backup og meta

နှလုံးအမြှေးပါး ရေဝင်ခြင်း (Pericardial effusion) ဆိုတာ

နှလုံးအမြှေးပါး ရေဝင်ခြင်း (Pericardial effusion) ဆိုတာ
နှလုံးအမြှေးပါး ရေဝင်ခြင်း (Pericardial effusion) ဆိုတာ

အဆုတ်ထဲရေဝင်တယ်တို့၊ အဆုတ်ရေဝိုင်းတယ်တို့ဆိုတာ ကြားဖူးကြမှာပါ။ ဒီလိုပဲ နှလုံးမှာလည်း ရေဝင်တတ်ပါတယ်။ အတိအကျပြောရရင်တော့ နှလုံးအမြှေးပါးမှာ ရေဝင်တာပေါ့။

ခန္ဓာကိုယ်ရဲ့ အရေးကြီး အင်္ဂါအစိတ်အပိုင်းတွေမှာ အပေါ်ကနေ အမြှေးပါးလေးနဲ့ အုပ်ထားတတ်ပါတယ်။ ဥပမာ နှလုံးတို့ အဆုတ်တို့ပေါ့။ ရောဂါတစ်ခုခု ဖြစ်တဲ့အခါ ဒီအမြှေးပါးနဲ့ ကိုယ်တွင်းအင်္ဂါတွေကြားမှာ ရေဝင်လာတတ်ပါတယ်။ ခုနှလုံးမှာဆို နှလုံးရေဝင်တယ်လို့ ခေါ်တာပေါ့။ နှလုံးအတွင်းထဲကို ရေဝင်တာမျိုး မဟုတ်ဘဲ နှလုံးနဲ့ အမြှေးပါး ကြားထဲမှာ ရေဝင်နေတာပါ။

နှလုံးအမြှေးပါး ရေဝင်ရင် ဘာတွေ ခံစားရမှာလဲ။

လက္ခဏာက ရေဘယ်လောက်ဝင်လဲပေါ် မူတည်ပါတယ်။ ရေနည်းရင် တချို့မှာ လက္ခဏာတောင် မပြတတ်ပါဘူး။ ရေများလာရင်တော့

  • မောတာ၊ အသက်ရှူကြပ်တာ
  • လှဲလိုက်ရင် ပိုမောတာ
  • ရင်ဘတ်အောင့်တာ (များသောအားဖြင့် နှလုံးရှိတဲ့ ဘယ်ဘက်ခြမ်းက ပိုအောင့်ပါတယ်။)
  • ရင်ဘတ်ထဲမှာ တင်းကြပ်ကြပ်ဖြစ်နေတာ
  • ဝမ်းဗိုက်နဲ့ ခြေထောက်တွေ ဖောရာင်တာ စတာတွေ ဖြစ်တတ်ပါတယ်။

ဒါတွေက လက္ခဏာ သက်သက်သာ ဖြစ်ပြီး နှလုံးအမြှေးပါး ရေဝင်မဝင်ကိုတော့ နှလုံးအက်ကိုးတို့ အီးစီဂျီတို့ ဓာတ်မှန်တို့ရိုက်မှပဲ အတိအကျ သိရမှာပါ။

ဒီရေတွေ ဘယ်က ဝင်တာလဲ။

အုန်းသီးထဲ ဘယ်သူက ရေလာထည့်သလဲဆိုသလိုပေါ့။ နှလုံးအမြှေးပါးထဲကိုရော ဘယ်သူက ရေလာထည့်သွားတာပါလိမ့်။

နှလုံးအမြှေးပါးထဲကို ရေဝင်စေတဲ့ အကြောင်းရင်းကတော့ နှလုံးအမြှေးပါး ရောင်ရမ်းလို့ပါပဲ။ ဘာနဲ့ တူသလဲဆိုတော့ အပြင်မှာ သာမန်ပြည်တည်နာဖြစ်ရင် သားနံရည်တွေ ထွက်သလိုပဲ နှလုံးအမြှေးပါးရောင်ရမ်းရင်လည်း ထွက်တတ်ပါတယ်။

ထွက်တဲ့အရည်က ရိုးရိုး အရည်ကြည်လည်း ဖြစ်နိုင်သလို ပြည်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတလေ နှလုံးကို ထိခိုက်ဒဏ်ရာရတာကြောင့် သွေးထွက်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒီထဲမှာ အဖြစ်အများဆုံးကတော့ နှလုံးအမြှေးပါးရောင်ရမ်းတာပေါ့။ ဘာတွေကြောင့် ရောင်သလဲဆိုရင်

  • နှလုံးခွဲစိတ်ပြီး ဒါမှမဟုတ် heart attackရပြီး ရောင်ရမ်းတာ
  • အရေပြားလေးဖက်နာ၊ အဆစ်အမြစ်ရောင် လေးဖက်နာ စတဲ့ ခုခံအား ရောဂါတွေကြောင့် ရောင်ရမ်းတာ
  • တခြားနေရာက ကင်ဆာတွေ နှလုံးအမြှေးပါးကို ပျံ့လာတာ
  • နှလုံးအမြှေးပါးကိုယ်တိုင်က ကင်ဆာဖြစ်တာ
  • ကင်ဆာဆေးသွင်းတာ၊ ရောင်ခြည်ပြတာတွေကြောင့် ရောင်ရမ်းတာ
  • ကျောက်ကပ်ပျက်လို့ ကျောက်ကပ်ဆိပ်တွေ ပျံ့လာတာ
  • သိုင်းရွိုက်ဟော်မုန်း နည်းတာ
  • ဗိုင်းရပ်စ်၊ ဘက်တီးရီးယား (အထူးသဖြင့် တီဘီ)၊ ကပ်ပါးပိုးတွေ နှလုံးအမြှေးပါးကို ရောက်လို့ ရောင်ရမ်းတာ
  • တချို့သော ဆေးဝါးတွေကြောင့် ရောင်ရမ်းတာ စတာတွေပဲ ဖြစ်ပါတယ်။

ချက်ချင်းကုသရမှာလား။

ဒါကတော့ လူနာနဲ့ အခြေအနေနဲ့ ဝင်တဲ့ ရေပမာဏအပေါ် မူတည်ပါတယ်။ ပုံမှန်လည်း နှလုံးနဲ့ နှလုံးအမြှေးပါးကြားမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရအောင် အရည်အနည်းငယ်တော့ ရှိပြီးသားပါ။

ရောဂါတစ်ခုခုကြောင့် ရေဝင်ပြီဆိုရင် ၁၀၀ မီလီလီတာ (ရေသန့်ဘူးရဲ့ ဆယ်ပုံ တစ်ပုံ)ကနေ ၂လီတာထိ ဝင်နိုင်ပါတယ်။ ရေတွေ သိပ်များလာပြီဆို နှလုံးကို ပြန်ဖိပါတယ်။ အဖိခံရတဲ့ နှလုံးက သွေးကောင်းကောင်း မညှစ်နိုင်ဘူးဆိုရင် မကြာခင် တစ်ကိုယ်လုံးမှာ ရှော့ဝင်လာမှာပါ။ ဒီအခြေအနေကို pericardial tamponadeလို့ ခေါ်ပါတယ်။ အချိန်မီ မကုသနိုင်ရင် အသက်အန္တရာယ် ရှိပါတယ်။

ဒါကြောင့် အထက်ပါ လက္ခဏာတွေကို ခံစားရနေပြီဆိုရင် ဒါမှမဟုတ် ရုတ်တရက် ဖြစ်လာတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ခံယူသင့်ပါတယ်။ လက္ခဏာတွေက သိသိသာသာ ခွဲခြားဖို့ ခက်တာကြောင့် အသေးစိတ် စစ်ဆေးဖို့ လိုပါမယ်။

ကုသနည်းတွေက အရောင်ကျအောင် ဆေးတွေပေးတာ၊ အရည်တွေ စုပ်ထုတ်တာ၊ ခွဲစိတ်မှုတွေ လုပ်တာ စသဖြင့် လူနာလိုအပ်ချက်နဲ့ ရောဂါအခြေအနေအပေါ် မူတည်ပြီး ကုသလို့ရပါတယ်။ လက္ခဏာတွေ ခံစားရရင်သာ ဆရာဝန်နဲ့ တိုင်ပင်ဖို့ မမေ့ပါနဲ့။

[embed-health-tool-heart-rate]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://medlineplus.gov/pericardialdisorders.html

 

 

ယခုပုံစံ

07/07/2022

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သင်လုံးဝထင်မထားတဲ့ နှလုံးသွေးကြောပိတ် လက္ခဏာများ

နှလုံးကြွက်သားရောင်ရမ်းတဲ့အခါ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement