backup og meta

Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်

Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) ကဘာလဲ။

အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းသည် အိပ်စက်ခြင်းဆိုင်ရာ ပြင်းထန်သည့်ရောဂါတစ်မျိုး ဖြစ်ပြီး အိပ်ပျော်နေစဉ် အသက်ရှုခဏခဏ ရပ်သွားခြင်းဖြစ်ပါသည်။ ရလဒ်အနေဖြင့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းရှိသူ၏ အင်္ဂါများ အထူးသဖြင့် ဦးနှောက်တွင် လုံလောက်သော အောက်စီဂျင် မရရှိတော့ပဲ အိပ်စက်မှုအရည်အသွေးလည်း ကျဆင်းစေပါသည်။ ထို့ကြောင့် နေ့အချိန်တွင် ငိုက်မျဉ်းခြင်းများ ဖြစ်စေပါသည်။

အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း အဓိကနှစ်မျိုး ရှိပါသည်။

  • လေပြွန်ပိတ်သောကြောင့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း – လေပြွန်တွသ် ပိတ်သွားခြင်းကြောင့်ဖြစ်ရသည့် အတွေ့ရများသောပုံစံဖြစ်သည်။
  • ဗဟိုအာရုံကြောဆိုင်ရာ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းကတော့ ဦးနှောက်မှ အသက်ရှုထိန်းချုပ်စင်တာ မတည်ငြိမ်ခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် အသက်ရှုမည့် ကြွက်သားများကို ဦးနှောက်မှ မလှုံ့စော်နိုင်တော့ခြင်း ဖြစ်လာပါသည်။

Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အမျိုးသမီးတစ်ယောက်တွင် အမျိုးသား ၂-၃ ယောက်နှုန်း ဖြစ်ပါသည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ သို့သော် သတ်လတ်ပိုင်းများတွင် အဖြစ်များ၏။ ရောဂါဖြစ်ပွားနိုင်သော အချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ၏ အဖြစ်အများဆုံးရောဂါလက္ခဏာများမှာ

  • ကျယ်လောင်စွာဟောက်ခြင်း
  • အသက်ရှုရပ်ရပ်သွားခြင်းကို ဘေးလူမှ သတိထားမိခြင်း
  • အသက်ရှုမဝသောကြောင့် ခဏခဏ နိုးလာခြင်း
  • အာခြောက်ခြင်း သို့မဟုတ် လည်ချောင်းနာခြင်းကြောင့် နိုးလာခြင်း
  • မနက်ခင်းတွင် ခေါင်းကိုက်ခြင်း
  • အိပ်ပျော်စေရန် ခက်ခဲခြင်း (ညအိပ်မပျော်ခြင်း)
  • နေ့အချိန်တွင် အလွန်အိပ်ငိုက်ခြင်း (hypersomnia)
  • အာရုံစိုက်မရသည့် ပြဿနာဖြစ်ခြင်း
  • ဂဏာမငြိမ်ဖြစ်ခြင်း

အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

  • သင်ကိုရော တခြားသူများ၏ အိပ်စက်ခြင်းကိုပါ အနှောက်အယှက်ဖြစ်လောက်အောင် ကျယ်ကျယ်ဟောက်ခြင်း
  • အသက်ရှုမဝခြင်း၊ ရှိုက်ပြီးလေရှုရခြင်း သို့မဟုတ် အိပ်ပျော်ရာမှ နိုးလာရအောင် သီးခြင်း
  • အိပ်နေစဉ် ခဏခဏ အသက်ရှုရပ်သွားခြင်း
  • နေ့အချိန်တွင် အလွန်အိပ်ငိုက်ခြင်း
  • မောပန်းလွယ်ခြင်း၊ အိပ်ငိုက်ခြင်းနှင့် ဂဏာမငြိမ်ဖြစ်ခြင်း

အကြောင်းရင်းများ

Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) ကိုဘာတွေကဖြစ်စေသလဲ

လေပြွန်ပိတ်ခြင်းနှင့် ဗဟိုအာရုံကြောဆိုင်ရာ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းတို့သည် အကြောင်းရင်းကွာခြား၏။

  • လေပြွန်ပိတ်သည့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းသည် လည်းချောင်းနောက်မှ ကြွက်သားများ ပြေလျော့လွန်းသွားပြီး လေပြွန်များကို ကျဉ်းသွားစေခါ အသက်ရှုလျှင် ပိတ်သွားစေခြင်းကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ထို့ကြောင့် လူနာတွင် အောက်စီဂျင်ရရှိမှု နည်းသွားစေ၏။ အသက်မရှုနိုင်ကြောင်း အာရုံခံမိသည့်အခါ ဦးနှောက်သည် လူနာကိုအိပ်နေရင်းမှထစေပြီး လေပြွန်ပြန်ဖွင့်ရန် လုပ်ရ၏။ ထိုအချိန်သည် ခဏလေးသာဖြစ်သောကြောင့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းရှိသူအများစုမှ မမှတ်မိတတ်ကြပါ။
  • ဗဟိုအာရုံကြောဆိုင်ရာ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းတွင် လူနာ၏ဦးနှောက်သည့် အသက်ရှုလုပ်ငန်းလုပ်သည့် ကြွက်သားများဆီ လှုံ့စော်မှုများ မပို့နိုင်ခြင်းကြောင့် ဖြစ်ရခြင်းပင်။ ထိုအခါ ကြွက်သားများမှ အချိန်တစ်ခဏမျှ အသက်ရှုရပ်သွားစေ၏။ လူနာသည် အသက်ရှုမဝခြင်း သို့မဟုတ် အိပ်ပျော်ရန်ခက်ခြင်း သို့မဟုတ် အိပ်မောကျလို့မရခြင်းတို့ကြောင့် နိုးထလာရပါသည်။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်

လေပြွန်ပိတ်သော အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း

  • အမျိုးသား
  • ကိုယ်အလေးချိန်များခြင်း
  • အသက် ၄၀ ကျော်ခြင်း
  • လည်ပင်းလုံးပတ်ကြီးခြင်း (အမျိုးသားများတွင် ၁၇ လက်မနှင့် အထက်၊ အမျိုးသမီးများတွင် ၁၆ လက်မနှင့် အထက်)
  • အာသီးကြီးခြင်း၊ လျှာကြီးခြင်း၊ သို့မဟုတ် မေရိုးသေးခြင်း
  • အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း မိသားစုရာဇဝင်ရှိခြင်း
  • အစာအိမ်မှအစာရေမျိုပြွန်သို့ အစာအက်ဆစ်များ ပြန်တက်ခြင်း သို့မဟုတ် GERD
  • အရက်သောက်ခြင်း၊ အိပ်ဆေး စိတ်ငြိမ်ဆေးများသုံးခြင်း
  • ဆေးလိပ်သောက်ခြင်း
  • နှာစေးခြင်း

ဗဟိုအာရုံကြောဆိုင်ရာ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း

  • သတ်လတ်ပိုင်း သို့မဟုတ် အသက်ကြီးခြင်း
  • နှလုံးရောဂါများရှိခြင်း
  • ဘိန်းပါသော အကိုက်အခဲပျောက်ဆေး ဥပမာ မက်သဒုန်းများ သုံးခြင်း
  • လေဖြတ်ခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) ကို ဘယ်လိုအတည်ပြုပါသလဲ

အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းကို သိရှိနိုင်သည့် စစ်ဆေးမှုများမှာ –

  • Nocturnal polysomography
  • အိပ်စက်မှုအား အိမ်မှာပင်စစ်ဆေးခြင်း – အိမ်နေစဉ် နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်စီဂျင်၊ လေရှုနှုန်းနှင့် အသက်ရှုပုံစံများအားတိုင်းခြင်း

Sleep Apnea (အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ) ကို ဘယ်လိုကုသပါသလဲ

လေပြွန်ပိတ်သော အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းအား ကုသရာတွင် အောက်ပါတို့ပါဝင်ပါသည်။

