို့သောကျန်းမာရေးအခြေအနေရှိသူတွေ စားသုံးမိရင် မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုတေသနတွေမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဥပမာ ကြက်သွန်ဖြူက သွေးခဲခြင်းကို တားဆီးပိတ်ပင်ပြီး သွေးယိုခြင်းကို ပိုဆိုးစေတဲ့အတွက် ခွဲစိတ်ကုသမှုခံယူရမယ့် လူနာတွေ၊ Coumadin ကဲ့သို့ သွေးကျဲဆေးသောက်နေရတဲ့လူနာတွေ မစားသုံးသင့်ပါဘူး။

Astragalus

တရုတ်ရိုးရာ တိုင်းရင်းဆေးပညာမှာ astragalus ကို ကိုယ်ခံအားကောင်းစေဖို့ အဓိကအသုံးပြုတာ ဖြစ်ပါတယ်။ Astragalus ဟာ ဘက်တီးရီးယားပိုးမွှားတွေကို တိုက်ခိုက်နိုင်ပြီး ရောင်ရမ်းခြင်းကို သက်သာစေတယ်လို့ လူအများက ယုံကြည်ထားကြပြီး ခန္ဓါကိုယ်ကို ဖိစီးမှုဒဏ်အမျိုးမျိုးကနေ ကာကွယ်ပေးတယ်လို့လည်း ယူဆထားကြပါတယ်။ ဒါ့အပြင် ၎င်းက နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးပြုနိုင်ကြာင်း လေ့လာစမ်းသပ်မှုတစ်ချို့မှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီအချက်တွေအားလုံးကို လူသားနဲ့စမ်းသပ်ပြီး သိပ္ပံနည်းကျသက်သေပြနိုင်ဖို့ အလှမ်းဝေးလျက်ရှိနေပါသေးတယ်။ Astragalus ရဲ့ ကိုလက်စထရောပမာဏနဲ့ နှလုံးကျန်းမာရေးအပေါ် သက်ရောက်မှုကို အခိုင်အမာကောင်ချက်ဆွဲနိုင်ဖို့ နောက်ထပ်သုတေသနပေါင်းများစွာ ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။

Guggulipid

Guggulipid ဆိုတာ mukul myrrh သစ်မွှေးပင်ကရရှိတဲ့ သစ်စေးကို ခေါ်တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က စတင်အခြေတည်ခဲ့တဲ့ Ayurvedic တိုင်းရင်းဆေးပညာအရ ၎င်းသစ်စေးကို ရည်ရွယ်ချက်များစွာအတွက် အသုံးပြုခဲ့ကြောင်း သိရှိရပါတယ်။ အိန္ဒိယဆေးပညာဆိုင်ရာ လေ့လာစမ်းသပ်မှုတွေက ၎င်းသစ်စေးဟာ သွေးတွင်းစုပေါင်းကိုလက်စထရောနဲ့ မကောင်းတဲ့ LDL ကိုလက်စထရောပမာဏကို ထိထိရောက်ရောက် လျော့ချပေးနိုင်ကြောင်း သက်သေပြခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဆိုပါလေ့လာမှုတွေဟာ ရှိသင့်ရှိထိုက်တဲ့ စံသတ်မှတ်ချက်တွေနဲ့ မပြည့်စုံတဲ့အတွက် သိပ္ပံနည်းကျခိုင်မာမှန်ကန်တယ်လို့ သတ်မှတ်ခြင်း မခံခဲ့ရပါဘူး။ အမေရိကန်ပြည်ထောင်စုမှာ guggulipid ရဲ့ သွေးတွင်းကိုလက်စထရောချပေးနိုင်တဲ့ အာနိသင်ကို စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့တဲ့အခါမှတော့ အကျိုးသက်ရောက်မှုမရှိတာကို တွေ့ရှိခဲ့ရတဲ့အတွက် guggulipid အပေါ် စိတ်ဝင်စားအာရုံစိုက်မှုတွေလည်း တဟုန်ထိုးလျော့နည်းကျဆင်းသွားခဲ့ပါတယ်။ စနစ်တကျ သုတေသနပြု စမ်းသပ်ထားခြင်းမရှိသရွေ့ guggulipid အသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိ၊ အသုံးပြုရင်လည်း ထိရောက်မှုရှိမရှိဆိုတာ အခိုင်အလုံပြောဆိုနိုင်ဖို့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။

ကိုလက်စထရောကျဆင်းစေဖို့ သဘာဝကုထုံးတွေကို တကယ်ပဲအသုံးပြုသင့်သလား

သဘာဝအပင်တွေနဲ့ ဟင်းခပ်အမွှေးအကြိုင်တွေမှာ သူ့ကောင်းကျိုးအားသာချက်နဲ့သူ ရှိပါတယ်။ အထူးသဖြင့် ဒီအရာတွေကို ဆရာဝန်ဆီက ဆေးစာမပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ အချို့သော သဘာဝဆေးဖက်ဝင်တွေက သင့်ရဲ့ အဓိကကုသမှုအစီအစဉ်ကို တစ်ဖက်တစ်လမ်းက အထောက်အကူပေးနိုင်ပါတယ်။ ဒါပေမယ့် သဘာဝဆေးဖက်ဝင်တွေမှာ ကောင်းကျိုးနည်းတူ ဆိုးကျိုးတွေလည်း ရှိနေနိုင်တယ်ဆိုတာကိုတော့ အမြဲသတိပြုသင့်ပါတယ်။ ကိုလက်စထရောကျဆင်းစေဖို့ သဘာဝကုထုံးကိုချည်းပဲ သီးသန့်အားကိုးနိုင်ကြောင်း လက်တွေ့သက်သေပြထားတဲ့ သိပ္ပံနည်းကျ လေ့လာစမ်းသပ်ချက် တစ်ခုမှမရှိသေးတဲ့အလျောက် ဒီဆေးဖက်ဝင်တွေကိုပဲ လုံးလုံးလျားလျား အသုံးပြုမနေဖို့ အကြံပြုလိုပါတယ်။ ွှနောက်တစ်ချက်က ဆေးပင်နဲ့ဟင်းခပ်အမွှေးအကြိုင်အများစုဟာ မိမိကျန်းမာရေးအခြေအနေနဲ့ ကိုက်ညီအောင် စနစ်တကျထိန်းညှိဖော်စပ်ထုတ်လုပ်ထားတာ မဟုတ်တဲ့အတွက် မခန့်မှန်းနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်သဘာဝဆေးဖက်ဝင်ကိုမဆို အသုံးပြုဖို့ စိတ်ချရခြင်းရှိမရှိ သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ အသုံးပြုသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 13/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement