brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အကြောပြင် ခြင်း (Chiropractic Adjustment)

London Sweeties ရုပ်ရှင် ကြည့်ဖူးတဲ့ သူတွေဆို သိမှာပါ။ မင်းသမီးရဲ့ အစ်မက သူ့ကောင်လေးကို အကြောပြင်ပေးတာက စတွေ့တာလေ။ ဟုတ်ပါတယ်။ ဒါကို Chiropractic Adjustment လို့ ခေါ်ပါတယ်။ မြန်မာလိုတော့ အလွယ် အကြောပြင်တယ်ပေါ့။ တစ်ခေါက်လုပ်လိုက်တိုင်း ဂျွတ်ဂျွတ် ဂျွတ်ဂျွတ် မြည်သံကြီးက ဘေးက လူအတွက်တော့ ကျောချမ်းစရာပါ။ ဒါက တကယ်ရော သက်သာလို့လား။ ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲ။ မတော် အရိုးကျိုးသွားမှဖြင့်လို့ စိုးရိမ်နေတယ် ဆိုရင် အောက်က ဆောင်းပါးကို ဆက်ဖတ်ကြည့်လိုက်ပါ။

အကြောပြင် ခြင်း (Chiropractic Adjustment)

အကြောပြင် တယ်ဆိုတာ ဘာလဲ။

အကြောပြင် တယ်ဆိုတာ ဆေးကု သလိုပါပဲ။ သေချာလေ့ကျင့်ထားပြီး အကြောပြင်ဘွဲ့ရထားတဲ့ လိုင်စင်ကိုင်ထားသူတွေပဲ လုပ်ပေးနိုင်တာပါ။ ကျောရိုးဆစ်ကို လက်နဲ့ ဖြစ်ဖြစ် ကိရိယာနဲ့ ဖြစ်ဖြစ် ထိန်းကိုင်ပြီး ဆတ်ခနဲ ပြင်ပေးတာပါ။ ဒါကြောင့် အသံတွေ ထွက်လာတာပေါ့။ ဒါက ကျောရိုးနဲ့ တခြားအရိုးအဆစ်တွေ အလုပ်ပြန်လုပ်နိုင်အောင် ပြင်ပေးတာပါ။ ကြွက်သားတွေ၊ အရိုးအဆစ်တွေ နာကျင်မှု သက်သာအောင်လည်း လုပ်ပေးနိုင်ပါတယ်။

ဘယ်သူတွေ အကြောပြင် ကြတာလဲ။

အများအားဖြင့်တော့ ခါးနာတဲ့ သူတွေ၊ ဇက်ကြောတက်တဲ့ သူတွေ၊ ခေါင်းကိုက်တဲ့ သူတွေ ပြင်ကြတာ များပါတယ်။

အကြောပြင်ရင် ဘာတွေ သတိထားရမလဲ။

သေချာတတ်ကျွမ်းပြီး လိုင်စင်ကိုင်ထားတဲ့ သူဆီမှာဆိုရင် အန္တရာယ်နည်းပါတယ်။ တစ်ခုခုထိခိုက်သွားတယ်ဆိုတာ ရှားပါတယ်။ ဒါပေမယ့် တွေ့ရတတ်တာတွေကတော့

  • ကျောရိုးဆစ်ပြားကျွံတာ ဒါမှမဟုတ် နဂိုကျွံပြီးသားက ပိုဆိုးသွားတာ
  • ကျောရိုးအဆုံးနားက အာရုံကြောတွေ ပိကုန်တာ
  • ရှားရှားပါးပါး ဇက်ကြောနှိပ်ပြီးကာမှ သွေးကြောပြဲသွားလို့ လေဖြတ်တာ စတာတွေ ဖြစ်နိုင်ပါတယ်။

ဘယ်လိုလူတွေ အကြောမပြင်သင့်ဘူးလဲ။

  • အရိုးပါး အရိုးပွတဲ့သူတွေ
  • ခြေလက် ထုံတာ၊ ကျဥ်တာ၊ အားပျော့တဲ့သူတွေ
  • ကျောရိုးမှာ ကင်ဆာကြိတ်ရှိတဲ့ သူတွေ
  • လေဖြတ်နိုင်ချေရှိတဲ့သူတွေ
  • ဇက်မှာ အရိုးပြဿနာရှိတဲ့သူတွေ

ဘာတွေ ပြင်ဆင်သွားရမလဲ။

အကြောပြင်ဖို့ ထူးထူးခြားခြား ပြင်သွားစရာတော့ မရှိပါဘူး။ အကြောပြင်တာက ခဏခဏ သွားလုပ်ရပါတယ်။ ဒါပေမယ့် ကောင်းတာက ၁၀ခေါက် သွားရမယ်ဆိုရင် ၆ခေါက်လောက်နဲ့ သက်သာသွားကြပါတယ်။

စစချင်းမှာတော့ ဆေးကုသလိုမျိုးပဲ ရောဂါရာဇဝင်မေးတာ၊ စမ်းသပ်တာတွေ၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပါတယ်။ ပြီးသွားရင်တော့ ကုရမယ့်နေရာကို လက်နဲ့ ဖြစ်ဖြစ် ကိရိယာနဲ့ ဖြစ်ဖြစ် အကြောပြင်ပါတယ်။ အကြောပြင်ပြီးရင်တော့ ခေါင်းကိုက်တာ၊ အားမရှိသလို ဖြစ်တာ၊ အကြောပြင်တဲ့ နေရာက နာတာမျိုး ဖြစ်တတ်ပါတယ်။

အကြောပြင်တာက လူတိုင်းအတွက် အလုပ်ဖြစ်ပါ့မလား။

အကြောပြင်ခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကြွက်သားတွေ နာကျင်တာသက်သာဖို့၊ ခါးနာတာ၊ ဇက်ကြောတက်တာ သက်သာဖို့ လုပ်ကြတာပါ။ ဒါပေမယ့် လူတိုင်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ တချို့က သက်သာပြီး ကိုယ့်အလှည့်ကျမှ မသက်သာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခေါက်ခေါက် အခါခါ အကြောပြင်ပြီးတာတောင်မှ ခံစားရတဲ့ ဝေဒနာ မသက်သာရင် သင်နဲ့ မကိုက်လို့ဘဲ ယူဆပြီး တခြားနည်း သုံးကြည့်ပါ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Sayarwon Panel
Hello Sayarwon Panel
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။