  • Continuous positive airway pressure (CPAP) အသက်ရှုစက် – လေရှုမျက်နှာဖုံးအား လူနာအိပ်စဉ် တပ်ပြီး အသက်ရှုစက်ဖြင့် လေသွင်းပေးခြင်းဖြစ်သည်။
  • Bilevel positive airway pressure (BiPAP) – CPAP ကဲ့သို့စက်ဖြစ်ပြီး ရှုသွင်းသည့်အခါ ဖိအားကိုများပေးကာ ရှုထုတ်သည့်အခါ ဖိအားကို လျော့ပေးပါသည်။
  • Expiratory positive airway pressure (EPAP): မအိပ်ခင် သုံးရသည့် တခါသုံးကိရိယာလေးဖြစ်ပြီး ရှုသွင်းသောလေကို လွတ်လွတ်လပ်လပ်ဝင်စေပြီး ပြန်ထုတ်သည့်အခါတွင် လေများသည့် ကိရိယာပါအစို့မှ အပေါက်လေးမှ ထွက်စေခြင်းဖြစ်သည်။
  • Oral appliances များဖြင့် ပါးစပ်ဟနေအောင် လုပ်နိုင်ပါသည်။ Oral appliances များသည် CPAP ထက် သုံးရပိုလွယ်ပါသည်။
  • ခွဲစိတ်ခြင်း – တခြားကုသမှုများ မတိုးတော့သည့်အခါ အောက်ပါတို့ကို လုပ်ဆောင်နိုင်ပါသည်။ တစ်ရှူးဖယ်ခြင်း – ခံတွင်းနောက်နှင့် အာခေါင်ထိပ်မှ တစ်ရှူးများအား ဖယ်ရှားပါမည်။ များသောအားဖြင့် အာသီးနှင့် ပါးသိများကို ဖယ်ရှားသည်ဖြစ်သည်။
  • မေးရိုးပြုပြင်ခြင်း
  • ထုံဆေးပေးပြီး အာခေါင်ပျော့တွင် ပလက်စတစ်အချောင်းများ ထည့်ခြင်း
  • လေလမ်းကြောင်းအသစ် ဖန်တီးပေးခြင်း (လေပြွန်ကိုဖောက်ကာ သတ္တု သို့မဟုတ် ပလက်စတစ်ပြွန်များ ထည့်ခြင်း)
  • အသားပိုများခွဲထုတ်ခြင်း သို့မဟုတ် ကောက်နေသည့်နှာအား ဖြောင့်အောင်ပြင်ခြင်း
  • ကိုယ်အလေးချိန်ကျစေမည့် ခွဲစိတ်မှုများ
  • ဗဟိုအာရုံကြောဆိုင်ရာ အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း
  • ဆက်နွယ်နေသည့် ရောဂါများအား ကုသခြင်း – အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်းကို ဖြစ်စေနိုင်သည့် နှလုံးနှင့် အာရုံကြောဆိုင်ရာ ရောဂါများ
  • အောက်စီဂျင်ပေးခြင်း – အိပ်နေစဉ် အောက်စီဂျင်ထောက်ပံ့ပေးခြင်း
  • Adaptive servo-ventilation (ASV): လေသွင်းပေးသည့် ကိရိယာကိုသုံးခြင်းဖြင့် လူနာ၏ အသက်ရှုပုံစံကို ပုံမှန်ဖြစ်စေကာ အသက်ရှုရပ်ခြင်းအား ကာကွယ်ပေးပါသည်။
  • Continuous positive airway pressure (CPAP).
  • Bilevel positive airway pressure (BiPAP).

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် အိပ်ပျော်စဉ် အသက်ရှုရပ်ခြင်း ကိုကုသတဲ့နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်နေသောနေရာများတွင် အကူအညီပေးနိုင်ပါသည်။

  • ဝိတ်ချခြင်း
  • လေ့ကျင့်ခန်းလုပ်ခြင်း
  • အရက်နှင့် စိတ်ငြိမ်ဆေး အိပ်ဆေးများကို ရှောင်ခြင်း
  • ပက်လက်အိပ်ခြင်းအစား ဘေးတစ်စောင်းအိပ်ခြင်း မှောက်အိပ်ခြင်း
  • ညအခါတွင် နှာခေါင်းပေါက်အား ပွင့်နေပါစေ
  • ဆေးလိပ်သောက်နေလျှင် ဖြတ်ပါ။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုလျှင် သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Sleep Apnea. http://www.webmd.com/sleep-disorders/sleep-apnea/sleep-apnea. Accessed July 8, 2016.
Sleep apnea. http://www.mayoclinic.org/diseases-conditions/sleep-apnea/basics/definition/con-20020286. Accessed July 8, 2016.

ယခုပုံစံ

13/09/2019

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိပ်မက်တွေကို မမှတ်မိတာ ဘာကြောင့်လဲ

ညနေဘက် အိပ်ရင် ဖျားတတ် သလား



Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement