နှလုံးရောဂါက ကမ္ဘာမှာ အဖြစ်များဆုံး ရောဂါတစ်ခု ဖြစ်သလို သေဆုံးမှုလည်း များစေပါတယ်။ နှလုံးရောဂါနဲ့ ပတ်သက်ပြီး မှားယွင်းတဲ့ ဗဟုသုတတွေ ရှိနေတာက နှလုံးရောဂါ ဖြစ်နိုင်ခြေနဲ့ နှလုံးကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြေကို မြင့်တက်စေမှာပါ။
ခုပြောပြမယ့် အချက်တွေကတော့ နှလုံးရောဂါနဲ့ ပတ်သက်ပြီး အသိမှားနေကြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
နှလုံးရောဂါနဲ့ ပတ်သက်ပြီး မှားသိထားတဲ့ အချက်များ
- ‘ငယ်ငယ်လေးပဲ ရှိသေးတာ။ နှလုံးရောဂါအတွက် စိတ်ပူစရာ မလိုပါဘူး။’
ခုလက်ရှိ ကိုယ့်ရဲ့ စားသောက်နေထိုင်မှု ပုံစံက နောင်တချိန်မှာ နှလုံးရောဂါဖြစ်နိုင်မလား။ မဖြစ်နိုင်ဘူးလားဆိုတာကို အဆုံးအဖြတ်ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းတာတွေ၊ သွေးခဲပိတ်တာတွေက တစ်ရက်တစ်မနက်နဲ့ ဖြစ်လာတာမဟုတ်။ ခုလိုအရွယ်ထဲက သွေးကြောတွေမှာ စပြီး အနည်အနှစ်တွေ ကျလာတာက စတာပါ။
အထူးသဖြင့် ခုခေတ်လို ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်တာ၊ ဆီးချိုရောဂါဖြစ်တာ စတဲ့ အခြေအနေတွေမှာ ငယ်သေးလို့ နှလုံးရောဂါမဖြစ်ဘူးဆိုတာ မရှိတော့ပါဘူး။
- ‘သွေးတိုးရင် ခေါင်းမူးခေါင်းကိုက် ဖြစ်မှာပါ။
သွေးတိုးရောဂါကို အသံတိတ်လူသတ်သမားလို့ ကျန်းမာရေးဝန်ထမ်းတွေက နာမည်ပေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘာလက္ခဏာမှ မပြဘဲ သွေးတက်နေနိုင်လို့ပါ။ ခေါင်းမူးမှ၊ ခေါင်းကိုက်မှ သွေးတိုးလို့ ထင်မယ်။ သွေးတိုးကို ကုမယ်ဆိုလို့ကတော့ သွေးတိုးက သင့်ကို ဒုက္ခလှလှပေးသွားမှာပါ။
သွေးတိုးရှိ၊ မရှိ စစ်ဆေးရတာကလည်း ခက်ခဲတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်မောင်းပတ်လေးနဲ့ သွေးပေါင်ချိန်ရုံပါ။ ငွေကုန်ကြေးကျမများသလို နာကျင်မှုလည်း မရှိပါဘူး။ သွေးပေါင်ချိန်လို့ ပေါ်လာတဲ့ ဂဏန်းတွေကို ကြည့်ပြီး သွေးတိုးရှိမရှိ အလွယ်တကူ သိနိုင်တာပဲလေ။
ဒါကြောင့် အသက် ၄၀ကျော်လာတာနဲ့ သွေးပေါင်ပုံမှန်ချိန်ပါ။ အဝလွန်ရင်၊ သွေးတိုးမျိုးရိုးရှိရင်၊ ဆီးချိုရောဂါရှိရင် ပိုသတိထားပါ။ ခေါင်းမူးဇက်ထိုးမှ ချိန်တာမျိုးက အန္တရာယ်များပါတယ်။
- ‘ဆီးချိုဆေးတွေ သောက်နေတာပဲ။ ဆီးချိုအဖြေလည်း ကောင်းပါတယ်။ နှလုံးရောဂါကို ဂရုစိုက်စရာ မလိုပါဘူး။’
ဆီးချိုဆေးတွေ ပုံမှန်သောက်တာ၊ ဆီးချိုကို သတ်မှတ်ထားတဲ့ ပမာဏထဲမှာ ထိန်းထားတာက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် လျှော့ချပေးနိုင်ရုံပဲဖြစ်ပြီး လုံးဝမဖြစ်စေတာတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ဆီးချိုနဲ့ နှလုံးရောဂါမှာ ဖြစ်စေတဲ့ အချက်တွေ တူနေလို့ပါ။
ဥပမာ ဆေးလိပ်သောက်တာ၊ အဝလွန်တာ၊ အထိုင်များတာ ဒါတွေက ဆီးချိုရောဂါကိုပဲ ဖြစ်စေတာ မဟုတ်ပါဘူး။ နှလုံးရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိတဲ့သူတွေကို သွေးပေါင်ချိန်တာ၊ နှလုံးစစ်ဆေးတာတွေ လုပ်ရတာပါ။
- ‘နှလုံးရောဂါဆိုတာ မျိုးရိုးလိုက်တတ်တယ်။ မျိုးရိုးရှိပြီးသားဆိုတော့ အနေအထိုင်ဆင်ခြင်၊ အစားတွေရှောင်လည်း ထူးမှာ မဟုတ်ပါဘူး။’
မိသားစုထဲမှာ နှလုံးရောဂါ မျိုးရိုးရှိရင် ကိုယ့်မှာလည်း ဖြစ်နိုင်ခြေ များနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်ကို ဖြစ်လာမယ်လို့ တထစ်ချပြောလို့မရပါဘူး။ အနေအထိုင်နဲ့ အစားအသောက်တွေ ဆင်ခြင်ရင် ဖြစ်မလာအောင် ကာကွယ်လို့ရပါတယ်။
ဥပမာ ကိုယ့်ရဲ့ မိဘတွေမှာ သွေးတိုးရောဂါ ရှိနေတာလား။ ကိုယ့်မှာ ဖြစ်မလာချင်ဘူးဆိုရင် လှုပ်လှုပ်ရှားရှားနေပါ။ အာဟာရပြည့်အောင်စား၊ အငန်နဲ့ အဆီတွေလျှော့စား။ အဝမလွန်စေနဲ့။ ဆေးလိပ်မသောက်နဲ့။ ဒါတွေကို လူငယ်ဘဝတည်းက လိုက်နာရင် အသက်ကြီးလာတဲ့အခါ ဖြစ်နိုင်ခြေ တော်တော်နည်းသွားပါပြီ။
- ‘အဆီကျဆေးတွေ သောက်နေတာ။ အဆီလျှော့စားဖို့ မလိုပေါင်။’
နှလုံးရောဂါလူနာတို့၊ သွေးတိုးလူနာတို့ သောက်ရတဲ့ အဆီကျဆေးဆိုတာ သွေးတွင်းကိုလက်စထရောကျစေတဲ့ ဆေးပါ။ ‘သွေးထဲက ကိုလက်စထရောတွေက အသည်းကနေ သဘာဝထုတ်လို့ ရောက်လာသလို နေ့စဉ်စားနေကျ အစားအစာတွေကနေလည်း ရောက်လာပါတယ်။
သူတို့သောက်တဲ့ Statin ဆိုတဲ့ အဆီကျဆေးက အသည်းက ထုတ်တဲ့ အဆီတွေကို နည်းစေတာပါ။ ဒီတော့ သွေးထဲမှာပါ နည်းပြီး သွေးကြောတွေမှာ အဆီမစုတော့ပါဘူး။ ဒီဆေးက အသည်းက ထုတ်တဲ့ ကိုလက်စထရောကိုပဲ ကျစေပြီး အပြင်က အစားအစာကြောင့်ဖြစ်လာတဲ့ ကိုလက်စထရောကို မကျစေပါဘူး။
ဒါကြောင့် ဆေးအားကိုးနဲ့ အဆီအဆိမ့်တွေ အလွန်အကျွံမစားသင့်ပါဘူး။ အများစုက အသိမှားပြီး ဆေးသောက်နေတာပဲ။ စားလို့ရတယ်ဆိုပြီး စားကြတဲ့အခါ ကိုလက်စထရောက မကျတဲ့အပြင် ပိုတောင်တက်လာပါတော့တယ်။
- ‘နှလုံးရောဂါမဖြစ်အောင် အားဆေးတွေ သောက်လို့ရတယ်။’
နှလုံးရောဂါနဲ့ ပတ်သက်ပြီး ဒါကလည်း မှားနေကြတဲ့ အချက်တစ်ခုပါပဲ။ နှလုံးရောဂါ ကာကွယ်ဆေး ဆိုပြီး မရှိပါဘူး။ ဓာတ်တိုးဆန့်ကျင်သတ္တိရှိတဲ့ ဗီတာမင် အီး၊ စီနဲ့ beta carotene တွေက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တယ်ဆိုပေမယ့် ဒါတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ လေ့လာချက်တွေ မရှိသေးပါဘူး။
အထူးသဖြင့် နှလုံးရောဂါမဖြစ်အောင် ဒီဗီတာမင်တွေသောက်မယ်။ ပြီးရင် စားချင်တာစား၊ နေချင်သလိုနေမယ်ဆိုရင် နှလုံးရောဂါ ဖြစ်လာမှာပါပဲ။ နောက်တစ်ချက်က အားဆေးတွေက ရတဲ့ ဗီတာမင်ထက်စာရင် အစားအသောက်တွေက ရတဲ့ သဘာဝဗီတာမင်တွေက ပိုပြီးကောင်းပါတယ်။
ဒါကြောင့် နှလုံးရောဂါကာကွယ်ချင်တယ်ဆို ဗီတာမင်ကြွယ်ဝတဲ့ အစားတွေ များများစား၊ အဆီအစိမ့်နဲ့ အငန်တွေ လျှော့၊ လှုပ်လှုပ်ရှားရှားနေကြပါ။ ‘ဒီဆေးလုံးလေး သောက်လိုက်တာ နှလုံးရောဂါမဖြစ်ဘူးတဲ့’ ဆိုတာကတော့ ခုထိ မရှိသေးပါဘူး။
- ‘ဆေးလိပ်သောက်လာတာပဲ ကြာလှပြီ။ ခုမှဖြတ်လို့လည်း မထူးတော့ပါဘူး။’
ဒါကတော့ ‘ခင်ဗျားမှာ နှလုံးသွေးကြောကျဉ်းရောဂါရှိတယ်။ ဆေးလိပ်ဖြတ်နော်’ လို့ ပြောလိုက်တဲ့အခါ လူနာတွေပြန်ပြောတတ်တာပါ။ ဆေးလိပ်ဖြတ်လိုက်ပြီဆိုတာနဲ့ မိနစ်ပိုင်းအတွင်းမှာကို သူ့ရဲ့ ကောင်းကျိုးတွေက စပြီး ခံစားရပါပြီ။
ဘယ်လောက်ပဲ ချိုးကပ်အောင် နှစ်ချီသောက်ခဲ့သောက်ခဲ့ ဆေးလိပ်ဖြတ်ဖို့ နောက်ကျနေပြီဆိုတာ မရှိပါဘူး။
ဆေးလိပ်ကို တစ်နှစ်လောက်ပဲ ဖြတ်လိုက်ရင်တောင် နောက်၁၀နှစ်အတွင် နှလုံးရောဂါဖြစ်နိုင်ခြေက ၅၀%လောက်ထိ ကျသွားပါတယ်။ ဒါက ဆေးလိပ်မသောက်တဲ့သူနဲ့ အတူတူနီးပါး ဖြစ်နေပါပြီ။
(ဒီလိုဆိုလို့ ဆေးလိပ်သောက်မယ်၊ နောက်မှ ဖြတ်ကြတာပေါ့။ မသောက်တဲ့သူတွေကတောင် လူဖြစ်ရှုံးသေးလို့ မတွေးလိက်ပါနဲ့။ ဆေးလိပ်က ကိုယ်တွင်းအင်္ဂါတွေအားလုံးကို ထိခိုက်စေပြီး ကင်ဆာလည်း ဖြစ်စေနိုင်တာကြောင့် မသောက်တတ်ရင် အစမလုပ်ဖို့ အကြံပေးချင်ပါတယ်။)
- ‘နှလုံးရောဂါရှိနေရင် အဆီလုံးဝမစားရဘူး’
ဒါကအစွန်းရောက်နေတဲ့ အသိမှားတစ်ခုပါ။ နှလုံးရောဂါရှိရင် အဆီရှောင်ရတာ မှန်ပါတယ်။ ဒါတွေက ပြည့်ဝဆီတွေ၊ အသွင်ပြောင်းဆီတွေပါ။ တစ်နည်းအားဖြင့် တိရစ္ဆာန်ကရတဲ့ အဆီတွေပါ။
ဒါပေမယ့် မပြည့်ဝဆီတွေကို စားပေးလို့ရပါတယ်။ ဟင်းရွက်ဆီတွေ၊ ငါးကြီးဆီတွေဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေကိုတောင် လျှော့ချပေးပါသေးတယ်။
ဒါ့ပြင် အဆီလျှော့ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ အသားဆိုရင်လည်း အဆီမပါအသားတွေကို စားပေးနိုင်ပါတယ်။ ဒါမှ အာဟာရမျှတမှာပါ။
Takeaway
[embed-health-tool-heart-rate]