နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းသည် နှလုံးကသွေးကောင်းစွာမညှစ်နိုင်ခြင်း သို့မဟုတ် သွေးလုံလောက်စွာမရခြင်း ဖြစ်သည့်အခါ ခန္ဓါကိုယ်အနှံ့ကိုသွေးလုံလောက်စွာပို့ရန် နှလုံးမှအလုပ်ပိုလုပ်ရသောကြောင့် ဖြစ်လာသောအခြေအနေရောဂါ တစ်ရပ်ဖြစ်သည်။
ထိုနေရာတွင် နှလုံးသည် လုံးဝအလုပ်မလုပ်နိုင်တော့ဘဲရပ်သွားခြင်းမျိုးမဟုတ်ပါ။ နှလုံး၏လုပ်ဆောင်ရည်ကျဆင်းခြင်းကို အပျော့ဆုံးအဆင့်မှ အသက်အန္တရာယ်ရှိနိုင်သည့် အဆိုးရွားဆိုးအဆင့်အထိပုံစံအမျိုးမျိုးခွဲခြားထားသည်။ ထိုရောဂါသည် ပြင်းထန်သော်လည်းထိရောက်သောကုသမှုမျိုးအမြဲမပြတ်ခံယူလျှင် သင်သည် ကောင်းမွန်စွာနေထိုင်သွားနိုင်လိမ့်မည်။
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းရဲ့ လက္ခဏာတွေကဘာလဲ။
ပထမတွင် မသိသာသော်လည်း ကြာလာသည်နှင့်အမျှ နှလုံးကညှစ်အားကျလာကာသင်ပိုခံစားရပေလိမ့်မည်။
• နားနေစဉ်တွင်ပင် နှလုံးခုန်မြန်နေခြင်း
• မောပန်းခြင်း၊ အားအင်ချိနဲ့ခြင်း၊ ခေါင်းမူးခြင်း
• အသက်ရှုရခက်ခဲခြင်းနှင့် အရင်လိုမလှုပ်ရှားနိုင်တော့ခြင်း၊ ခေါင်းအုံးများဆင့်အိပ်မှသက်တောင့်သက်သာရှိခြင်း
• ခြေထောက်၊ခြေချင်းဝတ်နှင့် ခြေဖဝါးများ၊ ဝမ်းဗိုက်ပိုင်းတို့တွင် ဖောရောင်လာခြင်းစသည့်လက္ခဏာများခံစားရပါသည်။
နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းကိုစစ်ဆေးနိုင်ပါသလား။
သင့်တွင် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်း၏လက္ခဏာများရှိပါကသင့်ဆရာဝန်က အောက်ပါစစ်ဆေးမှုများထဲမှလိုအပ်သည်တို့ကိုပြုလုပ်ပေးလိမ့်မည်။
• အီးစီဂျီ (ECG)
• အသံလှိုင်းဖြင့်ရိုက်သောနှလုံးအက်ကိုးဓါတ်မှန် (Echo)
• နှလုံးအမောခံနိုင်အားကိုလေ့ကျင့်ခန်းလုပ်ပြီးစစ်ဆေးခြင်း (Stress test)
• ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း
• သွေးစစ်ခြင်း
• နှလုံးသွေးကြောဓါတ်မှန်ရိုက်ခြင်းနှင့် နှလုံးသွေးကြောထဲသို့ပြွန်ချောင်းထည့်ခြင်း
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်း၏နောက်ဆက်တွဲဆိုးကျိုးတွေကဘာလဲ။
နှလုံးစွမ်းဆောင်ရည်ကျဆင်းခြင်းကိုမကုသဘဲထားလျှင် ပိုဆိုးလာပြီးအသက်အန္တရာယ်ရှိပါသည်။ ထိုသို့ကုသရခြင်း၏ရည်ရွယ်ချက်မှာရောဂါကြောင့်ခံစားရသော ဝေဒနာများ သက်သာလာစေရန်နှင့် ပိုမဆိုးစေရန်ဖြစ်သည်။
ဖြစ်လေ့ရှိသောနောက်ဆက်တွဲဆိုးကျိုးများမှာ
• နှလုံးခုန်မမှန်ခြင်း
• ကျောက်ကပ်ရောဂါဖြစ်ခြင်း
• အသည်းရောဂါဖြစ်ခြင်းတို့ဖြစ်သည်။
သင်ကိုယ်တိုင်အားဖြင့် ဘယ်လိုနည်းတွေနဲ့ကာကွယ်နိုင်သလဲ။
အောက်ပါအချက်များသည် သင့်အတွက်ရောဂါသက်သာစေနိုင်ရန် အသုံးဝင်သောနည်းလမ်းများဖြစ်သည်။
• သင် နေကောင်းသွားသည့်တိုင် ဆေးပတ်ပြည့်အောင် မှန်မှန်ကန်ကန် သောက်ဖို့လိုသည်။
• သင့်ရောဂါလက္ခဏာများကိုဂရုထားစောင့်ကြည့်ပါ။
• ရုတ်တရက် ကိုယ်အလေးချိန်တက်လာပါက ဆရာဝန်၊ သူနာပြုနှင့်ပြပါ။
• ဆားကိုလုံးဝမစားပါနှင့်။
• အဝလွန်နေလျှင် ကိုယ်အလေးချိန်လျှော့ပါ။
• ဆေးလိပ်ဖြတ်ပါ။
• အရက်ကိုအတိုင်းအတာတခုထက်ပို၍မသောက်ရ။
• တက်ကြွစွာနေထိုင်ပါ။
• မည်သည့်ဆေး၊ ဖြည့်စွက်စာကိုမဆို ဆရာဝန်နှင့်တိုင်ပင်ပြီးမှစားပါ။
အချုပ်ဆိုရသော် နှလုံးစွမ်းဆောင်ရည် ကျဆင်းခြင်းသည် တွေ့ရများသောရောဂါဖြစ်ပြီးအမြစ်မပြတ်သော်လည်းထိရောက်သောကုသမှုမျိုးခံယူလျှင် ရောဂါကိုမဆိုးလာစေသောကြောင့် တသက်လုံးပျော်ရွှင်စွာနေထိုင်သွားနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
[embed-health-tool-heart-rate]